Saturday, January 4, 2014

လောကတ္ထစရိယ


(၁)

“လောကတ္ထစရိယ” ဆိုတဲ့စကားလုံးလေးကို ဗုဒ္ဓဘာသာဝင်အများစု ကြားဖူးနားဝရှိကြပါတယ်။ စာရေးသူဟာ မြန်မာ နိုင်ငံမှာ ပရဟိတအလုပ် လုပ်နေသူများကိုတွေ့ဖူးမြင်ဖူးကြားဖူးနေပေမယ့် “လောကတ္ထစရိယ”ဆိုတဲ့ စကားလုံးနဲ့တွဲ ပြီး မမြင်မိဖူးပါဘူး။ အဲဒီလိုမမြင်မိတာဟာ စာရေးသူကိုယ်တိုင် အတွေ့အကြုံနည်းလို့ ဒါမှမဟုတ် စာရေးသူကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်က ကျဉ်းလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ 

သီရိလင်္ကာနိုင်ငံရောက်ပြီးနောက်မှာတော့ စာရေးသူနေတဲ့ ဆင်ဟာလဘုန်းကြီးကျောင်းမှာ အပတ်စဉ် စနေ တနင်္ဂနွေ နေ့များမှာ ကလေးသူငယ်များကို ဘုန်းတော်ကြီးများဦးစီးဦးဆောင်ကာ ပညာသင်ကြားပေးနေတာများကို တွေ့ရတဲ့ အခါမှသာ “လောကတ္ထ စရိယ”ဆိုတဲ့ စကားလုံးလေးကို ပရဟိတသမားများနဲ့ တွဲပြီးမြင်မိခဲ့တာ ဖြစ်ပါတယ်။

(၂)

သီရိလင်္ကာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာ (၅)နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။ တတိယသင်္ဂါယနာ တင်ပြီးနောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓသာသနာ လူသိထင်ရှားရောက်လာခဲ့ပြီး သာသနာဟာလည်း နေလိုလလိုထွန်းကားခဲ့ပါတယ်။ ဆရာဒကာ လက်တွဲညီခဲ့တဲ့ သီရိလင်္ကာနိုင်ငံဟာ သူ့ကျွန်အောက်မှာ နှစ်ပေါင်း ၃၀၀ လောက် နေခဲ့ရပေမဲ့ ဘုန်းတော်ကြီးများရဲ့ ဘာသာရေးကို ပညာရေးနဲ့ထိန်းကွပ်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းမှုအောက်မှာ ဗုဒ္ဓဘာသာဟာ ယနေ့အချိန်အထိ ထွန်း လင်းတောက်ပနေဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုအခြေပြုတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများဟာလည်း အားကောင်းနေဆဲဖြစ်ပါ တယ်။

သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းလင်းတောက်ပနေမှုအကြောင်းကို ပြောတဲ့အခါဘုန်းတော်ကြီးကျောင်းပညာရေး အကြောင်း ကိုထည့်ပြောမှပြည့်စုံမယ်လို့ ယူဆမိပါတယ်။ တကယ်တော့ သီရိလင်္ကာနိုင်ငံကခေတ်ဦး ဘုန်းတော်ကြီးများဟာ မြန်မာနိုင်ငံက ဘုန်းတော်ကြီးများလိုပဲ ဘုန်းတော်ကြီးကျောင်းပညာရေးများနဲ့ နိုင်ငံသူနိုင်ငံသားများကို မျက်စိဖွင့်ပေးခဲ့သူများ ဖြစ်ကြပါ တယ်။ လောကဓာတ်ကျောင်းများပေါ်ထွက်မလာခင်က ဘုန်းတော်ကြီးကျောင်းက ပညာရပ်များကို သင်ကြား တတ်မြောက်ပြီး သူများဟာ လှုမှုနယ်ပယ်မှာ ကောင်းစွာရပ်တည်နိုင်စွမ်း ရှိပါတယ်။ လောကဓာတ်ကျောင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း မှာတော့ ဘုန်းတော်ကြီးကျောင်းက သင်ပေးလိုက်တဲ့ပညာရပ်များဟာ သူတို့ဘ၀ရဲ့အာမခံချက်ကို အပြည့်အ၀မပေးနိုင်တော့ ပါဘူး။

ဒီတော့ သူတို့ဟာ ဘုန်းတော်ကြီးကျောင်းများကို ကျောခိုင်းပြီး သူတို့ဘ၀ရဲ့ထောက်တည်ရာ ပညာကိုပေးစွမ်းနိုင် တဲ့ လောက ဓာတ်ကျောင်းများကိုသာ သွားကြပါတော့တယ်။ ဒါကလည်းအပြစ်တော့ မဆိုသာပါဘူး။ ဒီလိုနဲ့ နိုင်ငံ ရဲ့ ခေတ် ဦးကာလမှသည် နယ်ချဲ့လက်အောက်ကျရောက်တဲ့အချိန်အထိ တစ်ကြောင်းတည်းသွားခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်း ပညာရေး ဟာ လောက ဓာတ်ကျောင်းများပေါ်ထွက်လာချိန်မှာတော့ တဖြည်းဖြည်းနဲ့ ယိမ်းယိုင်ပြိုကျလာခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို အခြေအနေ ကို ခေတ်ကိုမျက်ခြေအပျက်မခံတဲ့ ဘုန်းတော်ကြီးများက သတိပြုမိ လာကြပါတယ်။

ခေတ်ကိုမျက်ခြေအပျက်မခံတဲ့ ဘုန်းတော်ကြီးမျာထဲမှာ အထင်ရှားဆုံးရဟန်းတော်ကတော့ “ဒေါက်တာ ၀ါပိုလ်ရာ ဟုလာ” အရှင်သူမြတ်ပဲ ဖြစ်ပါတယ်။ အရှင်မြတ်ဟာ သာမဏေဘ၀ကအစပြုပြီး ရဟန်းဖြစ်တဲ့အထိ ခေတ်အလိုက် ကျင်းပတဲ့ စာမေးပွဲ အဆင့်ဆင့်ကိုအောင်ပြီး စာချဘုန်းကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။ စာချဘုန်းကြီးဖြစ်ပြီး စာပေကို အပတ်တ ကုတ်ပို့ချဖို့လုပ်ပေ မယ့် ဘုန်းတော်ကြီးကျောင်းများမှာစာပေသင်ယူ မယ့် ကျောင်းသားကိုရင် မရှိလောက် အောင် ကို ဖြစ်နေ ခဲ့ပါတယ်။ တကယ်တော့ မိဘတိုင်းဟာ သူတို့ရဲ့သားသမီးများကို ဘ၀ရဲ့အာမခံချက် များ ပေးနိုင်တဲ့ ပညာများကို သင်ကြားပေးနိုင်တဲ့နေ ရာကိုသာ ပို့ချင်ကြတာဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဘုန်းတော်ကြီး ပညာရေး ကျောင်းများကို ယှဉ်ပြိုင်လာတဲ့ လောက ဓာတ်ကျောင်းများကို အပြစ်ပြောနေရုံ ဒါမှမဟုတ် လောကီပညာရေး ကျောင်းများကိုသာ သားသမီး များကိုပို့တဲ့မိဘများကို အပြစ်ပြောနေရုံနဲ့ ကလေးငယ်များဟာ ကျောင်းသား ကိုရင် အဖြစ်နဲ့ ဘုန်းတော်ကြီးကျောင်း များကို ရောက်လာမှာမဟုတ်ဘူး ဆိုတာကိုလည်း အရှင်မြတ်က သတိပြုမိသွားပါ တယ်။ 

အရှင်မြတ်ဟာ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး ဘုန်းတော်ကြီးအနေနဲ့ ခေတ်ပညာများကို သင်တင့်တယ်လို့ ကောက်ချက် ချကာ ရဟန်း ၃ ၀ါအရမှာ အင်္ဂလိပ်စာနဲ့တကွ ၁၀ တန်းပြဋ္ဌာန်းစာများကို ကျောင်းဆရာငှားကာ သင်ယူခဲ့ပါတယ်။ ဆရာတော် ဟာ ဆယ်တန်းအောင်ပြီးနောက် လန်ဒန်တက္ကသိုလ်ရဲ့လက်အောက်ခံဖြစ်တဲ့ သီဟိုဠ်ယူနီဗာစတီ ကောလိပ်မှာတက်ရောက်ကာ ပညာသင်ယူခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပထမဆုံးလောကီပညာရေးကိုသင်ယူပြီး တက္ကသိုလ်တက်ရောက်တဲ့ဘုန်းတော်ကြီး အဖြစ် ဟိုးလေးတကျော်ဖြစ်ကာ ဝေဖန်ပုတ်ခတ်မှုများကိုလည်း အလူးအလဲခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ရဲ့ အမြော်အမြင်ကြီးမားမှု၊ သည်းခံမှု၊ ဇွဲလုံ့လရှိမှုများ ကြောင့် ဒီနေ့ခေတ်မှာ သီရိလင်္ကာနိုင်ငံရဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေး ဟာ အလဲထိုးမခံရဘဲ လောကီပညာရေးကျောင်းများနဲ့ ယှဉ်ကာ ရှေ့ သို့ချီတက်နေတယ်ဆိုရင် မမှားပါဘူး။

( ၃ )

ဒီလိုမျိုးခေတ်ပညာသင်ကျောင်းများနဲ့ တန်းတူယုဉ်ပြိုင်သွားလာနေတဲ့ သီရီလင်္ကာနိုင်ငံဘုန်းတော်ကြီးသင်ပညာရေးများ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ယခုလက်ရှိ သီရိလင်္ကာနိုင်ငံဘုန်းတော်ကြီးကျောင်းပညာရေး မှာအဆင့် ၃ဆင့်ရှိပါတယ်။ အဲဒီအဆင့်တွေကတော့-

(1)   မူလိက ပရိဝေဏ (Mulika Pirivenas)
(2)   မဟာ ပရိဝေဏ (Maha Pirivenas)
(3)   ပရိဝေဏ ၀ိဒ်ယ ယတန (Pirivena Vidyayathana) တို့ဖြစ်ပါတယ်။

အဆင့်သုံးဆင့်လုံးအတွက် ပြဋ္ဌာန်းကျမ်းစာများကတော-့

1.     ဆင်ဟာလ (Sinhala)
2.     သင်္ချာ (Mathematics )
3.     သိပ္ပံ (Science )
4.     အင်္ဂလိပ် (English)
5.     လှုမှုဗေဒ (Sociology)
6.     ဗုဒ္ဓဘာသာ (Buddhism)
7.     ပါဠိ (Pali)
8.     သက္ကတ (Sanskrit)တို့ဖြစ်ပါတယ်။

မူလိကပရိဝေဏမှာ အဆင့် (၅) ဆင့်ရှိပါတယ်။ အစိုးရကျောင်းအဆင့် (၇) ရောက်တဲ့ကျောင်းသားများလည်း မူလိကပရိ ဝေဏ အဆင့် (၁) မှာ တက်ရောက်နိုင်ပါတယ်။ ကျောင်းသူများကိုတော့ တက်ရောက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။ တစ်နည်းပြောရရင် ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့အဆင့် (၁) ဟာ အစိုးရကျောင်းပညာရေးရဲ့ အဆင့် (၇) နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက် အစဉ်အတိုင်း ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့ အဆင့် (၂)ဟာ အစိုးရကျောင်းအဆင့် (၈)၊ ဘုန်းတော် ကြီးကျောင်းပညာရေးရဲ့အဆင့် (၃) ဟာ အစိုးရကျောင်းပညာရေးရဲ့ အဆင့် (၉)၊ ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့ အဆင့် (၄) ဟာ အစိုးရကျောင်းပညာရေးရဲ့အဆင့် (၁၀)နဲ့  ဘုန်းတော်ကြီးကျောင်း ပညာရေးရဲ့နောက်ဆုံးအဆင့် (၅) ဟာ အစိုး ရကျောင်း ပညာရေးရဲ့ အဆင့် (၁၁) (Oridnary Level) နဲ့ အသီးသီးညီမျှတယ်လို့ သိရပါတယ်။

မူလိကပရိဝေဏပြီးသွားတဲ့ စာသင်သားရဟန်းသာမဏေများနဲ့ ကျောင်းသားများဟာ မဟာပရိဝေဏမှာရှိတဲ့ နောက်ထပ် အဆင့် (၃) ဆင့်ကိုထပ်ပြီးတော့ တက်ရောက်ကြရပါတယ်။ အဲဒီအဆင့်တွေကတော့

(1)   ပရချေန ပထမနှစ်(Pracheena Primary)
(2)   ပရချေန ဒုတိယနှစ် (Pracheena Medium)
(3)   ပရချေန နောက်ဆုံးနှစ် (Pracheena Final) တို့ဖြစ်ပါတယ်။

Pracheena Medium ပြီးသွားတဲ့ ရဟန်းသာမဏေကျောင်းသားများဟာ အစိုးရကျောင်းပညာရေးရဲ့ အထက်တန်း အဆင့်ဖြစ် တဲ့ Advence Level အဆင့် (၁၂) နဲ့ အဆင့် (၁၃) တို့ကို တက်ရောက်ပညာသင်ကြားနိုင်ပါတယ်။ Advence Level မှာ အမှတ်ကောင်းရင်ကောင်းသလို ကိုလံဘိုတက္ကသိုလ်၊ ပေရာဒနိယတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်နဲ့ ဇေယျဝဏ္ဍနပူရ တက္ကသိုလ်စတဲ့ အဆင့်မြင့်တက္ကသိုလ်များမှာလည်း တက်ရောက်ပညာသင်ကြားခွင့်ရနိုင်ပါ တယ်။ အမှတ်မကောင်းရင်တော့  နာမည်ကြီးတက္ကသိုလ်များကိုတက်ရောက်ခွင့်မရနိုင်ပါဘူး။

သီရိလင်္ကာနိုင်ငံရဲ့ပညာရေးမူအရ Pracheena Final ပြီးမှ “Royal Pandits”ဘွဲ့ကိုရယူနိုင်မှာဖြစ်ပါတယ်။ သီရိလင်္ကာ နိုင်ငံသား အများစုကတော့ ရဖို့ရာခက်ခဲတဲ့ Royal Panditsဘွဲ့ကိုသိပ်ပြီးတော့ မယူကြပါဘူး။ Royal Pandits ဘွဲ့မရ ပေမဲ့ Advence Level ပြီးအောင်တက်ရင် အလုပ်အကိုင်ရဖို့အတွက် မခက်ခဲတော့တာမို့ ပညာရေးကိုလိုက်စားတဲ့ သူအနည်းစုသာ Royal Pandits ဘွဲ့ကိုယူကြတယ်လို့ ဆိုပါတယ်။

Pirivena Vidyayathanaမှာတော့ မူလိကပရိဝေဏနဲ့ မဟာပရိဝေဏများပါမှာတဲ့ ပညာရေးမူများအားလုံးကို တစ်နေ ရာတည်း မှာ သင်ကြားခွင့်ရတဲ့တက္ကသိုလ်လို အ၀န်းအ၀ိုင်း တစ်ခုဖြစ်ပါတယ်။ PirivenaVidyayathanaမှာ တစ်ခုထူး လာတာက ရဟန်း သာမဏေ ကျောင်းသား ကျောင်းသူအားလုံး သင်ယူခွင့်ရရှိခြင်းပဲ ဖြစ်ပါတယ်။ Pirivena Vidyayathana မှာတက်ရောက် ပညာ သင်ကြားကြတဲ့ ရဟန်းသာမဏေများဟာ Painting, Computer programming, Techonologyစတဲ့ ၀ိဇ္ဇာဘာသာရပ်များကို သင်ကြားခွင့်ရကြပါတယ်။ အခြား Commerce, Science တို့လို သိပ္ပံဘာသာရပ်များကိုတော့ သင်ကြားခွင့်မရှိဘူးလို့ သိရပါ တယ်။

(၄)

ဘုန်းတော်ကြီးကျောင်းပညာရေးအပြင် သီရိလင်္ကာနိုင်ငံမှာဘုန်းတော်ကြီးကျောင်းပညာရေးနဲ့ လောကီပညာရေးတို့ကို တစ်ထောင့်တစ်နေရာက ထိန်းညှိပေးတဲ့နေရာဟာ ဘုန်းတော်ကြီး ကျောင်းများမှာအပတ်စဉ်တနင်္ဂနွေနေတိုင်း ကလေး သူငယ်များတက်ရောက်ပညာသင်ကြားရာ “Dhamma Sunday School” ခေါ် တနင်္ဂနွေကျောင်း ဖြစ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။ သီရိလင်္ကာနိုင်ငံကမိဘများဟာ လူလားမြောက်လာတဲ့ သူတို့ရဲ့သားသမီးများကို တနင်္ဂနွေကျောင်းကိုပို့ရလေ့ ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကလေးသူငယ်များ ဘုန်းတော်ကြီး ကျောင်းကိုမပို့မနေရလို့ ဥပဒေပြဋ္ဌာန်း မထားပေမယ့် သီရိလင်္ကာနိုင်ငံသားအများစုဟာ ဥပဒေပြဋ္ဌာန်းထား သလိုလိုက်နာကြပါတယ်။ 
 
သီရိလင်္ကာသားများကိုအဲဒီလိုဖြစ်အောင် လုပ်ထားတဲ့အရာကတော့ Dhamma Sunday School အောင်လက်မှတ်ပါပဲ။  အရွယ်ရောက်လာတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်အနေနဲ့ အလုပ်လျှောက်လွှာတင်တော့မယ်ဆိုရင် Dhammma Sunday School အောင်လက်မှတ်ဟာ မရှိမဖြစ်နီးပါး လိုအပ်လာပါတယ်။ အဲဒီအောင်လက်မှတ်ပါရင် အကျင့်စာရိတ္တကောင်းတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ ဒါကြောင့် ကျောင်းပြီးလို့အလုပ်ခွင်ထဲဝင်တော့မယ့် ကလေးတစ်ယောက်အတွက် အလုပ်ရဖို့ အထောက်အကူပြုတဲ့ Dhamma Sunday  School ကို မိဘတိုင်းလိုလို သူတို့ရဲ့သားသမီးများကိုပို့ကြတာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာDhamma Sunday School စခဲ့တာ နှစ်ပေါင်းတစ်ရာကျော်နေပြီ ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ အမေရိ ကန်နိုင်ငံသား ဗိုလ်မှူးကြီးဟင်နရီစတီးလ်အောလ်ကော့ထ် (Col. Henry Steele Olcott) ဟာ သီရိလင်္ကာ နိုင် ငံ ရောက်လာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း သီရိလင်္ကာနိုင်ငံဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာဝင်များ အကြား ယှဉ်ပြိုင်စကားနိုင်လုပွဲအကြောင်း သတင်းစာမှာဖတ်မိရာကနေ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကာ သီရိလင်္ကာနိုင်ငံ ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ 

သူရောက်လာပြီးသိပ်မကြာခင်မှာပဲဗုဒ္ဓဘာသာအဖြစ်ခံယူကာ (၁၈၈၆) ခုနှစ်မှာတော့ သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံး Dhamma Sunday School ကို Galle မြို့မှာရှိတဲ့ VijayanandaPirivena ကျောင်းမှာ စတင်ခဲ့ပါတယ်။ Dhamma Sunday School ကို စတင်ခဲ့တဲ့အချိန်က ပြဋ္ဌာန်းစာအုပ်သီးသန့်မရှိပေမယ့် ယနေ့အချိန်မှာတော့ Dhamma Sunday School ဟာ အတန်း (၁၂) တန်းအထိရှိပြီး ပြဋ္ဌာန်းစာအုပ်များလည်း သီးသန့်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Dhamma Sunday School ပြဋ္ဌာန်းစာအုပ်များကိုတော့ သာသနာရေးဝန်ကြီးဋ္ဌာနက အခမဲ့ရိုက်နှိပ် လှူဒါန်းပါတယ်။ လက်ရှိ သီရိလင်္ကာနိုင်ငံသမ္မတကိုယ်တိုင်လည်း Dhamma Sunday School ကျောင်းထွက်ဖြစ်တယ်လို့ သိရပါတယ်။ သတင်းစာထဲ မှာလည်း အခါအားလျှော်စွာ သမ္မတကိုယ်တိုင် Dhamma Sunday School များသွားရောက်ကာ အားပေးချီးမြှောက်လေ့ ရှိတဲ့အကြောင်း ဖော်ပြလေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်လောက်ကတည်းကစခဲ့တဲ့ Dhamma Sunday School ဟာ အခုအခါမှာတော့ သီရိလင်္ကာနိုင်ငံ မှာ အခြေခိုင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံသား ကလေးသူငယ်များဟာ Dhamma Sunday School တက်ဖို့ တနင်္ဂနွေနေ့ မှ ဘုန်းတော်ကြီးကျောင်းကို လာရတာမဟုတ်ဘဲ စနေနေ့များမှာလည်း အင်္ဂလိပ်စာအခမဲ့ သင်တန်းတက်ဖို့ လာလေ့ရှိပါတယ်။ အခမဲ့အင်္ဂလိပ်စာသင်တန်းများရဲ့ကျေးဇူးကြောင့် သီရိလင်္ကာနိုင်ငံသားအများစုဟာ အင်္ဂလိပ်စာနဲ့ ပတ်သက်ရင်စိမ်းမနေတော့ ဘဲ အင်္ဂလိပ်စကားပြောတဲ့အကျင့်ကိုလည်း ငယ်ငယ်ကတည်းက ရရှိလာခဲ့ ကြပါတယ်။

ကျောင်းသားကျောင်းသူလေးများဟာ Dhamma Sunday School သင်တန်းများကို Ordinary Level ပြီးတဲ့ အထိ တက်ရောက်လေ့ ရှိကြပါတယ်။ လောကီကျောင်းမှာ Ordinary Level ပြီးသွားချိန်မှာ ဘုန်းတော်ကြီးကျောင်းကလည်း Dhamma Sunday School ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာကလေးများရဲ့အသက်ကလည်း (၁၇) နှစ်ခန့်ရှိသွားပါပြီ။ အသက် (၆) နှစ်အရွယ်လောက်ကနေ (၁၇) နှစ်အရွယ်အထိ (၁၂) နှစ်နီးပါး ဘုန်းတော်ကြီး ကျောင်းက သင်ပေးလိုက်တဲ့ Dhamma Sunday School အသိဥာဏ်များဟာကလေးများရဲ့စိတ်ထဲမှာ စွဲခိုင်သွားပြီလို့ ဆိုနိုင်ပါတယ်။ 

စာရေးသူအမြင်ကိုပြောရရင် အသက်ကြီးသူများဥပုသ်စောင့်လာအောင် ဆွဲဆောင်တာထက် အသက်ငယ်သေးတဲ့ ကလေး ငယ်များ Dhamma Sunday School သင်တန်းတက်လာအောင် ဆွဲဆောင်တာက ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှလည်း ကလေးငယ်များဟာ နိုင်ငံအတွက် ပိုလှပတဲ့အနာဂတ်များကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အသက်အရွယ်ငယ်သေးတဲ့အချိန်မှာ ကလေးငယ်များရဲ့ စိတ်ထဲဘာသာရေး အသိဥာဏ်များ ပေးထားသင့်ပုံကို မဟာဂန္ဓာရုံဆရာတော်က “အိုးမဖုတ်ခင်၊ အိုးလုပ်စဉ် ၀ယ်၊ အိုးတွင်နှိပ်ခက်၊ တံဆိပ်ခက်မှ၊ မပျက်မစဲ၊ အိုးပင်ကွဲလည်း၊ အမြဲတစေ၊ တည်ရှိနေသို့၊ ထွေထွေသွေးသား၊ ကလေးများ၌၊ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊ ခပ်နှိပ်နိုင်မှ၊ သက်ဆုံး ကျအောင်၊ ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊ ကိုယ်စီခပ်နှိပ်နိုင်စေသတည်း” လို့ လွတ်လပ်ရေးခေတ်ကတည်းက မိန့်တော်မူခဲ့ပါတယ်။

(၅)

တကယ်တော့ မြန်မာဘုန်းတော်ကြီးများလည်းခေတ်အဆက်ဆက်ကနေ သီပေါမင်းပါတော်မမူမီအချိန်အထိ ဘုန်း တော် ကြီးကျောင်းပညာရေးနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ ပညာမျက်စေ့များကိုဖွင့်ပေးခဲ့ဖူးကြပါတယ်။ အဲဒီအချိန်က ဘုရင်ကိုယ်တိုင် ကအစ ဘုန်းကြီးကျောင်းထွက်ဖြစ်ကာ ၀န်ကြီး၊ မှူးမတ်၊ သေနာပတိစတဲ့သူများလည်း ဘုန်းကြီး ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်များနဲ့ ဘ၀ရဲ့အာမခံချက်များရပြီး အမျိုးဘာသာသာသနာအတွက် အမှန်တကယ် အားကိုးရသူများဖြစ်ခဲ့ကြပါတယ်။ သီပေါမင်းပါတော်မူပြီး (၁၈၈၅) ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာလည်း သီရိလင်္ကာနိုင်ငံမှာလိုပဲ ဘုန်းတော်ကြီးကျောင်း ပညာရေးကို လောကဓာတ်ကျောင်းများကယှဉ်နိုင်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာသီရိလင်္ကာနိုင်ငံလို ပြောင်းလဲမှုများကိုလက်မခံခဲ့တာကြောင့် လောကီပညာရေးကျောင်း များရဲ့ အလဲထိုးမှုကိုခံလိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးပညာရေးနဲ့ လောကီ ပညာရေးဟာ အတူယှဉ်တွဲပြီးမသွားနိုင်ခဲ့ပါဘူး။ ဘုန်းတော်ကြီး ကျောင်းပညာရေးနဲ့ လောကဓာတ်ပညာရေးဟာ သီးသန့်စီသွားနေကြရပြီး ဗုဒ္ဓဘာသာဝင်အများစုဟာလည်း ဘုန်းတော်ကြီးများတတ်သိထားတဲ့ လောကုတ္တရာပညာ ရပ်များဟာ လောကီလူသားများ အတွက် လက်တွေ့နယ်ပယ်မှာ အသုံးမ၀င်ဘူးလို့ ယူဆကြပါတယ်။

(၆)

သီရိလင်္ကာနိုင်ငံမှာဘွဲ့တစ်ခုခုရပြီးတဲ့ ဘုန်းတော်ကြီးအများစုဟာကျောင်းဆရာများ အဖြစ်ဆိုင်ရာကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များမှာစာသင်ကြရပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာလည်း သီရိလင်္ကာနိုင်ငံဘုန်းတော်ကြီး များဟာ ပညာရေးနဲ့ ထိန်းကွပ်ပြီး နိုင်ငံရဲ့ဘာသာရေးကို တိုးတက်ပြန့်ပွားအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဘုန်းတော်ကြီးများဟာ သံသရာဝဋ်ကထွက်မြောက်ရေးကိုသာဦးစားပေးလုပ်ရမယ်ဆိုတဲ့ ပေတံနဲ့ တိုင်းတာမယ်ဆိုရင်တော့ သီရိလင်္ကာနိုင်ငံသားဘုန်းတော်ကြီးများဟာ ဘုန်းကြီးမပီသသူများလို့ ဆိုချင်ရင် ဆိုနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ပရိတ်ကြီး (၁၁) သုတ်မှာ အပါအ၀င်ဖြစ်တဲ့ ရတနသုတ်တော်အတိုင်းဆိုရင်တော့ ဘုန်းကြီးမပီသသူများလို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ ရတနသုတ်မှာ လူတစ်ယောက် လုပ်ရမယ့်အလုပ်တာဝန်သုံးမျိုးကို ပြထားတာကို တွေ့နိုင်ပါတယ်။ အဲဒီအ လုပ်များကတော့ လောကတ္ထစရိယ လောကကောင်းကျိုးကိုသည်ပိုးခြင်း၊ ညာတတ္ထစရိယ ဆွေမျိုးများ ကောင်းကျိုးကို သည်ပိုးခြင်းနဲ့ ဗုဒ္ဓတ္ထစရိယ(အတ္ထတ္ထစရိယ) ကိုယ့်ဘ၀ကောင်းကျိုးကို သည်ပိုးခြင်းတို့ ဖြစ်ပါတယ်။ တကယ်တော့ စရိယသုံး ပါးလုံးမှာ ပဓာနထားလုပ်တဲ့အလုပ်ကိုမူတည်ပြီး ကျန်နှစ်ပါးကလည်း တစ်ဆက်တည်းလိုက်ပါလုပ်ဆောင်နေတာဖြစ်လို့ တစ်ခုနဲ့ တစ်ခုဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။ 

လောကတ္ထစရိယဆိုတဲ့ စကားလုံးလေးကို လိုက်နာကျင့်သုံးသူများရှိလာမယ်ဆိုရင် ယခုလက်ရှိဘ၀မှာ ဘ၀ရဲ့ လွတ်မြောက်မှု မရနိုင်သေးရင်တောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုအကြောင်းပြုပြီး အေးချမ်းမှုရသွားမှာတော့ မလွှဲပါဘူး။ အဲဒီစကား လုံးလေးကို လက်တွေ့လိုက်နာကျင့်သုံးနေကြတဲ့ စာရေးသူနေထိုင်ရာ ဆင်ဟာလ ဘုန်းတော်ကြီးကျောင်းက Dhamma Sunday School ကျောင်းအုပ် ဆရာတော်နဲ့ ကျောင်းဆရာ ဆရာမများကို မြင်ရတိုင်း ရင်ထဲမှာ ကြည်နူးမိတာအမှန်ပါပဲ။ အမိမြန်မာနိုင်ငံမှာလည်း လောကတ္ထစရိယဆိုတဲ့ စကားလုံးလေးကို လိုက်နာကျင့်သုံးကြတဲ့ Dhamma Sunday School လို ပရဟိတကျောင်းများ များများပေါ်ပေါက်လာပြီး အရှည်တည်တံ့ပါစေကြောင်းလည်း အကြိမ်ကြိမ် ဆန္ဒပြုမိပါသည်။ ။

Read More...

Sunday, December 22, 2013

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်






၁။ 

တစ်နေ့ သူ ပညာဆည်းပူးနေထိုင်ရာ သီရိလင်္ကာနိုင်ငံမှာ သူ့လိုပဲ ခေတ္တလာရောက်နေထိုင်သည့် ကိုရီးယားမှ ဒကာမတစ်ယောက် က သူနှင့် သူ့သူငယ်ချင်းကို Galle Face Hotel သို့ ဆွမ်းစားပင့်ဖိတ်သည်။ ပင်လယ်ကို စောက်သဏ္ဍာန်မျက်နှာမူထားသည့် Galle Face Hotel ကို 1864 ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ခမ်းနားကြီးကျယ်သည့်အပြင် ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်ကြီးဖြစ် သည်ဟုလည်း သိရသည်။  ကြယ်ငါးပွင့် အဆင့်ရှိ မရှိ ဘယ်လိုပေတံနှင့်တိုင်းသလဲဆိုသည်ကိုတော့ သူလည်း အသေအချာမသိပါ။ ဒကာမကို မေးကြည့်တော့ သူလည်း အတိအကျမသိဟုဆို သည်။ နေ့ခင်းဆွမ်းစားချိန်မရောက်သေးတာမို့ သူနှင့် သူ့သူငယ်ချင်းကို ဒကာမက ပင်လယ်ကမ်းစပ် မှာ လေညှင်းခံကာ စောင့်နေပေးဖို့ လျှောက်ထားသည်။ ဒကာမကတော့ သူ တို့နဲ့ မလှမ်းမကမ်းမှာထိုင်ရင်း ပင်လယ်ကြီးကို ငေးကြည့်နေသည်။ လေများတဖြူးဖြူးတိုက်ခက်နေတာမို့ ပင်လယ်ကမ်းစပ် ထိုင်ခုံပေါ်မှာ ထိုင်လိုက်တာနဲ့ စိတ်များလန်းဆန်းလာသည်။ 

ကမ်းစပ်ကို တ၀ုန်းဝုန်းရိုက်ခတ်နေသည့် ပင်လယ်လှိုင်းလုံးကြီးများကိုကြည့်ရင်း မဟာသမုဒ္ဒရာကြီး ကမ်းစပ်ကနေ အတွင်းသို့ အစဉ်အတိုင်း တဖြည်းဖြည်းနက်ရှိုင်းသွားသလို မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးလည်း သရဏဂုံသုံးပါး၊ ငါးပါးသီလမှစ၍ အရဟတ္တမဂ်တိုင်အောင် အစဉ်အတိုင်း နက်ရှိုင်းသွားပုံတို့ကို နှိုင်းယှဉ်ဟောပြထားသည့် အနုပုဗ္ဗသိက္ခာသာသနာအကြောင်း၊ သူ ကိုရင်ငယ်ဘ၀က နေထိုင်ခဲ့ရာ အနုပုဗ္ဗသိက္ခာကျောင်းဆောင်အကြောင်းများ ပြောဖြစ်ကြသည်။ 

၂။  

နေ့လည် ၁၁ နာရီထိုးတော့ ဆွမ်းစားကြသည်။ တကယ်တော့ ရဟန်းတော်များဖြစ်လို့ ဟိုတယ်တွေမှာ ကိုယ်တိုင်မှာပြီး စားသောက် သည့်အလေ့သိပ်မရှိတာမို့ ဘယ်လိုမျိုးအစားအသောက်တွေကို မှာစားရမယ်ဆိုတာ မသိပါဘူး။ ထို့ကြောင့် ဒကာမကိုပင် မှာခိုင်းရ သည်။  သို့နှင့် ဒကာမ မှာပေးသည့် သိုးသားသုပ်၊ ပုဇွန်ဟင်းချို၊ အသားနှပ်စတဲ့ ယခင်က အကျွမ်းတ၀င်မဖြစ်ခဲ့ဖူးသည့် အစားအ စာများကိုသာ ဘုဉ်းပေးလိုက်ရသည်။ သူ စားသောက်လို့မပြီးခင်မှာပဲ သူငယ်ချင်းကစောစောစီးစီး စားလို့ပြီးသွားသည်။ သူငယ် ချင်းက စားလို့ပြီးသွားပေမယ့် သူ့ ပန်းကန်းထဲမှာ ကြက်သွန်အဖတ် ခုလောက်နှင့် အခြားဆွမ်းဟင်းလေးများ နည်နည်း ကျန်နေ သည်။

အဲဒါကို သူ သတိထားမိသလို ဒကာမကလည်း သတိထားမိသည်။ နောက်တော့ ဒကာမက သူငယ်ချင်းကို ထိုဆွမ်းကျန်လေး များကို ကုန်အောင်ဘုဉ်းပေးဖို့ တိုက်တွန်းသည်။ ဒကာမက အဲဒီနည်းနည်းလေးကျန်နေသည့် ဟင်းလေးတွေအတွက်လည်း ပိုက်ဆံပေးရမှာဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ကုန်အောင်ဘုဉ်းပေးသင့်ကြောင်း၊ ကိုးရီးယားမှာဆိုရင် ကိုယ့်ပန်းကန်းထဲ ထည့်ထား တဲ့ ထမင်း ဟင်းကို ငယ်ငယ်လေးကတည်းက ကုန်အောင်စားဖို့ အကျင့်လုပ်ထားကြောင်းစသဖြင့် သူတို့ဓလေ့နှင့် နှိုင်းယှဉ်၍ အစားအသောက် ကုန်အောင်စားသင့်ပုံကို ဆက်ပြီးရှင်းပြသည်။ 


သူကတော့ လောကီလူသားတို့ ကြီးပွားချမ်းသာရေးအတွက် လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်သည့် အာရက္ခသမ္ပဒါတရား ကို မြတ်ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော် ကတည်းကပင် ဟောခဲ့ကြောင်း မြန်မာနိုင်ငံမှာလည်း လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ကျော်ကပင် အာရက္ခသမ္ပဒါတရားကို ရှင်အရဟံ မထေရ်မြတ်က ပုဂံနေပြည်တော်မှစကာ တနိုင်ငံလုံးကို ဟောခဲ့ကြောင်း၊ ထိုအချိန်ကမြန်မာများဟာ အာရက္ခသမ္ပဒါတရားကို လိုက်နာကျင့်သုံးခဲ့ကြ သည်ဟုပြောနိုင်ကြောင်း၊ အာရက္ခသမ္ပဒါတရားကို လိုက်နာ ကျင့်သုံးခဲ့သည့်အချိန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာက မော်ကြည့်ခံခဲ့ရသည့်ရွှေရောင်အတိက်များရှိခဲ့ဖူးကြောင်း၊ သို့သော် ယနေ့ခေတ်မြန်မာ အများစုကတော့ အာရက္ခသမ္ပဒါတရားကို လိုက်နာကျင့်သုံးရကောင်းမှန်း မသိကြတော့ကြောင်း၊ အနည်းစုသာ လိုက်နာကျင့်သုံးကြသည်ဟုဆိုနိုင်ကြောင်း၊ လောကီကြီးပွားရေးနှင့်ပတ်သက်သည့် အာရက္ခသမ္ပဒါတရားကို အနည်း စုသာလိုက်နာကျင့်သုံးနေရုံလေးနှင့် အလုပ်မဖြစ်ကြောင်း၊ သူတို့ သာမဏေဘောင်ဝင်စ ကိုရင်ငယ်လေးဘ၀ကနေ ယနေ့အချိန် အထိ သင်အံလေ့ကျက် ကျင့်သုံးခဲ့ရတဲ့ “သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဖိဿာမီတိ သိက္ခာကရဏီယာ ဆွမ်းကို ရိုသေစွာစားရမည်” ဆိုတဲ့ သိက္ခာပုဒ်အကြောင်း၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဦးရာဇဓမ္မာဘိဝံသ ကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် လွန်စွာ စေတနာထားကြသည့် ဆရာတော်အချို့ဟာ မိမိသပိတ်ထဲ ကဆွမ်းကို ကုန်အောင်စားကြဖို့၊ ဆွမ်းတစ်စေ့ရဲ့တန်ဖိုးကို နားလည်ဖို့၊ စားကြွင်းစားကျန်များမကျန်စေဖို့ ယနေ့အချိန်အထိ တိုက်တွန်းလေ့ရှိ ကြောင်း၊ မြန်မာနိုင်ငံသားအနည်းစုသာ စားကြွင်းစားကျန်ကဲ့သို့သော အလေအလွင့်ကိစ္စကို အလေးထားကြကြောင်းနဲ့ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်…” ဆိုသော သူငယ်တန်းဖတ်စာ အကြောင်းတို့ကို ပြန်ပြောပြဖြစ်သည်။ 

၃။   
                                                                                                     
ထို့နောက် ဒကာမ ဆက်ပြောသည့် ကိုရီးယားအလုပ်ရှင်တွေ အလုပ်သမားရွေးချယ်ပုံအကြောင်းကြား ရတော့ အံ့သြမိသည်။ ကိုရီးယားတွေ တိုးတက်တာ ဒါကြောင့်ကိုးဟု ကောက်ချက်ချဖြစ်သည်။ ဒကာမ၏ ပြောပြချက်အရ ကိုးရီးယားလုပ်ငန်းရှင်များ အလုပ်သမားရွေးချယ်လျှင် အဆင့်သုံးဆင့်ဖြင့် ရွေးချယ်ကြသည်။ ပထမအဆင့်အနေဖြင့် လျှောက်လွှာတင်သည့် အ တိုင်း လျှောက်လွှာတင်သူ၏ ပညာအရည်အချင်း၊ နေရပ်လိပ်စာ စသည် ဟုတ်/မဟုတ် မှန်/မမှန် စစ်ဆေးခြင်း ဖြစ်သည်။ ထိုအဆင့်အောင်မြင်လျှင် ဒုတိယအဆင့်ဖြစ်သည့် အင်တာဗျူးခြင်း ဖြစ်သည်။ အင်တာဗျူးမေးခွန်းအားလုံးဖြေနိုင်လျှင် ပုံမှန် အားဖြင့် စာမေးပွဲအောင်ပြီး အလုပ်ရပြီဟု ပြောနိုင်သည်။ သို့သော် အလုပ်ရှင်များအတွက်တော့ နောက်ထပ် စမ်းသပ်ရန် အဆင့်တဆင့်ကျန်သေးသည်ဟု သတ်မှတ်ထားသည်ဟု ဆိုသည်။ ထိုအဆင့်ကို တရားဝင်သတ်မှတ်ပြဌာန်းထားခြင်းမဟုတ်ဘဲ အင်တာဗျူးအောင်မြင်ပြီးသူများကိုလည်း ထိုအဆင့်ရှိမှန်းမသိအောင် လျို့ဝှက်ထားသည်ဟု ဆိုသည်။ 

သို့သော် ထို့အဆင့်မှာ ရိုးရိုးကလေးသာ ဖြစ်သည်။ နောက်ဆုံးကျန်သောအဆင့်ကို စမ်းသပ်ရန်အတွက် အလုပ်ရှင်သည် အင်တာ ဗျူးအောင်မြင်ပြီးသူများကို ဘူဖေးစားသောက်ဆိုင် တစ်ဆိုင်ဆိုင်သို့ခေါ်သွားပြီး နေ့လည်စာကျွေးခြင်းပင် ဖြစ်သည်။ စားသောက် ဆိုင်တွင် မိမိနှစ်သက်ရာကို စိတ်ကြိုက်မှာယူစားသောက်စေသည်။ ဘူးဖေးစားသောက်ဆိုင်ဆိုသည်မှာ မိမိစားချင်သည့်အစား အသောက်များကို ကိုယ်တိုင်ယူကာ စားသောက်ရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မိမိပန်းကန်ထဲယူထားပြီးသမျှ အစားအစာများ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ၊ ကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ ကျသင့်ငွေ ရှင်းပေးရမည်သာ ဖြစ်သည်။ အလုပ်ရှင် လည်း အင်တာဗျူးအောင်မြင်ပြီးသွားသူများနှင့် အတူတကွထိုင်ကာ စိတ်ကြိုက်မှာယူကာ စားသောက်သည်။ ထိုသို့ အတူတကွ စားသောက်ရင်း အင်တာဗျူးအောင်မြင်သူများ သူတို့ကိုယ်တိုင်ယူထားသည့် အစားအသောက်များ ကုန်အောင်စား/မစား အလုပ်ရှင် က မသိမသာ အကဲခတ်နေသည်ဟုဆိုသည်။ အကယ်၍ ပန်းကန်ထဲမှာ အစားအစာများ ကျန်နေပါက ထိုသူ့ကို အလုပ်မခန့်တော့ ဟု သိရသည်။ 

အကြောင်းပြချက်ကတော့ရှင်းသည်။ မိမိနှစ်သက်လို့ မိမိကိုယ်တိုင် စိတ်ကြိုက်မှာယူစားသောက်သည့် အစားအသောက်တိုင်းသည် ပိုက်ဆံနှင့်ပေးဝယ်ရသော အရာများသာဖြစ်သည်။ ထိုသို့ ပိုက်ဆံနှင့်ပေးဝယ်ရသော အရာများကို တန်ဖိုးထားရမည်ဖြစ်သည်။ မိမိကြိုက်နှစ်သက်၍ ပိုက်ဆံနှင့်ပေးဝယ်ကာ စားရသော အစားအစာများကို တန်ဖိုးမထားသောသူများသည် ကုမ္ပဏီတွင် အလုပ်ခန့် ထားပါက ကိုယ်ပိုင်မဟုတ်သည့် အသေးအဖွဲပစ္စည်းများကိုလည်း တန်ဖိုးထားမည် မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်ဟု ကိုးရီးယားဒကာမက ပြောပြသည်။ သူငယ်ချင်းကတော့ သူသာဆိုရင် ကိုးရီးယားမှာ အလုပ်ရမှာ မဟုတ်ဘူး ဟု နောက်ပြောင် ပြောနေသေးသည်။ 

၎။ 

ထိုသို့ ဒကာမက ကိုးရီးယားအလုပ်ရှင်များ အလုပ်သမားရွေးချယ်ပုံအကြောင်းပြောပြတော့ သူနေထိုင်ရာ၊ သီရိလင်္ကာနိုင်ငံရှိ ဆင်ဟာလလူမျိုးများ၏ ဆွမ်းကပ်ပွဲကို သတိရဖြစ်သွားသည်။ ဆင်ဟာလလူမျိုးများ ဆွမ်းကပ်လျှင် မြန်မာနိုင်ငံကဲ့သို့ စားပွဲဝိုင်းမှာ ဆွမ်းထမင်းဟင်းများအပြည့်အစုံထည့်၍့ ကပ်ခြင်းမျိုး မဟုတ်ဘဲ ဘူးဖေးစားသောက်ဆိုင်စနစ်နှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။ ပထမ တန်းစီထိုင်နေကြသော ဘုန်းတော်ကြီးများကို လက်ဆေးပန်းကန်နှင့် ဆွမ်းပန်းကန်များ ကပ်ထားသည်။ ဘုန်းတော်ကြီးများ လက်ဆေးပြီးလျှင် ဆွမ်းပန်းကန်ထဲ ဆွမ်းများလိုက်ထည့်သည်။ များသောအားဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆွမ်းသုံးမျိုးကပ်လေ့ရှိ သည်။ ထိုသုံးမျိုးမှာ ဆွမ်းကြော်၊ ဆွမ်းအဖြူနှင့် သီရိလင်္ကာနိုင်ငံထွက် လုံးတီးဆန်များကို ချက်ထားသည့် ဆွမ်းအနီတို့ဖြစ်သည်။  

မိမိနှစ်သက်သည့်ဆွမ်းကို လက်ခံပြီး မနှစ်သက်သည့်ဆွမ်းများ လာထည့်ပါက လက်ကာပြလိုက်ရုံသာဖြစ်သည်။ ဘုန်းတော်ကြီး များက လက်ကာပြလိုက်လျှင် အလှူရှင်ဒကာ ဒကာမများက နောက်တစ်ပါးသို့ ကျော်သွားလေ့ရှိသည်။ ဆွမ်းဟင်းများကပ်သော အခါတွင်လည်း ဆွမ်းကပ်သလိုပင်ဖြစ်သည်။ ဆွမ်းဟင်းအမယ်များမှာ ဆယ်မျိုးခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ဆွမ်းဟင်းအများစုမှာ သီရိလင်္ကာနိုင်ငံ၏ ရိုးရာဓလေ့အတိုင်း အုန်းသီးနှင့် ချက်ထားသည့် ဟင်းများသာ ဖြစ်သည်။ ထိုဟင်းအမယ်များ တစ်မျိုးပြီး တစ်မျိုး လာရောက် ထည့်ပေးသည်။ ဘုန်းတော်ကြီးများက မိမိနှစ်သက်သောဟင်းများကို လက်ခံပြီး မနှစ်သက်သော ဟင်းများကို လက်ကာပြလိုက်ရုံသာဖြစ်သည်။ 

ထိုစနစ်ကို သူ အတော်သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် မိမိစားချင်သမျှကို မိမိဘာသာချင့်ချိန်ကာ စားသောက်နိုင်သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိပန်းကန်ထဲတွင် မိမိစားသောက်၍ ကုန်နိုင်သလောက်သာ လက်ခံ၍ရ သည်။ မိမိစား၍ မကုန်နိုင်လောက်လျှင် အားနာစရာမလို လက်ကာပြလိုက်ရုံသာဖြစ်သည်။ ထိုသို့လက်ကာပြလိုက် သည်နှင့် ဒကာ ဒကာမများကလည်း ဆက်လက်ပြီး မထည့်တော့ပေ။ သို့အတွက်ကြောင့် စားကြွင်းစားကျန်များ မရှိနိုင်တော့ပေ။ စားကြွင်းစား ကျန်ဆိုသည်မှာ ယေဘုယျအားဖြင့် စွန့်ပစ်ဖို့ သို့မဟုတ် ခွေးကျွေးဖို့မှတပါး အခြားနေရာများတွင် အသုံးမ၀င်ပေ။ ပိုလျှံထမင်းဟင်း များ စွန့်ပစ်ခြင်းကို သာမာန်စဉ်းစားကြည့်မည်ဆိုလျှင် မလေးနက်လှသော်လည်း အလေးအနက်စဉ်းစားကြည့်မည် ဆိုပါက ထိုကဲ့ သို့  စွန့်ပစ်ရခြင်းသည် နိုင်ငံ၏လုပ်အားများကို အလဟဿဖြုန်းတီးခြင်းဟုပင်ဆိုနိုင်သည်။  

၅။ 

မြတ်ဗုဒ္ဓ၏ တပည့်သားများဖြစ်သော မိမိတို့ ဘုန်းတော်ကြီးများသည် မိမိတို့ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ မကျန်အောင် ဂရုစိုက်သင့်သည်ဟု သူတော့ ယူဆသည်။ သူ ပညာရင်နို့သောက်စို့ခဲ့ရာစာသင်တိုက်မှ ပဓာနနာယကဆရာတော်သည် မိမိသပိတ် ထဲက ဆွမ်းကို ကုန်အောင်စားဖို့ရန်နှင့် ဆွမ်းလုံးများ စားပွဲပေါ်တွင် မကျစေရန် အမြဲတမ်း သတိပေးတော်မူသည်။ သူ မိခင်စာသင် တိုက်မှထွက်ခွါခွဲသည့်တိုင် မိမိစားမည့်ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ မကျန်အောင် ဂရုစိုက်ဖြစ်သည်။ မြန်မာနိုင်ငံမှာ ဆွမ်းစားသွားဖြစ်သည့်အခါတိုင်းလည်း ဆွမ်း ဆွမ်းဟင်းများ အဆက်မပျက်လာထည့်ပေးနေသည့် ဒကာ  ဒကာမများကို လိုတာ ထက်ပိုထည့်လာလျှင် အားမနာတမ်းငြင်းပယ်ဖြစ်သည်။ 

မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ဆန်တစ်စေ့၏တန်ဖိုးကို သူ၏တပည့်သားသံဃာများ အလေးထားရန်အတွက် ဧကမေကံ သိတ္ထံ ကမ္မ သတေန နိဌာယတိ ဆန်တစ်စေ့ရဖို့ရန်အတွက် အမှုကိစ္စများစွာအလုပ်လုပ်ရသည်”ဟု စူဠ၀ါပါဠိတော် (၀ိ၊၄၊၂၇၃) တွင် မိန့်တော်မူ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒကာ ဒကာမများ အမှုကိစ္စများစွာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်မှ ရလာနိုင်သည့်ဆွမ်းများကို ဘုန်းတော်ကြီးများက ပို၍ပင် အလေးထားသင့်သည်ဟု သူ ကတော့ လက်ခံသည်။ သို့သော် သူ သတိထားမိသလောက် ဘုန်းတော်ကြီးအများစုသည် စားကြွင်းစားကျန်ကိစ္စကို အလေးမထားကြဟု ထင်သည်။ မြန်မာနိုင်ငံ ဆွမ်းစားကြွသောအခါများ တွင်လည်း ဘုန်းတော်ကြီးများ၏ ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ အမြဲတမ်းလိုလိုတွေ့ရသည်။  သီရိလင်္ကာနိုင်ငံတွင် ပို၍ ပင် တွေ့ရသည်။

၆။

ကထိန်ရာသီအစတွင် သီရိလင်္ကာကျောင်းတစ်ကျောင်းက ကထိန်ပင့်သည့်အတွက် သူ တို့ မြန်မာရဟန်းတော် ၁၂ ပါး ကထိန်သွား ကြသည်။ ထိုနေ့က သူနှင့်အတူ မြန်မာရဟန်းတော်တစ်ပါး အတူတူထိုင်ရသည်။ သူတို့ဘေးတွင် သီရိလင်္ကာရဟန်းတော်များ ထိုင်ကြသည်။ ဆွမ်းကပ်ချိန်ရောက်သည့် အခါ သီရိလင်္ကာနိုင်ငံထုံးစံအတိုင်းပင် ဆွမ်းများနှင့် ဆွမ်းဟင်းများကို ဒကာ ဒကာများက စီတန်းကာ လိုက်ထည့်ပေးကြသည်။ သူ က ကုန်နိုင်သလောက်သာလက်ခံပြီး အခြားဆွမ်း ဆွမ်းဟင်းများလာထည့် တိုင်း လက်ကာပြကာ ငြင်းလိုက်သည်။ 

သူ့ အနီးတွင်ထိုင်သော မြန်မာရဟန်းတော်က “အရှင်ဘုရားလက်ခံလိုက်ပါ၊ အခုလာထည့်တဲ့ ဟင်းက မြန်မာပါးစပ်နဲ့ ဘုန်းပေး လို့ဖြစ်ပါတယ်”ဟု တိုးတိုးလေးအသိပေးသည်။ “တပည့်တော် အဲဒီဟင်းတွေကိုလက်ခံလိုက်ရင် စားလို့ကုန်မှာမဟုတ်ဘူး၊ စားလို့မ ကုန်ရင် အလဟဿဖြစ်တယ်၊ အပိုတွေကုန်တယ် အဲဒါကြောင့် လက်မခံတာ”ဟု သူက ပြောလိုက်သည်။ ဘုန်းတော်ကြီးများဆွမ်း စားပြီးသည့်အခါ ထုံးစံအတိုင်းပင်။ သူ့ ကို ဆွမ်း ဆွမ်းဟင်းများလက်ခံရန် တိုက်တွန်းသည့် မြန်မာ ရဟန်းတော်၏ ပန်းကန်နှင့် ဆင်ဟာလဘုန်းတော်ကြီးများ၏ ပန်းကန်များထဲတွင် စားကြွင်းစားကျန်များ မြင်မကောင်းအောင် ကျန်နေသည်။ 

သူ့အနီးတွင်ထိုင်နေသည့် မြန်မာရဟန်းတော်အား သူတို့ပန်းကန်ထဲမှာ ကျန်နေသည့် ဆွမ်းများကို ညွှန်ပြလိုက်ပြီး စာရေးသူက “ဒကာ ဒကာမများကပ်သည့် ဆွမ်း ဆွမ်းဟင်းများသည် နိုင်ငံ ဘဏ္ဍာများဖြစ်ကြောင်း၊  ဆွမ်း ဆွမ်းဟင်းများကို မိမိကုန်နိုင်ရုံသာ လက်ခံပြီးမစားဘဲအတိုင်းအရှည်မသိလက်ခံကာ ကုန်အောင်မစားခြင်းသည်  နိုင်ငံဘဏ္ဍာ ကို ဖြုန်းတီးခြင်းတစ်မျိုး ပင်ဖြစ်ကြောင်း၊  ဘာသာရေးခေါင်းဆောင်များဖြစ်သည့် မိမိတို့ဘုန်းကြီးများ ကိုယ်တိုင် စားကြွင်းစားကျန်ကဲ့သို့ အသေးအဖွဲကိစ္စ များကို သတိထားသင့်ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ထုတ်ပြန်သည့်စာရင်းအရ အာရှနိုင်ငံများမှာ စပါးအတင်း (၁၀၀) ထွက်ရင် (၃၆) တင်းက အလဟဿဖြစ်သည်ဆိုသည့်အကြောင်းနှင့် လူတွေက စားကြွင်းစာကျန်လို အသေး အဖွဲ့ကိစ္စလေးတွေကို သတိမထားလို့ (၃၆) တင်းမကလို့ အတင်း (၁၀၀) လုံးအလဟဿဖြစ်ဖြစ် အရေးမကြီး၊ အရေးကြီးသည်မှာ တပည့်တော်တို့လိုဘုန်းကြီးတွေကြောင့် စားကြွင်းစားကျန်ကအစ အလဟဿဖြစ်မသွားစေရန်ပင်ဖြစ်ကြောင်း”  ပြောပြရင်း ဆွမ်း ဟင်းများ မကျန်အောင်ဂရုစိုက်ဖို့ စည်းရုံးကြည့်သည်။  

ထိုအရှင်ကလည်း သူ ပြောတာကို လက်ခံသည်ဟု ဆိုကာ သူ့ပန်းကန်ထဲမှ စားကြွင်းစားကျန်များ ကို တွေတွေကြီး စိုက်ကြည့်နေပါသည်။  သို့သော် သူ၏ စည်းရုံးရေးစကားများ မအောင်မြင်ပါ။ အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့တွင် လည်း သူ တိုက်တွန်းသည့်မြန်မာရဟန်းတော်၏ ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ ထပ်ပြီးတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။ 

၇။ 

ဆွမ်းစားပြီး Galle Face Hotel ဟိုတယ်က ပြန်လာခဲ့ကြသည်။ စနေနေ့မို့ထင်သည်။ လမ်းပေါ်တွင် ကားများရှင်းနေသည်။ စင်္ကာပူ ကို အမီလိုက်ဖို့ ကြွေးကြော်ကာ လမ်းများကို ဦးစားပေးပြီး ပြင်နေသည့် သီရိလင်္ကာနိုင်ငံဟာ သူ့ရှေ့မှာပဲ တရိပ်ရိပ် တိုးတက်လာ သည့်အကြောင်း နိုင်ငံတကာအဆင့်မီလှသည့် အဝေးပြေးကားလမ်းမကြီးကိုကြည့်ကာ သူငယ်ချင်းက ပြောသည်။  “ကျန်နေခဲ့တာ က ငါတို့မြန်မာနိုင်ငံပဲကွ” ဟု ပြောရင်း သုံးဘီးကားပေါ်ကနေ အဝေးပြေးလမ်းမကြီးပေါ် ကွမ်းတံတွေး များ ထွေးချလိုက်သည့် သူငယ်ချင်းကိုတော့ သူက ငေးကြည့်နေမိသည်။…..

Read More...