Saturday, May 5, 2012

ကဆုန်လပြည့်နေ



ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များရဲ့ အလိုအရ သာသနာတော်နှစ်ပြောင်းသွားတဲ့နေ့ ဖြစ်ပါတယ်။ အခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ဆိုရင် သာသနာတော်နှစ်၂၅၅၅ ကနေ သာသနာတော်နှစ် ၂၅၅၆ ခုနှစ်သို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီနှစ်ဟာဆိုရင် မြတ်ဗုဒ္ဓတည်ထောင်တော်မူခဲ့တဲ့သာသနာတော် ၂၅၅၆ ခုနှစ်ဖြစ်ပြီး မြတ်ဗုဒ္ဓသဗ္ဗညုတဥာဏ်တော်ကြီးရပြီး ဘုရားအဖြစ်သို့ရောက်တော်မူခဲ့တာ နှစ်ပေါင်း ၂၆၀၀ ရှိသွားပြီဖြစ်ပါတယ်။ 

ကဆုန်လပြည့်နေ့ဆိုတဲ့စကားလုံးလေးကတော့ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာရဲ့သမိုင်းမှာလည်း ကဆုန်လပြည့်နေ့ဟာ အတော်ကို အရေးပါတဲ့အခန်းမှာ ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်ကို ကြည့်လိုက်မယ်ဆိုရင် ကဆုန်လပြည့်နေ့နဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်တော်စဉ်လေးခုပါဝင်လာတာကို တွေ့နိုင်ပါတယ်။ စာရေးသူတို့ငယ်ငယ်က ကဆုန်လပြည့်နေနဲ့ ပတ်သက်ပြီး ဆရာဘုန်းတော်ကြီးက “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဆိုတဲ့ စာသားလေးနဲ့ ရှင်းပြခဲ့ဖူးပါတယ်။ 

၁။ ဗျာဒိတ် ဆိုတာ သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာမြတ်ဗုဒ္ဓထံတော်က ကဆုန်လပြည့်နေ့မှာ ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မယ်ဆိုတဲ့ ဗျာဒိတ်ရခဲ့တဲ့နေ့ကို ဆိုလိုတာပါ။ 

၂။ ဖွားမြင် ဆိုတာ ဂေါတမမြတ်ဗုဒ္ဓအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့မှာ ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြားရှိ လုမ္ဗိနီဥယျာဉ်မှာ မွေးဖွားတော်မူခဲ့တာကို ဆိုလိုတာပါ။ 

၃။ ဗောဓိပင် ဆိုတာ ဂေါတမမြတ်ဗုဒ္ဓအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့မှာ ဂယာဒေသရှိ မဟာဗောဓိပင်အောက်မှာ သဗ္ဗညုမြတ် ဗုဒ္ဓအဖြစ်ရောက်တော်မူခဲ့တဲ့နေ့ကို ဆိုလိုတာပါ။ 

၎။ စံဝင်နိဗ္ဗာန်နန်း ဆိုတာ ဂေါတမမြတ်ဗုဒ္ဓဟာ သက်တော် (၈၀) ၀ါတော် (၄၅) အရ မဟာသက္ကရာဇာ် (၁၄၈) ခု ကဆုန်လပြည့်နေ့ ကုသိနာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ပရိနိုဗ္ဗာန်စံ ၀င်တော်မူသွားခဲ့တာကို ဆိုလိုတာပါ။ 



စာရေးသူတို့မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်နေ့ရောက်ရင် စေတီတော်များကို ရေသပ္ပါယ်ခြင်း၊ ဆင်းတုတော်များကို ရေသပ္ပါယ်ခြင်းများနဲ့ မဟာဗောဓိပင်များကို ရေလောင်းခြင်းစတဲ့ ကုသိုလ်ကောင်း မှုများကို ပြုလုပ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ အထက်ပါကု သိုလ်ကောင်းမှုများအပြင် မိမိတို့နေအိမ်တို့ သံဃာတော်များကို ပင့်ဖိတ်ကာ အာရုံဆွမ်း၊ နေ့ဆွမ်းများဆပ်ကပ်ခြင်း၊ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲစတဲ့ တိရစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်း စတဲ့ကုသိုလ်ကောင်းမှုများ ကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များ အတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ 

ကဆုန်လဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာမို့ ရေများ ခန်းခြောက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ မြတ်ဗုဒ္ဓပွင့်တော်မူခဲ့ရာ မဟာဗောဓိပင်ကို ရည် မှန်းပြီး ညောင်ပင်များကို ရေသွန်းလောင်းကာ “ကဆုန်ညောင်ရေသွန်းပွဲတော်”ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိညောင်ပင်ဟာ ပရိဘောဂစေတီထိုက်ပါတယ်။ ပရိဘောဂစေတီထိုက်တဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတာဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ မဟာဗောဓိပင်ဆက်လက်ရှင်သန်စေနိုင်ဖို့နဲ့ ဗုဒ္ဓသာသနာတော် ဆက်လက်ပြီး အဓွန့်ရှည်စွာ တည်တံ့နိုင်ဖို့ဖြစ်တယ်လို့ ဆိုလိုပါတယ်။ 



ကဆုန်လနဲ့ပတ်သက်ပြီးရှေးသဒ္ဒါဆရာများကတော့ “ကံ (ဥဒကံ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ (ဥဒကံ) ဆိဇ္ဇတိ ဧတ္ထ (ဧတသ္မိံ မာသေ တိ) ကံဆိန်။ ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခန်း ပြတ်တောက်တတ်၏၊ ဣတိ တသ္မာ - ထို့ကြောင့်၊ ကံဆိန် - ကဆုန်လ မည်၏ “ လို့ဆိုပြီး  က
- မှာ “ရေ” ကိုဆိုလိုကာ ဆုန်-မှာ “ပြတ်ခြင်း” ဖြစ်သဖြင့် နွေရာသီ၏ ဗဟိုကျသော ဤ လခါသည် ရေပြတ်သော ကာလဖြစ်သည်” လို့ဖွင့်ပြတာကို မှတ်သားဖူးပါတယ်။ 

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံများအတွက် အလွန့်ကို အရေးပါတဲ့နေ့ထူးနေ့မြတ် ကြီးဖြစ်ပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန့်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုနိုင်ရန် ညှိနိုင်းဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၉ ခု စက်တင်ဘာလမှာတော့ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ်က ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ ၅၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံအပါအ၀င် ဗုဒ္ဓဘာသာဝင်နိုင်ငံများနဲ့ ရှရှား၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံက ထောက်ခံလိုက်လို့ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၇၄ အရ “ကဆုန်လပြည့်နေ့”ကို (Vesak Universal Holiday) ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်  သတ်မှတ်ပေးခဲ့ပါတယ်။

ပါဠိစာပေမှာတော့ ကဆုန်လပြည့်နေ့ကို “ဝေသာခ” (Vesaka) လို့ခေါ်ပြီး နောက်ပိုင်းကျ ပါဌ်ပျက်ကာ “ဝေသာခ်”(Vesak)လို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ သီဟိုဠ်နိုင်ငံကတော့ ကဆုန်လပြည့်နေ့ကို ၀ိဆက်ခ်(Vesak Day) လို့ ခေါ်ပါတယ်။ သီဟိုဠ်သားတို့ဟာ ကဆုန်လပြည့်နေ့ ကို နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ကာ ဘာသာရေးပွဲတော်များကို ၇ ရက်ခန့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ သီဟိုဠ်နိုင်ငံမှာတော့ ကဆုန်လပြည့်နေ့ကို သာသနာ့အလံဖုံးလွှမ်းသောနေ့လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း၊ လမ်းတိုင်း၊ လမ်းဆုံလမ်းခွတိုင်း၊ ဈေးဆိုင်တိုင်း၊ ကားတိုင်းနီးပါးနဲ့ တစ်နိုင်ငံလုံးရဲ့နေရာအနှံ့မှာ သာသနာ့အလံများ လွှင့်ထူထားလို့ဖြစ်ပါတယ်။



ကဆုန်လပြည့်နေ့ရောက်ခါနီးရင် သီရိလင်္ကာနိုင်ငံမှာတော့ လမ်းဆုံ လမ်းခွနေရာများမှာ (torana) “တောရန”လို့ ခေါ်တဲ့ စင်မြင့်ကြီးများ ဆောက်လုပ်ကာ မြတ်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်များ၊ ဇာတ်တော်များ၊ ကောသလမင်းအိပ်မက် ၁၆ ချက်စတဲ့ ဗုဒ္ဓ၀င်အကြောင်းအရာများကို ဆေးရေးပန်းချီများနဲ့ သရုပ်ဖော်ကာ ညလုံးပေါက် မီးထွန်းကာ ပြသထားကြပါတယ်။ ရောင်စုံမီးပုံး ပြိုင်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ နယ်မှာနေကြတဲ့လူအများစုဟာ ကိုလံဘိုမြို့တော် သို့ ရောက်လာကြပြီး ရောင်စုံမီးထွန်းပွဲတော်များ၊ မြတ်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်များနဲ့ ဇာတ်တော်များကို မီးပန်းများနဲ့ အဆန်းတကြယ်ပြုလုပ်ပူဇော်ထားတာများကို လှည့်လည်ကြည့်ရှုကြပါတယ်။  

ကဆုန်လပြည့်နေ့ကတော့ အစည်ကားဆုံဖြစ်ပြီး ကိုလံဘိုမြို့ခံများကလည်း မိမိတို့အိမ်ရှေ့မှာ တီး၊ အအေး၊ ရေ၊ ထမင်း စတဲ့ စားသောက်ဖွယ်ရာများနဲ့ စတုဒိသာကျွေးမွေးကာ ဧည့်ခံလေ့ရှိကြပါတယ်။ ဒီလို အစားအသောက်များနဲ့ ဧည့်ခံတဲ့လူများရဲ့ မျက်နှာများကိုတွေ့ရတာလည်း စိတ်ချမ်းမြေ့စရာတစ်မျိုး ပါပဲ။ သူတို့ရဲ့မျက်နှာပေါ်မှာ “သူတို့သာလျှင် ဒီလို ကျွေးနိုင်တယ်”လို့ မာန်မာထောင်လွှားကာ လက်မထောင်ချင်တဲ့အမူအရာများမတွေ့ရဘဲ ပီတိဝေဖြာနေတဲ့ စေတနာများကို မျက်နှာမှာ တွေ့ရလို့ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ကဆုန်လပြည့်နေ့ရောက်မှ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပေမယ့် သီရိလင်္ကာနိုင်ငံကတော့ နေ့စဉ်နေ့တိုင်းရေသပ္ပါယ်လေ့ရှိပါတယ်။ ကဆုန်လပြည့်နေ့ရောက်မှ အထူးတလည်လုပ်ပြီး ရေသပ္ပါယ်တာ မဟုတ်ပါဘူး။ ကဆုန်လပြည့်နေ့ရောက်ရင်တော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း ဘုရားသွား ကျောင်းတက်ကို လူတိုင်းလိုလို လုပ်လေ့ရှိကြပါတယ်။ အစိုးရကလည်း ကဆုန်လပြည့်နေအပါအ၀င် ၃ ရက်တိုင်တိုင် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ 

အစိုးရရုံးပိတ်ရက် မတိုင်မီ တစ်ရက်အလို ၃.၅.၂၀၁၂ ရက်နေ့မှာ မကုဋာရာမမြန်မာကျောင်းမှုာ သုံးနေတဲ့ သုံးဘီးကားသမားတစ်ယောက်က “ဟင်းချက်စရာ အသားငါးများ ၀ယ်စရာရှိရင် အခုကတည်းက၀ယ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားသင့်ကြောင်း၊ အစိုးရက ဒီနေ့ သတင်းစာထဲမှာ ကဆုန်လပြည့်နေ့အပါအ၀င် ၃ ရက်တိတိကို အသားငါးရောင်းခွင့်ပိတ်ထားကြောင်း၊ အဲဒီရက်အတွင်းမှာဆိုရင် ဟင်းသီးဟင်းရွက်များသာ ၀ယ်လို့ရနိုင်မယ့်အကြောင်း” စာရေးသူကိုလာပြောပါတယ်။ အသားငါးစားသုံးမှုနဲ့ ပတ်သက်ပြီး သီဟိုဠ်နိုင်ငံသားရဟန်းတော်များ မဟာယာနဆန်ဆန်ကျင့်သုံးတာကို သဘောမကျပေမဲ့ အစိုးရက ဒီလို တရားဝင် ကြေညာပေးတာကို အတော် သဘော ကျသွားပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြ ဌာန်းနိုင်တာလို့ သူငယ်ချင်းများနဲ့တောင် ပြောဖြစ်ကြပါသေးတယ်။ 

၁၃၇၄ ခု ကဆုန်လဆန်း ၁၄ ရက်(၄.၅.၂၀၁၂) ရက်နေ့မှာတော့ သူငယ်ချင်းတစ်ပါးက သူ့ရဲ့ဆရာသမားကြွလာမှာမို့ လိုအပ်တဲ့ပစ္စည်းများသွားဝယ်ဖို့ စာရေးသူကိုခေါ်လို့ Arpico ဆိုတဲ့ ပုဂ္ဂလိကပိုင် Super Market ကြီးတစ်ခုဆီ ရောက်သွားပါတယ်။ စာရေးသူတို့သွားရာ လမ်းတစ်လျောက်မှာလည်း သာသနာ့အလံကို ပုံစံအမျိုးမျိုးနဲ့ လွှင်ထူထားတာများကို အတုယူဖွယ်ရာ အားကျဖွယ် တွေ့ရပါတယ်။ စာရေးသူတို့သွားရာ Super Market ကိုရောက်တော့လည်း ဆိုင်းကြီးတစ်ခုလုံးကို သာသနာ့အလံများက ဖုံးလွှမ်းနေပါတယ်။ စာရေးသူတို့ကို ကားသမားက ဆိုင်အ၀င်ပေါက်နားမှာချပေးခဲ့ပါတယ်။ 

ဆိုင်ပေါက်ဝရောက်ရောက်ချင်း စာရေးသူ သတိပြုမိလိုက်တာကတော့ အထဲကိုဝင်ခါနီးအပေါက်ဝမှာ ချိတ်ထားတဲ့စာရွက်တစ်ရွက်ပါပဲ။ တံခါးဝတည့်တည့်လူမြင်ကွင်းမှာ ချိတ်ထားတဲ့စာကိုဖတ်ပြီး ၀မ်းသာကြည်နူးသွားမိတာတော့ အမှန်ပါပဲ။ တစ်ဆက်တည်းမှာပဲ ငါတို့နိုင်ငံမှာလည်း  အစိုးရက ကဆုန်လပြည့်နေ့လို နေ့ထူးနေ့မြတ်များမှာ အသားငါးများ ရောင်းချခွင့်ကို တရားဝင်ပိတ်ပင်ကြောင်းကြေညာပြီး နာမည်ကြီးပြီး စားသုံးသူများအပေါ်သြဇာရှိတဲ့ ပုဂ္ဂလိကပိုင် Super Market များကလည်း ဆိုင်တိုင်းမှာ ဒီလိုစာမျိုးကပ်ထားနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးများကလည်း ၀င်လာခဲ့ပါတယ်။ 

စာရေးသူရောက်ခဲ့ရာ Arpico ဆိုင်ရဲ့ဆိုင်ပေါက်ဝ တံခါးတည့်တည့် လူမြင်ကွင်းမှာ ကပ်ထားတဲ့ စာကတော့ 

Dear Customers
Liquor Counter will be closed on 04th, 05th and 06th May Due to the Vesak Full Moon Poya Day.
Thank you.
Management. လို့ ဖြစ်ပါတယ်။ 

စာဖတ်သူကိုယ်တိုင်လည်း ဒီလိုမျိုးကပ်ထားတဲ့စာကို ကိုယ်တိုင်တွေ့ရရင် တစ်ခုခုကို အားမလိုအားမရဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Read More...