Friday, June 22, 2012

ကတံ ကရဏီယံ


 

“ကတံ ကရဏီယံ” ဘ၀လွတ်မြောက်အောင်လုပ်ဖို့ ပြုသင့်ပြုထိုက်တဲ့ ကိစ္စအ၀၀ကို ပြုပြီးသွားပြီ။ (အနတ္တလက္ခဏသုတ်) 
၁။ 

“ကတံ ကရဏီယံ” ဆိုတဲ့ပါဠိစကားလုံးလေးကတော့ မြတ်ဗုဒ္ဓရဲ့ ဒုတိယတရားတော် အနတ္တလက္ခဏ သုတ်မှာလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ပဉ္စ၀ဂ္ဂီငါးဦးကို တရားဦးဓမ္မစကြာတ ရားဟောတော်မူပြီး ၅ ရက်အကြာမှာပဲ အနတ္တလက္ခဏသုတ်တော် ဟောကြားခဲ့ပါတယ်။ အနတ္တလက္ခဏ သုတ် တရားတော်ကို နာကြားရပြီး ပဉ္စ၀ဂ္ဂီငါးဦးဟာ ရဟန္တာများဖြစ်သွားခဲ့ကြပါတယ်။ 

တကယ်တော့ မြတ်ဗုဒ္ဓပေါ်ထွန်းလာချိန်မှာ အိန္ဒိယနိုင်ငံသူ၊ နိုင်ငံသားများဟာ အယူဝါဒများကြား ဗျာများနေရသူများဖြစ်ကြပြီး အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးဟာလည်း အတ္တ၀ါဒကြီးရဲ့ အရိပ်ဆိုးအောက်မှာ ကျရောက်နေချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ မြတ်ဗုဒ္ဓက အနတ္တ၀ါဒကို ထူထောင်တဲ့အနေနဲ့ အနတ္တ လက္ခဏသုတ်တော်ကိုဟောကြားခဲ့တာဖြစ်ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးဟာ မြတ်ဗုဒ္ဓရဲ့အနတ္တ၀ါဒကို လက်ခံခဲ့ပါ တယ်။ ရလာဒ်ကတော့ သူတို့ဟာ ဘ၀ဆင်းရဲဒုက္ခများ ကနေ စောစီးစွာလွတ်မြောက် သွားနိုင် ခဲ့ခြင်းပါပဲ။  

 တကယ်တော့ ပြောင်းလဲမှုများ ကိုလက်ခံဖို့ဆိုတာ မလွယ်ကူသလို အတ္တ၀ါဒနဲ့ ပြောင်းပြန်အချိုးစားကျတဲ့ အနတ္တ၀ါဒကို လက်ခံအောင် လုပ်ဖို့ဆိုတာက တော်တော်ကို မလွယ်တဲ့အလုပ်လဲ ဖြစ်ပါတယ်။ အတ္တ၀ါဒကြီးစိုးချိန်မှာ မြတ်ဗုဒ္ဓရဲ့အနတ္တ၀ါဒကို လူတိုင်းက လက်မခံခဲ့ကြပါဘူး။ ဗုဒ္ဓဘာသာအမြင်နဲ့ပြော ရရင် အနတ္တ၀ါဒကို လက်မခံခဲ့ကြလို့ တစ်နည်းအားဖြင့် ပြောင်းလဲမှုကို လက်မခံ ခဲ့ကြ လို့ မြတ်ဗုဒ္ဓခေတ်မှာတောင် လွတ်မြောက်မှုရမသွားတဲ့သူများ များစွာရှိခဲ့ပါတယ်။ ဒီနေရာမှာ စာရေး သူပြောချင်တာက အနတ္တလက္ခဏသုတ်တော်နဲ့ လွတ်မြောက်မှု၊ မလွတ်မြောက်မှုများအကြောင်း မဟုတ်ပါ ဘူး။ အနတ္တလက္ခဏသုတ်တော်မှာပါတဲ့ “ကတံ ကရဏီယံ” ဆိုတဲ့ စကားလုံးလေး ကိုပဲ ဖြစ်ပါတယ်။ 

အနတ္တလက္ခဏသုတ်တော်ကို အကြိမ်ကြိမ်ရွတ်ဖတ်သရစ္ဇျာယ်ဖြစ်ပေမယ့် ‘သတိမမူ ဂူမမြင်’ ဆိုသလို ဒီ“ကတံ ကရဏီယံ” ဆိုတဲ့ စကားလုံးလေးကိုတော့ သတိမထားခဲ့မိပါဘူး။ ဒီစကားလုံးလေးကို ထူးထူးခြားခြား သတိထားမိသွားတာကတော့ အနုရာဓပူရကျောင်းဆရာတော်ဦးသုန္ဒရနဲ့ ဒါနသီရိလင်္ကာ အသင်း ဒုတိယဥက္ကဋ္ဌ ဒကာမကြီးဒေါက်တာဒေါ်သက်သက်နွယ်တို့ရဲ့ ဓမ္မသာစ္ဆာ  စကားဝိုင်းမှာပါပဲ။

၂။ 

၁.၆.၂၀၁၂ ရက်နေ့က အနုရာဓပူရကျောင်းဆရာတော်ဦးသုန္ဒရ၊ နာယကဆရာတော် ဦးသူရိယနဲ့ စာရေးသူတို့ဟာ ဒါနသီရိလင်္ကာအသင်းဥက္ကဋ္ဌ ဒေါ်တင်တင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်သက် သက်နွယ်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ အဖွဲ့ဝင်များဖြစ်သော ဦးဘိုကျင်+ဒေါ်ခင်ရီ သမီး မချောစုတို့နဲ့အတူ အနာဂါရိကရဲ့ ရိပ်သာကိုသွားရောက်လေ့လာခဲ့ကြပါတယ်။ အဲဒီရိပ်သာမှာ သီလရှင်ဆရာကြီးတစ်ပါးက ဒါနသီရိလင်္ကာအသင်းက ဒကာမကြီးများကို ဆင်ဟာလလိုတရားဟောကာ အနုရာဓပူရကျောင်းဆရာတော်က ဆင်ဟာလကနေ မြန်မာ ဘာသာပြန်ပေးပါတယ်။

သီလရှင်ဆရာကြီးဟောတဲ့အဓိကအကြောင်းအရာကတော့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ “ငါ၊ သူတစ် ပါး၊ ယောကျာင်္း၊ မိန်းမ” မရှိဘဲ ရုပ်နဲ့ နာမ်သာရှိတဲ့အကြောင်းနဲ့ အဲဒီရုပ်နဲ့ နာမ်ကိုမြင်အောင်ကြည့်ပြီး တရားရှုမှတ်ပွားများမယ်ဆိုရင် ဘ၀ရဲ့လွတ်မြောက်ရာကို ရနိုင်တဲ့အကြောင်းပဲဖြစ်ပါတယ်။ သီလရှင်ဆရာ ကြီးဟောလိုက်တဲ့ “ရုပ်နဲ့ နာမ်” တရားက ဓမ္မာရုံထဲမှာတင် ပြီးမသွားသေး ဘဲ နေ့လည်ဆွမ်းစားပြီးတဲ့အထိ စာရေးသူအတွေးထဲ ပါလာခဲ့ပါတယ်။

 ဒကာမကြီးဒေါက်တာဒေါ်သက်သက်နွယ်က သူဟာ သာမာန်မိရိုးဖလာဗုဒ္ဓဘာသာဝင်ကနေ ဗုဒ္ဓဘာသာ ၀င်စင်စစ်ဖြစ်လာအောင် စာအုပ်စာပေများကို ကိုယ်တိုင်လေ့လာခဲ့တဲ့အကြောင်း၊ သူ ဖတ်ခဲ့တဲ့စာအုပ်များ ထဲမှာ ခန္ဓာငါးပါးအကြောင်းနဲ့ ရုပ် နာမ်များအကြောင်းကို အသေးစိပ်ဟောထားတဲ့ အနတ္တလက္ခဏသုတ် လည်း ပါဝင်ကြောင်း၊ အနတ္တလက္ခဏသုတ်မှာဟောထားတဲ့ “ကတံ ကရဏီယံ” ဆိုတဲ့စကားလုံးကို ဖတ်ပြီးချိန်မှာတော့ မျက်ရည်များကျတဲ့အထိ ၀မ်းသာအားရဖြစ်ကာ ကြက်သီးမွေးညှင်းများပင် ထသွား ခဲ့ကြောင်း ဆရာတော်ဦးသုန္ဒရကို လျှောက်ထားခဲ့ပါတယ်။ ဆရာတော်ဦးသုန္ဒရက အနတ္တလက္ခဏသုတ် မှာပါတဲ့ “This is mine, This am I, This is the self for me” (ဧသော မမ ဧသော ဟမသ္မိ ဧသော မေ အတ္တာတိ) ဆိုတဲ့အပိုဒ်ကို သေချာရှင်းပြနေပါသေးတယ်။ 

စာရေးသူကတော့ ဆရာတော်ရှင်းပြတာကို စိတ်မရောက်တော့ဘဲ “ကတံ ကရဏီယံ” ဆိုတဲ့ စကား လုံးလေးကိုပဲ ကြားယောင်နေမိကာ သဘောကျလွန်းလို့ တစ်ယောက်ထဲ အကြိမ်ကြိမ်ရွတ်နေမိပါ တယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နာယကဆရာတော်ဦးသူရိယ က “ဒီနေ့ မယ်တော်ကြီးပြောတဲ့ စကားထဲမှာ သားတော်ကတော့ ‘ကတံ ကရဏီယံ’ ဆိုတဲ့စကားလုံးကို အကြိုက်ဆုံးပဲ” တဲ့။ ဟုတ်တယ် နာယကဆရာတော်ဦးသူရိယ ပြောတာ လက်ခံတယ်။ စာရေးသူလည်း အဲဒီစကားလုံးကို အကြိုက်ဆုံးပဲ။ အဓိပ္ပါယ်နားလည်တော့ ဒီစကားလုံးလေးကို ရွတ်ရတာ ပိုပြီးတော့ အားရှိနေသလို ခံစားမိတယ်။ ဆွမ်းစားပြီး နေ့လည် ၁ နာရီကျော်ကျော်မှာ အနာဂါရိကရဲ့ရိပ်သာကနေ အနုရာဓပူရကို ဆက်သွားကြပါ တယ်။ စာရေးသူကတော့ “ကတံ ကရဏီယံ” ဆိုတဲ့ စကားလုံးနဲ့ အဲဒီစကားလုံးနဲ့ကပ်နေတဲ့ “နာပရံ ဣတ္ထတ္ထာယ” ဆိုတဲ့ စကားလုံးလေးတွေရဲ့ အားရှိပုံကို တစ်လမ်းလုံးစဉ်းစားရင်း လိုက်ပါလာခဲ့ပါတယ်။ 
၃။ 

“ကတံ ကရဏီယံ” ဆိုတဲ့စကားလုံးရဲ့ မူလအဓိပ္ပါယ်ကတော့ ဘ၀လွတ်မြောက်အောင် လုပ်ဖို့ ပြုသင့်ပြု ထိုက်တဲ့ ကိစ္စအ၀၀ကို ပြုပြီးသွားပြီလို့ ဆိုလိုတာ ဖြစ်ပါတယ်။ “လုပ်ပြီးသွားပြီ”ဆိုတဲ့ စကားလုံးဟာ လုပ်ရ မယ့် အလုပ်များ ပြီးစီးသွားတာလို့ နားလည်နိုင်ပါတယ်။ နောက် “နာပရံ ဣတ္ထတ္ထာယ” ဆိုတဲ့စကား လုံးလေး။ ဒီစကားလုံးလေးရဲ့မူလအဓိပ္ပါယ်ကတော့ နောက်ထပ် အထက်မဂ်ကိုရအောင် လုပ်ရမယ့်အလုပ် လည်း မရှိတော့ဘူး လို့ဖြစ်ပါတယ်။ “နာပရံ ဣတ္ထတ္ထာယ” ကို ဒီနေရာမှာ “လုပ်စရာအလုပ် မရှိတော့ ဘူး”လို့ နားလည်ထားရင် အဆင်ပြေမယ်နဲ့ တူပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုကို “ကတံ ကရဏီယံ” လို့ မကြွေးကြော်နိုင်သေးဘူးဆိုရင် “နာပရံ ဣတ္ထတ္ထာယ” လို့လည်းပြောနိုင်မှာ မဟုတ်သေးပါဘူး။  လုပ်ရမဲ့ အလုပ်က ရှိနေနိုင်ပါသေးတယ်။ 

ဆိုတော့ ဒီစကားလုံးလေးကိုမြင်လိုက်တာနဲ့ ကိုယ့်ရဲ့လုပ်ရမယ့်အလုပ်များ မပျင်းမရိနဲ့လုပ်ရမယ်၊ များများနဲ့ မြန်မြန်လုပ်ရမယ်၊ ဒါမှသာ “ကတံ ကရဏီယံ” လို့ ကြွေးကြော်နိုင်မှာဖြစ်ပြီး နောက်ထပ်လုပ်စရာ အလုပ် မရှိတော့မှာ ဖြစ်ပါတယ်။  မြတ်ဗုဒ္ဓရဲ့တရားတော်များ ဒါမှမဟုတ် စကားတော် များဟာ လောကီ၊ လောကုတ္တရာဆိုပြီး ကန့်သတ်ထားတာမျိုးရှိပေမယ့် အသုံးချတတ်မယ် ဆိုရင် လောကီပဲဖြစ်ဖြစ်၊ လောကုတ္တရာပဲဖြစ်ဖြစ် အသုံးကျတယ်ဆိုတာ သက်သေသာဓကပေါင်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာ “ကတံ ကရဏီယံ”ဆိုတဲ့ စကားလုံးဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

 ဒီစကားလုံးလေးကိုပဲ စာမေးပွဲသမားတစ်ယောက်အနေနဲ့ သုံးရင် အကျိုးရှိနိုင်သလို မဂ်ဖိုလ်ရရေးအတွက် တရားအားထုတ်နေတဲ့ ယောဂီသုံးရင်လည်း အကျိုးရှိမှာ မလွဲပါဘူး။ ဥပမာပြောရရင် ဆယ်တန်းတက်နေ တဲ့ကျောင်းသားတစ်ယောက်အတွက် ဆယ်တန်းအောင်သွားမှ “ကတံ ကရဏီယံ” လို့ ပြောနိုင်မှာဖြစ် ပါတယ်။ အဲဒီလိုပဲ ဆောက်လုပ်ရေးစတဲ့ ပရောဂျက်ကြီးတစ်ခုကို လုပ်ကိုင်နေတဲ့သူဟာလည်း သတ်မှတ်ကာလအတွင်း သူ့ရဲ့ဆောက်လုပ်ရေးပရောဂျက်ကြီးပြီးသွားမှ “ကတံ ကရဏီယံ” လို့ပြောလို့ရမှာပါ။ ဆယ်တန်းမအောင်သေးဘူး၊ သတ်မှတ်ကာလအတွင်းမှာ ဆောက်လုပ်ရေးပရောဂျက် မပြီးသေးဘူးဆိုရင် “ကတံ ကရဏီယံ” လို့ ဆိုနိုင်မှာ မဟုတ်သေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဆယ်တန်းအောင်သွားအောင်၊ ပရောဂျက်ပြီးအောင် လုပ်ရမယ့် လုပ်ငန်းများ မပြီးသေးလို့ ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့လုပ်ငန်းတစ်ခုပြီးသွားမှသာ “ကတံ ကရဏီယံ” လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ဆိုနိုင်မှသာ “နာပရံ ဣတ္ထတ္ထာယ” လို့ခေါ်တဲ့ နောက်ထပ်လုပ်စရာကလည်း မလာနိုင်တော့ မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကိုသိပြီး ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခု အောင်မြင်ပြီးမြောက် သွားရင် ကြွေးကြော်နိုင်ဖို့ “ကတံ ကရဏီယံ” ဆိုတဲ့ စကားလုံးလေးက တွန်းအားပေးနေတယ်လို့မှတ်ယူပြီး အသုံးချတတ်အောင် ကြိုးစားကြရမှာပါ။ တကယ်လို့ အဲဒီလို အသုံးချရင်ရင် အသုံးချတဲ့သူတိုင်းအတွက် အသုံးကျနေမှာပါ။  ဒါက လောကီပိုင်းပိုင်းကို "ကတံ ကရဏီယံ" ဆိုတဲ့စကားလုံးလေးနဲ့ ချဉ်းကပ်ကြည့် တာပါ။  

လောကုတ္တရာပိုင်းမှာလည်း ထို့အတူပါပဲ။ တရားအားထုတ်နေတဲ့သူရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲ ဆိုတဲ့ သတ်မှတ်ထားတဲ့ဘောင်နဲ့ အချိန်ဇယားတော့ရှိရမှာပါ။ ဥပမာ သောတာပန်ဖြစ်အောင် တရားအား ထုတ်နေတဲ့ ပဋိပတ်သမားအနေနဲ့ သောတာပန်မဖြစ်သေးသမျှ “ကတံ ကရဏီယံ” လို့ ပြောနိုင်သေးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သောတာပန်ဖြစ်အောင် လုပ်ရမယ့်အလုပ်များ မပြီးသေးလို့ဖြစ် ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်မပြီးသေးရင် “နာပရံ ဣတ္ထတ္ထာယ” ကလည်း လာဦးမှာပါပဲ။ ဒါကြောင့် ပဋိပတ်သမားအနေနဲ့လည်း ဒီစကားလုံးလေးရဲ့အဓိပ္ပါယ်ကို ထဲထဲဝင်ဝင်နားလည်ပြီး ကြိုးစားရှုမှတ်အား ထုတ်မှသာ “ကတံ ကရဏီယံ” လို့ဆိုနိုင်မှာဖြစ်ပါတယ်။ 
၎။ 
မြတ်ဗုဒ္ဓရဲ့တရားတော်များဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ရောပါ အသုံးချမယ်ဆိုရင် လက်တွေ့အသုံးကျတဲ့တရားတော်များဖြစ်တယ်ဆိုတာ စာရေးသူကတော့ သံသယလုံးဝမရှိပါဘူး။ ဥပမာပြော ရရင် မြတ်ဗုဒ္ဓမိန့်တော်မူခဲ့တဲ့ “မောဃကာလံ န ခေပယေ” ဆိုတဲ့စကားလုံးလေး။  ဒီစကား လုံးလေးရဲ့အဓိပ္ပါယ်က “အချိန်တွေကို အချည်းနှီး အလဟဿ မကုန်စေနဲ့” လို့ဖြစ်ပါတယ်။ ဒီစကား လုံးလေးကို တရားအားထုတ်နေတဲ့ ပဋိပတ်သမားက အသုံးချမယ်ဆိုရင် သူ့အတွက် အကျိုးရှိမှာဖြစ်သလို ပရိယတ်သမားတွေအတွက်လည်း ထိုနည်းအတူပါပဲ။ ပဋိပတ်သမားပဲဖြစ်ဖြစ်၊ ပရိယတ်သမားပဲဖြစ်ဖြစ် အဲဒီစကားလုံးလေးရဲ့မူလအဓိပ္ပါယ်နဲ့ ဆန့်ကျင်ပြီး မိမိတို့ဆိုင်ရာတရားအားထုတ်ခြင်း၊ စာပေသင်ကြားပို့ ချခြင်းများကို မပြုလုပ်ဘဲ အချိန်တွေကို အချည်နှီး အလဟဿအကုန်ခံမယ်ဆိုရင် မိမိတို့ဦးတည်ရာကို လွယ်လွယ်ကူကူနဲ့ရောက်မှာ မဟုတ်ပါဘူး။ 

စာရေးသူဟာ “မောဃကာလံ န ခေပယေ” ဆိုတဲ့စကားလုံးလေးကို ပရိယတ်သမားတစ်ယောက်အနေနဲ့ ပထမဆုံး ကြားဖူးခဲ့တာပါ။ မြန်မာနိုင်ငံရှိစာသင်တိုက်အသီးအသီးက ဆရာတော်များက တပည့်ရဟန်းသာ မဏေများ စာမေးပွဲအောင်ပြီး ဘာသာ သာသနာအကျိုးကိုဆထက်ထမ်း ပိုး ဆောင်ရွက်နိုင်ဖို့ ဒီစကားလုံးလေးနဲ့ အမြဲမပြတ် သတိပေးဆုံးမတော်မူပါတယ်။ ဆိုလိုတာက ဒီစကားလုံးကို လောကုတ္တရာ ပိုင်းမှာ အသုံးချရင် အသုံးကျမှုကိုပါ။ 

 လောကီပိုင်းကိုလည်း ကြည့်ပါဦး။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ စီးပွားမရှာဘဲ အချိန်တွေကို အလဟဿဖြုန်းနေမယ်ဆိုရင် လောကီကြီးပွားရေးဟာ သူနဲ့ဝေးနေမှာပါပဲ။ လောကီစီးပွားရေးသမား တစ်ယောက်အနေနဲ့လည်း “မောဃကာလံ န ခေပယေ” ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုနားလည်ပြီး အကျိုးရှိရှိအသုံးချတတ်မယ်ဆိုရင် သူ့အတွက် အသုံးကျလာမှာပါ။ စာရေးသူပြောချင်တာက မြတ်ဗုဒ္ဓဟောတော်မူခဲ့တဲ့တရားတော်များထဲက စကားလုံးလေး တစ်လုံး တစ်လုံးရဲ့ အင်အားပါ။ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ထဲထဲဝင်ဝင်လေ့လာကြည့်ရင် အင်အားဖြစ်စေသွားစေတဲ့ စကားလုံများစွာ ရှိပါတယ်။ လောကီသမားပဲဖြစ်ဖြစ် လောကုတ္တရာသမားပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ဘာသာခြားပဲဖြစ်ဖြစ် မြတ်ဗုဒ္ဓတရားတော်များကို သေချာလေ့လာပြီး လိုက်နာကျင့်သုံးကာ အသုံးချ တတ်မယ်ဆိုရင် အသုံးကျတဲ့အရာများဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ပညာရှင်တို့က လူတိုင်းက ဗုဒ္ဓဘာသာမဟုတ်သော်လည်း ဗုဒ္ဓ၀ါဒဟာ လူတိုင်းအတွက်ဖြစ်တယ်လို့ ဆိုကြ တာ ဖြစ်ပါလိမ့်မယ်။
၅။ 

မြတ်ဗုဒ္ဓကတော့ အနတ္တလက္ခဏသုတ်တော်မှာ လောကုတ္တရာပိုင်းအတွက်ရည်ရွယ်ပြီး “ကတံ ကရဏီယံ” လို့ ဟောတော်မူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စာရေးသူကိုယ်တိုင်ဟာလဲ ဆိုင်ရာအတန်း  ကို အောင်မြင်ေ အာင် အားထုတ်နေရတဲ့ ကျောင်းသားဖြစ်တာမို့ အဲဒီစကားလုံးလေး ကို လောကုတ္တရာ အမြင်အပြင် စာမေးပွဲသမားတစ်ယောက်ရဲ့အမြင် တစ်နည်းပြောရ ရင် လောကီရှုထောင့် နဲ့ပါ ချဉ်းကပ်ကြည့် တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ စာမေးပွဲနဲ့ပတ်သက်ပြီး “ကတံ ကရဏီယံ” လို့ မပြောနိုင်သေး ပါဘူး။ သံသရာဝဋ်မှ ထွက်မြောက်စေလိုတဲ့ မြတ်ဗုဒ္ဓရဲ့ဆန္ဒတော်အတိုင်း ရဟန်းတစ်ပါး အနေနဲ့ အနတ္တလက္ခဏသုတ်တော်မှာ မြတ်စွာဘုရား အဓိကရည်ရွယ်ပြီးတော်မူခဲ့သလို “ကတံ ကရဏီယံ” ကို  ချဉ်းကပ်ကြည့်တော့လဲ ………………….။ 
၆။ 
စာဖတ်သူရော……………။    ။ 

Read More...