လောကတ္ထစရိယ
(၁)
“လောကတ္ထစရိယ” ဆိုတဲ့စကားလုံးလေးကို ဗုဒ္ဓဘာသာဝင်အများစု
ကြားဖူးနားဝရှိကြပါတယ်။ စာရေးသူဟာ မြန်မာ နိုင်ငံမှာ ပရဟိတအလုပ် လုပ်နေသူများကိုတွေ့ဖူးမြင်ဖူးကြားဖူးနေပေမယ့်
“လောကတ္ထစရိယ”ဆိုတဲ့ စကားလုံးနဲ့တွဲ ပြီး မမြင်မိဖူးပါဘူး။ အဲဒီလိုမမြင်မိတာဟာ စာရေးသူကိုယ်တိုင်
အတွေ့အကြုံနည်းလို့ ဒါမှမဟုတ် စာရေးသူကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်က ကျဉ်းလွန်းလို့လည်း
ဖြစ်နိုင်ပါတယ်။
သီရိလင်္ကာနိုင်ငံရောက်ပြီးနောက်မှာတော့ စာရေးသူနေတဲ့
ဆင်ဟာလဘုန်းကြီးကျောင်းမှာ အပတ်စဉ် စနေ တနင်္ဂနွေ နေ့များမှာ ကလေးသူငယ်များကို ဘုန်းတော်ကြီးများဦးစီးဦးဆောင်ကာ
ပညာသင်ကြားပေးနေတာများကို တွေ့ရတဲ့ အခါမှသာ “လောကတ္ထ စရိယ”ဆိုတဲ့ စကားလုံးလေးကို ပရဟိတသမားများနဲ့
တွဲပြီးမြင်မိခဲ့တာ ဖြစ်ပါတယ်။
(၂)
သီရိလင်္ကာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာ (၅)နိုင်ငံထဲက
တစ်နိုင်ငံဖြစ်ပါတယ်။ တတိယသင်္ဂါယနာ တင်ပြီးနောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓသာသနာ
လူသိထင်ရှားရောက်လာခဲ့ပြီး သာသနာဟာလည်း နေလိုလလိုထွန်းကားခဲ့ပါတယ်။ ဆရာဒကာ လက်တွဲညီခဲ့တဲ့
သီရိလင်္ကာနိုင်ငံဟာ သူ့ကျွန်အောက်မှာ နှစ်ပေါင်း ၃၀၀ လောက် နေခဲ့ရပေမဲ့ ဘုန်းတော်ကြီးများရဲ့
ဘာသာရေးကို ပညာရေးနဲ့ထိန်းကွပ်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းမှုအောက်မှာ ဗုဒ္ဓဘာသာဟာ ယနေ့အချိန်အထိ
ထွန်း လင်းတောက်ပနေဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုအခြေပြုတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများဟာလည်း
အားကောင်းနေဆဲဖြစ်ပါ တယ်။
သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းလင်းတောက်ပနေမှုအကြောင်းကို
ပြောတဲ့အခါဘုန်းတော်ကြီးကျောင်းပညာရေး အကြောင်း ကိုထည့်ပြောမှပြည့်စုံမယ်လို့ ယူဆမိပါတယ်။
တကယ်တော့ သီရိလင်္ကာနိုင်ငံကခေတ်ဦး ဘုန်းတော်ကြီးများဟာ မြန်မာနိုင်ငံက ဘုန်းတော်ကြီးများလိုပဲ
ဘုန်းတော်ကြီးကျောင်းပညာရေးများနဲ့ နိုင်ငံသူနိုင်ငံသားများကို မျက်စိဖွင့်ပေးခဲ့သူများ
ဖြစ်ကြပါ တယ်။ လောကဓာတ်ကျောင်းများပေါ်ထွက်မလာခင်က ဘုန်းတော်ကြီးကျောင်းက ပညာရပ်များကို
သင်ကြား တတ်မြောက်ပြီး သူများဟာ လှုမှုနယ်ပယ်မှာ ကောင်းစွာရပ်တည်နိုင်စွမ်း ရှိပါတယ်။ လောကဓာတ်ကျောင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း မှာတော့ ဘုန်းတော်ကြီးကျောင်းက သင်ပေးလိုက်တဲ့ပညာရပ်များဟာ
သူတို့ဘ၀ရဲ့အာမခံချက်ကို အပြည့်အ၀မပေးနိုင်တော့ ပါဘူး။
ဒီတော့ သူတို့ဟာ ဘုန်းတော်ကြီးကျောင်းများကို
ကျောခိုင်းပြီး သူတို့ဘ၀ရဲ့ထောက်တည်ရာ ပညာကိုပေးစွမ်းနိုင် တဲ့ လောက ဓာတ်ကျောင်းများကိုသာ
သွားကြပါတော့တယ်။ ဒါကလည်းအပြစ်တော့ မဆိုသာပါဘူး။ ဒီလိုနဲ့ နိုင်ငံ ရဲ့ ခေတ် ဦးကာလမှသည်
နယ်ချဲ့လက်အောက်ကျရောက်တဲ့အချိန်အထိ တစ်ကြောင်းတည်းသွားခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်း ပညာရေး ဟာ
လောက ဓာတ်ကျောင်းများပေါ်ထွက်လာချိန်မှာတော့ တဖြည်းဖြည်းနဲ့ ယိမ်းယိုင်ပြိုကျလာခဲ့ တယ်လို့
ဆိုနိုင်ပါတယ်။ ဒီလို အခြေအနေ ကို ခေတ်ကိုမျက်ခြေအပျက်မခံတဲ့ ဘုန်းတော်ကြီးများက သတိပြုမိ
လာကြပါတယ်။
ခေတ်ကိုမျက်ခြေအပျက်မခံတဲ့ ဘုန်းတော်ကြီးမျာထဲမှာ
အထင်ရှားဆုံးရဟန်းတော်ကတော့ “ဒေါက်တာ ၀ါပိုလ်ရာ
ဟုလာ” အရှင်သူမြတ်ပဲ ဖြစ်ပါတယ်။ အရှင်မြတ်ဟာ သာမဏေဘ၀ကအစပြုပြီး ရဟန်းဖြစ်တဲ့အထိ
ခေတ်အလိုက် ကျင်းပတဲ့ စာမေးပွဲ အဆင့်ဆင့်ကိုအောင်ပြီး စာချဘုန်းကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။
စာချဘုန်းကြီးဖြစ်ပြီး စာပေကို အပတ်တ ကုတ်ပို့ချဖို့လုပ်ပေ မယ့် ဘုန်းတော်ကြီးကျောင်းများမှာစာပေသင်ယူ မယ့်
ကျောင်းသားကိုရင် မရှိလောက် အောင် ကို ဖြစ်နေ ခဲ့ပါတယ်။ တကယ်တော့ မိဘတိုင်းဟာ သူတို့ရဲ့သားသမီးများကို
ဘ၀ရဲ့အာမခံချက် များ ပေးနိုင်တဲ့ ပညာများကို သင်ကြားပေးနိုင်တဲ့နေ ရာကိုသာ ပို့ချင်ကြတာဓမ္မတာပဲ
ဖြစ်ပါတယ်။ ဒီတော့ ဘုန်းတော်ကြီး ပညာရေး ကျောင်းများကို ယှဉ်ပြိုင်လာတဲ့ လောက ဓာတ်ကျောင်းများကို
အပြစ်ပြောနေရုံ ဒါမှမဟုတ် လောကီပညာရေး ကျောင်းများကိုသာ သားသမီး များကိုပို့တဲ့မိဘများကို
အပြစ်ပြောနေရုံနဲ့ ကလေးငယ်များဟာ ကျောင်းသား ကိုရင် အဖြစ်နဲ့ ဘုန်းတော်ကြီးကျောင်း များကို
ရောက်လာမှာမဟုတ်ဘူး ဆိုတာကိုလည်း အရှင်မြတ်က သတိပြုမိသွားပါ တယ်။
အရှင်မြတ်ဟာ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး
ဘုန်းတော်ကြီးအနေနဲ့ ခေတ်ပညာများကို သင်တင့်တယ်လို့ ကောက်ချက် ချကာ ရဟန်း ၃ ၀ါအရမှာ
အင်္ဂလိပ်စာနဲ့တကွ ၁၀ တန်းပြဋ္ဌာန်းစာများကို ကျောင်းဆရာငှားကာ သင်ယူခဲ့ပါတယ်။ ဆရာတော် ဟာ
ဆယ်တန်းအောင်ပြီးနောက် လန်ဒန်တက္ကသိုလ်ရဲ့လက်အောက်ခံဖြစ်တဲ့ သီဟိုဠ်ယူနီဗာစတီ ကောလိပ်မှာတက်ရောက်ကာ
ပညာသင်ယူခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပထမဆုံးလောကီပညာရေးကိုသင်ယူပြီး တက္ကသိုလ်တက်ရောက်တဲ့ဘုန်းတော်ကြီး အဖြစ်
ဟိုးလေးတကျော်ဖြစ်ကာ ဝေဖန်ပုတ်ခတ်မှုများကိုလည်း အလူးအလဲခံခဲ့ရပါသေးတယ်။ ဒါပေမဲ့
ဆရာတော်ရဲ့ အမြော်အမြင်ကြီးမားမှု၊ သည်းခံမှု၊ ဇွဲလုံ့လရှိမှုများ ကြောင့် ဒီနေ့ခေတ်မှာ
သီရိလင်္ကာနိုင်ငံရဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေး ဟာ အလဲထိုးမခံရဘဲ လောကီပညာရေးကျောင်းများနဲ့
ယှဉ်ကာ ရှေ့ သို့ချီတက်နေတယ်ဆိုရင် မမှားပါဘူး။
( ၃ )
ဒီလိုမျိုးခေတ်ပညာသင်ကျောင်းများနဲ့ တန်းတူယုဉ်ပြိုင်သွားလာနေတဲ့
သီရီလင်္ကာနိုင်ငံဘုန်းတော်ကြီးသင်ပညာရေးများ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
ယခုလက်ရှိ သီရိလင်္ကာနိုင်ငံဘုန်းတော်ကြီးကျောင်းပညာရေး မှာအဆင့် ၃ဆင့်ရှိပါတယ်။ အဲဒီအဆင့်တွေကတော့-
(1) မူလိက
ပရိဝေဏ (Mulika Pirivenas)
(2) မဟာ
ပရိဝေဏ (Maha Pirivenas)
(3) ပရိဝေဏ
ဝိဒ်ယ ယတန (Pirivena Vidyayathana) တို့ဖြစ်ပါတယ်။
1. ဆင်ဟာလ
(Sinhala)
2. သင်္ချာ
(Mathematics )
3. သိပ္ပံ
(Science )
4. အင်္ဂလိပ်
(English)
5. လှုမှုဗေဒ
(Sociology)
6. ဗုဒ္ဓဘာသာ
(Buddhism)
7. ပါဠိ
(Pali)
8. သက္ကတ
(Sanskrit)တို့ဖြစ်ပါတယ်။
မူလိကပရိဝေဏမှာ အဆင့် (၅) ဆင့်ရှိပါတယ်။ အစိုးရကျောင်းအဆင့်
(၇) ရောက်တဲ့ကျောင်းသားများလည်း မူလိကပရိ ဝေဏ အဆင့် (၁) မှာ တက်ရောက်နိုင်ပါတယ်။ ကျောင်းသူများကိုတော့
တက်ရောက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။ တစ်နည်းပြောရရင် ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့အဆင့်
(၁) ဟာ အစိုးရကျောင်းပညာရေးရဲ့ အဆင့် (၇) နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက်
အစဉ်အတိုင်း ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့ အဆင့် (၂)ဟာ အစိုးရကျောင်းအဆင့် (၈)၊ ဘုန်းတော် ကြီးကျောင်းပညာရေးရဲ့အဆင့်
(၃) ဟာ အစိုးရကျောင်းပညာရေးရဲ့ အဆင့် (၉)၊ ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့ အဆင့် (၄)
ဟာ အစိုးရကျောင်းပညာရေးရဲ့အဆင့် (၁၀)နဲ့ ဘုန်းတော်ကြီးကျောင်း
ပညာရေးရဲ့နောက်ဆုံးအဆင့် (၅) ဟာ အစိုး ရကျောင်း ပညာရေးရဲ့ အဆင့် (၁၁) (Oridnary
Level) နဲ့ အသီးသီးညီမျှတယ်လို့ သိရပါတယ်။
မူလိကပရိဝေဏပြီးသွားတဲ့ စာသင်သားရဟန်းသာမဏေများနဲ့
ကျောင်းသားများဟာ မဟာပရိဝေဏမှာရှိတဲ့ နောက်ထပ် အဆင့် (၃) ဆင့်ကိုထပ်ပြီးတော့ တက်ရောက်ကြရပါတယ်။
အဲဒီအဆင့်တွေကတော့
(1) ပရချေန
ပထမနှစ်(Pracheena Primary)
(2) ပရချေန
ဒုတိယနှစ် (Pracheena Medium)
(3) ပရချေန
နောက်ဆုံးနှစ် (Pracheena Final) တို့ဖြစ်ပါတယ်။
Pracheena Medium ပြီးသွားတဲ့ ရဟန်းသာမဏေကျောင်းသားများဟာ
အစိုးရကျောင်းပညာရေးရဲ့ အထက်တန်း အဆင့်ဖြစ် တဲ့ Advence Level အဆင့် (၁၂) နဲ့ အဆင့်
(၁၃) တို့ကို တက်ရောက်ပညာသင်ကြားနိုင်ပါတယ်။ Advence Level မှာ အမှတ်ကောင်းရင်ကောင်းသလို
ကိုလံဘိုတက္ကသိုလ်၊ ပေရာဒနိယတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်နဲ့ ဇေယျဝဏ္ဍနပူရ တက္ကသိုလ်စတဲ့ အဆင့်မြင့်တက္ကသိုလ်များမှာလည်း
တက်ရောက်ပညာသင်ကြားခွင့်ရနိုင်ပါ တယ်။ အမှတ်မကောင်းရင်တော့ နာမည်ကြီးတက္ကသိုလ်များကိုတက်ရောက်ခွင့်မရနိုင်ပါဘူး။
သီရိလင်္ကာနိုင်ငံရဲ့ပညာရေးမူအရ Pracheena
Final ပြီးမှ “Royal Pandits”ဘွဲ့ကိုရယူနိုင်မှာဖြစ်ပါတယ်။ သီရိလင်္ကာ နိုင်ငံသား အများစုကတော့
ရဖို့ရာခက်ခဲတဲ့ Royal Panditsဘွဲ့ကိုသိပ်ပြီးတော့ မယူကြပါဘူး။ Royal Pandits ဘွဲ့မရ
ပေမဲ့ Advence Level ပြီးအောင်တက်ရင် အလုပ်အကိုင်ရဖို့အတွက် မခက်ခဲတော့တာမို့ ပညာရေးကိုလိုက်စားတဲ့
သူအနည်းစုသာ Royal Pandits ဘွဲ့ကိုယူကြတယ်လို့ ဆိုပါတယ်။
Pirivena Vidyayathanaမှာတော့ မူလိကပရိဝေဏနဲ့
မဟာပရိဝေဏများပါမှာတဲ့ ပညာရေးမူများအားလုံးကို တစ်နေ ရာတည်း မှာ သင်ကြားခွင့်ရတဲ့တက္ကသိုလ်လို
အ၀န်းအ၀ိုင်း တစ်ခုဖြစ်ပါတယ်။ PirivenaVidyayathanaမှာ တစ်ခုထူး လာတာက ရဟန်း သာမဏေ ကျောင်းသား
ကျောင်းသူအားလုံး သင်ယူခွင့်ရရှိခြင်းပဲ ဖြစ်ပါတယ်။ Pirivena Vidyayathana မှာတက်ရောက်
ပညာ သင်ကြားကြတဲ့ ရဟန်းသာမဏေများဟာ Painting, Computer programming, Techonologyစတဲ့
ဝိဇ္ဇာဘာသာရပ်များကို သင်ကြားခွင့်ရကြပါတယ်။ အခြား Commerce, Science တို့လို သိပ္ပံဘာသာရပ်များကိုတော့
သင်ကြားခွင့်မရှိဘူးလို့ သိရပါ တယ်။
(၄)
ဘုန်းတော်ကြီးကျောင်းပညာရေးအပြင် သီရိလင်္ကာနိုင်ငံမှာဘုန်းတော်ကြီးကျောင်းပညာရေးနဲ့
လောကီပညာရေးတို့ကို တစ်ထောင့်တစ်နေရာက ထိန်းညှိပေးတဲ့နေရာဟာ ဘုန်းတော်ကြီး ကျောင်းများမှာအပတ်စဉ်တနင်္ဂနွေနေတိုင်း
ကလေး သူငယ်များတက်ရောက်ပညာသင်ကြားရာ “Dhamma
Sunday School” ခေါ် တနင်္ဂနွေကျောင်း ဖြစ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။ သီရိလင်္ကာနိုင်ငံကမိဘများဟာ လူလားမြောက်လာတဲ့
သူတို့ရဲ့သားသမီးများကို တနင်္ဂနွေကျောင်းကိုပို့ရလေ့ ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့
ကလေးသူငယ်များ ဘုန်းတော်ကြီး ကျောင်းကိုမပို့မနေရလို့ ဥပဒေပြဋ္ဌာန်း မထားပေမယ့် သီရိလင်္ကာနိုင်ငံသားအများစုဟာ
ဥပဒေပြဋ္ဌာန်းထား သလိုလိုက်နာကြပါတယ်။
သီရိလင်္ကာသားများကိုအဲဒီလိုဖြစ်အောင် လုပ်ထားတဲ့အရာကတော့
Dhamma Sunday School အောင်လက်မှတ်ပါပဲ။ အရွယ်ရောက်လာတဲ့
သီရိလင်္ကာနိုင်ငံသားတစ်ယောက်အနေနဲ့ အလုပ်လျှောက်လွှာတင်တော့မယ်ဆိုရင် Dhammma
Sunday School အောင်လက်မှတ်ဟာ မရှိမဖြစ်နီးပါး လိုအပ်လာပါတယ်။ အဲဒီအောင်လက်မှတ်ပါရင်
အကျင့်စာရိတ္တကောင်းတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ ဒါကြောင့် ကျောင်းပြီးလို့အလုပ်ခွင်ထဲဝင်တော့မယ့် ကလေးတစ်ယောက်အတွက် အလုပ်ရဖို့ အထောက်အကူပြုတဲ့ Dhamma Sunday School ကို မိဘတိုင်းလိုလို သူတို့ရဲ့သားသမီးများကိုပို့ကြတာ
ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာDhamma Sunday School စခဲ့တာ
နှစ်ပေါင်းတစ်ရာကျော်နေပြီ ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ အမေရိ ကန်နိုင်ငံသား ဗိုလ်မှူးကြီးဟင်နရီစတီးလ်အောလ်ကော့ထ်
(Col. Henry Steele Olcott) ဟာ သီရိလင်္ကာ
နိုင် ငံ ရောက်လာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း သီရိလင်္ကာနိုင်ငံဗုဒ္ဓဘာသာနဲ့
ခရစ်ယာန်ဘာသာဝင်များ အကြား ယှဉ်ပြိုင်စကားနိုင်လုပွဲအကြောင်း သတင်းစာမှာဖတ်မိရာကနေ
ဗုဒ္ဓဘာသာကို စိတ်ဝင်စားကာ သီရိလင်္ကာနိုင်ငံ ကို ရောက်လာခဲ့တာဖြစ်ပါတယ်။
သူရောက်လာပြီးသိပ်မကြာခင်မှာပဲဗုဒ္ဓဘာသာအဖြစ်ခံယူကာ
(၁၈၈၆) ခုနှစ်မှာတော့ သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံး Dhamma Sunday School ကို Galle မြို့မှာရှိတဲ့
VijayanandaPirivena ကျောင်းမှာ စတင်ခဲ့ပါတယ်။ Dhamma Sunday School ကို စတင်ခဲ့တဲ့အချိန်က
ပြဋ္ဌာန်းစာအုပ်သီးသန့်မရှိပေမယ့် ယနေ့အချိန်မှာတော့ Dhamma Sunday School ဟာ အတန်း (၁၂)
တန်းအထိရှိပြီး ပြဋ္ဌာန်းစာအုပ်များလည်း သီးသန့်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Dhamma Sunday School ပြဋ္ဌာန်းစာအုပ်များကိုတော့
သာသနာရေးဝန်ကြီးဋ္ဌာနက အခမဲ့ရိုက်နှိပ် လှူဒါန်းပါတယ်။ လက်ရှိ သီရိလင်္ကာနိုင်ငံသမ္မတကိုယ်တိုင်လည်း
Dhamma Sunday School ကျောင်းထွက်ဖြစ်တယ်လို့ သိရပါတယ်။ သတင်းစာထဲ မှာလည်း အခါအားလျှော်စွာ
သမ္မတကိုယ်တိုင် Dhamma Sunday School များသွားရောက်ကာ အားပေးချီးမြှောက်လေ့ ရှိတဲ့အကြောင်း
ဖော်ပြလေ့ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်လောက်ကတည်းကစခဲ့တဲ့
Dhamma Sunday School ဟာ အခုအခါမှာတော့ သီရိလင်္ကာနိုင်ငံ မှာ အခြေခိုင်နေပြီ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံသား ကလေးသူငယ်များဟာ Dhamma Sunday School တက်ဖို့ တနင်္ဂနွေနေ့ မှ ဘုန်းတော်ကြီးကျောင်းကို
လာရတာမဟုတ်ဘဲ စနေနေ့များမှာလည်း အင်္ဂလိပ်စာအခမဲ့ သင်တန်းတက်ဖို့ လာလေ့ရှိပါတယ်။ အခမဲ့အင်္ဂလိပ်စာသင်တန်းများရဲ့ကျေးဇူးကြောင့်
သီရိလင်္ကာနိုင်ငံသားအများစုဟာ အင်္ဂလိပ်စာနဲ့ ပတ်သက်ရင်စိမ်းမနေတော့ ဘဲ အင်္ဂလိပ်စကားပြောတဲ့အကျင့်ကိုလည်း
ငယ်ငယ်ကတည်းက ရရှိလာခဲ့ ကြပါတယ်။
ကျောင်းသားကျောင်းသူလေးများဟာ Dhamma
Sunday School သင်တန်းများကို Ordinary Level ပြီးတဲ့ အထိ တက်ရောက်လေ့ ရှိကြပါတယ်။
လောကီကျောင်းမှာ Ordinary Level ပြီးသွားချိန်မှာ ဘုန်းတော်ကြီးကျောင်းကလည်း Dhamma Sunday
School ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာကလေးများရဲ့အသက်ကလည်း (၁၇) နှစ်ခန့်ရှိသွားပါပြီ။
အသက် (၆) နှစ်အရွယ်လောက်ကနေ (၁၇) နှစ်အရွယ်အထိ (၁၂) နှစ်နီးပါး ဘုန်းတော်ကြီး ကျောင်းက
သင်ပေးလိုက်တဲ့ Dhamma Sunday School အသိဥာဏ်များဟာကလေးများရဲ့စိတ်ထဲမှာ စွဲခိုင်သွားပြီလို့
ဆိုနိုင်ပါတယ်။
စာရေးသူအမြင်ကိုပြောရရင်
အသက်ကြီးသူများဥပုသ်စောင့်လာအောင် ဆွဲဆောင်တာထက် အသက်ငယ်သေးတဲ့ ကလေး ငယ်များ Dhamma
Sunday School သင်တန်းတက်လာအောင် ဆွဲဆောင်တာက ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှလည်း ကလေးငယ်များဟာ နိုင်ငံအတွက် ပိုလှပတဲ့အနာဂတ်များကို
ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အသက်အရွယ်ငယ်သေးတဲ့အချိန်မှာ ကလေးငယ်များရဲ့
စိတ်ထဲဘာသာရေး အသိဥာဏ်များ ပေးထားသင့်ပုံကို မဟာဂန္ဓာရုံဆရာတော်က “အိုးမဖုတ်ခင်၊ အိုးလုပ်စဉ် ၀ယ်၊
အိုးတွင်နှိပ်ခက်၊ တံဆိပ်ခက်မှ၊ မပျက်မစဲ၊ အိုးပင်ကွဲလည်း၊ အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊ ခပ်နှိပ်နိုင်မှ၊ သက်ဆုံး ကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊ ကိုယ်စီခပ်နှိပ်နိုင်စေသတည်း” လို့ လွတ်လပ်ရေးခေတ်ကတည်းက မိန့်တော်မူခဲ့ပါတယ်။
(၅)
တကယ်တော့ မြန်မာဘုန်းတော်ကြီးများလည်းခေတ်အဆက်ဆက်ကနေ
သီပေါမင်းပါတော်မမူမီအချိန်အထိ ဘုန်း တော် ကြီးကျောင်းပညာရေးနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့
ပညာမျက်စေ့များကိုဖွင့်ပေးခဲ့ဖူးကြပါတယ်။ အဲဒီအချိန်က ဘုရင်ကိုယ်တိုင် ကအစ ဘုန်းကြီးကျောင်းထွက်ဖြစ်ကာ
ဝန်ကြီး၊ မှူးမတ်၊ သေနာပတိစတဲ့သူများလည်း ဘုန်းကြီး ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်များနဲ့
ဘ၀ရဲ့အာမခံချက်များရပြီး အမျိုးဘာသာသာသနာအတွက် အမှန်တကယ် အားကိုးရသူများဖြစ်ခဲ့ကြပါတယ်။
သီပေါမင်းပါတော်မူပြီး (၁၈၈၅) ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာလည်း သီရိလင်္ကာနိုင်ငံမှာလိုပဲ
ဘုန်းတော်ကြီးကျောင်း ပညာရေးကို လောကဓာတ်ကျောင်းများကယှဉ်နိုင်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာသီရိလင်္ကာနိုင်ငံလို
ပြောင်းလဲမှုများကိုလက်မခံခဲ့တာကြောင့် လောကီပညာရေးကျောင်း များရဲ့ အလဲထိုးမှုကိုခံလိုက်ရတယ်လို့
ဆိုနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးပညာရေးနဲ့ လောကီ ပညာရေးဟာ အတူယှဉ်တွဲပြီးမသွားနိုင်ခဲ့ပါဘူး။
ဘုန်းတော်ကြီး ကျောင်းပညာရေးနဲ့ လောကဓာတ်ပညာရေးဟာ သီးသန့်စီသွားနေကြရပြီး ဗုဒ္ဓဘာသာဝင်အများစုဟာလည်း
ဘုန်းတော်ကြီးများတတ်သိထားတဲ့ လောကုတ္တရာပညာ ရပ်များဟာ လောကီလူသားများ အတွက် လက်တွေ့နယ်ပယ်မှာ
အသုံးမ၀င်ဘူးလို့ ယူဆကြပါတယ်။
(၆)
သီရိလင်္ကာနိုင်ငံမှာဘွဲ့တစ်ခုခုရပြီးတဲ့ ဘုန်းတော်ကြီးအများစုဟာကျောင်းဆရာများ
အဖြစ်ဆိုင်ရာကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များမှာစာသင်ကြရပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာလည်း
သီရိလင်္ကာနိုင်ငံဘုန်းတော်ကြီး များဟာ ပညာရေးနဲ့ ထိန်းကွပ်ပြီး နိုင်ငံရဲ့ဘာသာရေးကို
တိုးတက်ပြန့်ပွားအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဘုန်းတော်ကြီးများဟာ
သံသရာဝဋ်ကထွက်မြောက်ရေးကိုသာဦးစားပေးလုပ်ရမယ်ဆိုတဲ့ ပေတံနဲ့ တိုင်းတာမယ်ဆိုရင်တော့
သီရိလင်္ကာနိုင်ငံသားဘုန်းတော်ကြီးများဟာ ဘုန်းကြီးမပီသသူများလို့ ဆိုချင်ရင် ဆိုနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ပရိတ်ကြီး (၁၁) သုတ်မှာ အပါအ၀င်ဖြစ်တဲ့
ရတနသုတ်တော်အတိုင်းဆိုရင်တော့ ဘုန်းကြီးမပီသသူများလို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ ရတနသုတ်မှာ လူတစ်ယောက် လုပ်ရမယ့်အလုပ်တာဝန်သုံးမျိုးကို
ပြထားတာကို တွေ့နိုင်ပါတယ်။ အဲဒီအ လုပ်များကတော့ လောကတ္ထစရိယ လောကကောင်းကျိုးကိုသည်ပိုးခြင်း၊
ညာတတ္ထစရိယ ဆွေမျိုးများ ကောင်းကျိုးကို သည်ပိုးခြင်းနဲ့ ဗုဒ္ဓတ္ထစရိယ(အတ္ထတ္ထစရိယ) ကိုယ့်ဘ၀ကောင်းကျိုးကို
သည်ပိုးခြင်းတို့ ဖြစ်ပါတယ်။ တကယ်တော့ စရိယသုံး ပါးလုံးမှာ ပဓာနထားလုပ်တဲ့အလုပ်ကိုမူတည်ပြီး
ကျန်နှစ်ပါးကလည်း တစ်ဆက်တည်းလိုက်ပါလုပ်ဆောင်နေတာဖြစ်လို့ တစ်ခုနဲ့ တစ်ခုဆက်စပ်နေတယ်လို့
ဆိုနိုင်ပါတယ်။
လောကတ္ထစရိယဆိုတဲ့ စကားလုံးလေးကို လိုက်နာကျင့်သုံးသူများရှိလာမယ်ဆိုရင်
ယခုလက်ရှိဘ၀မှာ ဘ၀ရဲ့ လွတ်မြောက်မှု မရနိုင်သေးရင်တောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုအကြောင်းပြုပြီး
အေးချမ်းမှုရသွားမှာတော့ မလွှဲပါဘူး။ အဲဒီစကား လုံးလေးကို လက်တွေ့လိုက်နာကျင့်သုံးနေကြတဲ့
စာရေးသူနေထိုင်ရာ ဆင်ဟာလ ဘုန်းတော်ကြီးကျောင်းက Dhamma Sunday School ကျောင်းအုပ် ဆရာတော်နဲ့
ကျောင်းဆရာ ဆရာမများကို မြင်ရတိုင်း ရင်ထဲမှာ ကြည်နူးမိတာအမှန်ပါပဲ။ အမိမြန်မာနိုင်ငံမှာလည်း
လောကတ္ထစရိယဆိုတဲ့ စကားလုံးလေးကို လိုက်နာကျင့်သုံးကြတဲ့ Dhamma Sunday School လို ပရဟိတကျောင်းများ
များများပေါ်ပေါက်လာပြီး အရှည်တည်တံ့ပါစေကြောင်းလည်း အကြိမ်ကြိမ် ဆန္ဒပြုမိပါသည်။ ။