ရေကြည်ရာ မြက်နုရာ
(၁)
သူ မြန်မာနိုင်ငံမှာရှိနေစဉ်က
“ရေကြည်ရာ မြက်နုရာ” ဆိုသည့် စကားလုံးလေးကို တခုတ်တရ သတိမထား မိခဲ့ဟု ရိုးသားစွာဝန်ခံရမည်
ဖြစ်သည်။ ထိုစကားလုံးလေးကို သတိထားမိချိန်မှာ
၂၀၁၀ ခုနှစ်တွင် ဖြစ် သည်။ ထိုနှစ် ကျောင်းပိတ်ချိန်တွင် သူငယ်ချင်းနှင့်အတူ မလေးရှားနိုင်ငံ၊
စင်္ကာပူ နိုင်ငံတို့ကို သွားဖြစ် သည်။
(၂)
မလေးရှားနှင့်စင်္ကာပူနိုင်ငံတို့တွင်
အလုပ်လုပ်နေသည့် မြန်မာအမြောက်အမြားကို တွေ့ခဲ့ရသည်။ အထူး သဖြင့် မလေးရှားတွင် အလုပ်လုပ်နေသည့်မြန်မာများမှာ
ပို၍များသည်ဟု သူ ထင်သည်။ သို့ သော် သူ သိ ရသလောက် ကာယအလုပ်သမားများမှာ အများစုဖြစ်သည်။ ဥာဏအားဖြင့် အဆင့်မြင့်မြင့် အသက်မွေး ၀မ်းကြောင်းပြုသူများမှာ
မရှိသလောက်ပင် ဖြစ်သည်။ ကာယအလုပ် သမားတို့သည်
ကာယ အားကိုးဖြင့် သာ အသက်မွေးဝမ်းကြောင်းပြုရသည့်အတွက်
ဘ၀ကို ခါးသီးစွာ ဖြတ်သန်းနေရသူများဟု ပြောလျှင် မှားမည်မထင်ပါ။ မလေးရှားရောက်တုန်းရောက်ခိုက်တွင်
သူတို့နှင့် ပွင့်လင်းစွာ စကားပြောဖြစ်ခဲ့သည်။ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသည့် သူတို့၏ဘ၀အမောများကို
စိတ်ဝင်စားစွာ နားထောင်ဖြစ်ခဲ့သည်။
သူတို့နှင့် စကားပြောရင်း
သိလာရသည်မှာ သူတို့သည် “ရေကြည်ရာ မြက်နုရာ”ရှာကြရင်း မလေးရှား ကိုလာကြခြင်းပင် ဖြစ်သည်။
သို့သော် သူတို့ရှာနေသည့် “ရေကြည်ရာမြက်နုရာ”ကို တွေ့သူမှာ အနည်းစု သာဖြစ်သည်။ အများစုမှာ
ရေခြားမြေခြားတွင် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်ကြ ရပြီး ရောက်သည့်နေ ရာမှာ ကြုံရာအလုပ်ဖြင့်
ဘ၀ကို ဖြစ်သလိုရုန်းကန်နေကြရသည်။ ထိုသို့ ဘ၀က ထင်ထားသလို မဖြစ်သည့် အခါ အများစုက အရက်ယမကာများ မှီဝဲခြင်းဖြင့် မိမိတို့၏
ဘ၀ဒုက္ခများကို မေ့ဖျောက်ဖို့ ကြိုးစားကြ သည်။
ထိုအခါ “စိတ်ညစ်လို့ အရက်သောက်၊ အရက်သောက်လို့ စိတ်ညစ်”
ဆိုသည့် သံသရာဝဲဂယက်ထဲမှ ရုန်းမထွက်နိုင်ဖြစ်နေသည့်သူများကိုလည်း တွေ့ခဲ့ရသည်။ သူတို့ဘက်ကကြည့်လျှင်လည်း
မျိုးစုံ ကြုံတွေ့နေရသည့် အခက်အခဲပေါင်းများစွာ၊ ဖိအားပေါင်းများစွာ အောက်တွင် စိတ်ညစ်သည့်
သံသရာက ထွက်ဖို့ဆိုသည်မှာ အတော်ပင်မလွယ်သော အလုပ်ဖြစ် သည်။
ထို့အပြင် သူတို့မှာ အကြောက်တရားများနှင့်သာ
နေ့စဉ်ရှင်သန်ရသည်။ ပတ်စ်ပို့ကိုင်ကာ တရား ၀င် နေထိုင်ခွင့်ရသော်လည်း အပြစ်မရှိအပြစ်ရှာကာ
ငွေညှစ်လေ့ရှိသည့် မလေးရှားရဲကိုကြောက် ရသည်။ အော်ပရာစီ(လှည့်ကင်း)၀င်မည်ကိုလည်း ကြောက်ရသည်။
အလုပ်ရှင်ကိုလည်း ကြောက် ရသည်။ ခေါင်းပုံဖြတ်မည့် မြန်မာအချင်းချင်းကိုလည်း ကြောက်ရသည်။
ပွဲစားကိုလည်း ကြောက်ရသည်။ မည်သည့်နေရာသွားသွား လုံခြုံမှုနှင့်ပတ်သက်ပြီး အာမမခံရဲ။
ပြဿနာများ ဖြစ်လာပါက မြန်မာနိုင်ငံသားအားလုံး၏ အားထားရာဖြစ်သည့်မြန်မာသံရုံးကိုလည်း
ထင် သလောက် အားကိုး၍မရ၊ သတ်မှတ်ထားသည့်ဘောင်အတွင်းကသာ ကူညီနိုင်သည်။ ထိုထက်ပိုကာ မျှော် လင့်၍
မရ။ “ဆူးပေါ်ဖက်ကျ
ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျ လည်း ဖက်ပေါက်” ဟူသော မြန်မာစကားပုံမှာ သူတို့အတွက် ရည်ရွယ်ခဲ့သလားဟုပင်
ထင်ရသည်။ တရားမ၀င်နေထိုင်ကာ အလုပ်လုပ်ရသော ပတ်စ်ပို့မ ရှိသူများဆိုလျှင် တွေးဝံ့စရာပင်မရှိ။
ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက လည်စင်းခံရုံမှတပါး ရွေးချယ်စရာ အခြားနည်းလမ်းမရှိ။ “မြန်မာနိုင်ငံမှာသာ
ဒီလိုနေပူမိုးရွာမရှောင်အဆင်းရဲခံကာ အလုပ်လုပ်လျှင် ဒီထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာနိုင်
တယ်” ဟု ပွင့်အံကျလာသည့် သူတို့၏ နောင်တများအတွက် ၀မ်းနည်းမိရုံကလွှဲပြီး နှစ်သိမ့်ပေးစရာ
စကားလုံး သူ ရှာမတွေ့ခဲ့။
(၃)
ထိုသို့ သူတို့၏ ခါးသီးလှသည့်ဘ၀အကြောင်း
ထွေရာလေးပါး ပြောဆိုကြပြီးသည့်နောက် စကားဝိုင်းက ဘာသာရေးဆီသို့ ဦးတည်သွားသည်။ အကြောင်းအမျိုးအမျိုးကြောင့်
နိုင်ငံရပ်ခြားတွင် စီးပွား ရှာနေကြသော်လည်း ဘာသာရေးနှင့်ပတ်သက်လာလျှင် ရေရေရာရာ တိတိကျကျ
ဂဃနဏ မသိကြ၊ ဘာ သာရေးအသိအမြင် အားနည်းလွန်းလှသည်ကို သတိထားမိသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်၍
အကြမ်းဖျင်းအားဖြင့် ကုသိုလ် ကောင်းမှုများပြုလုပ်ရမည့် အကြောင်းတော့ သိသည်။ ၀ါရိတ္တသီလ ဟု
ခေါ်သည့် ငါးပါးသီလ အကြောင်းများလောက်တော့ သိသည်။ သို့သော် ဘ၀ကြီးပွားတိုး တက်ဖို့ လိုအပ် သည့်
ဖြည့်ကျင့်ရမည့် စာရိတ္တသီလများကိုတော့ လိုက်နာကျင့်သုံးရမှန်းပင် မသိကြ။ သံသရာခရီးသွား အချင်းချင်း
ကူညီရိုင်းပင်းလျှင်လည်း စာရိတ္တသီလကျင့်သုံးခြင်းပင် ဖြစ်သည်ကို သူတို့ သဘော မပေါက်ကြ။
အမှန်အားဖြင့် စာရိတ္တသီလဆိုသည်မှာ
ဗုဒ္ဓဘာသာဝင်များအတွက် အထူးအဆန်းကြီးတော့ မဟုတ်။ စာရိတ္တသီလဟုပြောခြင်းကြောင့်သာ သူတို့အတွက်
နားစိမ်းနေကြခြင်း ဖြစ်သည်။ ကလေး သူငယ်များ ၏ ကျောင်းသုံးဗလာစာအုပ်နောက်ကျောတွင် ပုံနှိပ်ထားသည့်
မိဘကျင့်ဝတ်၊ သားသမီး ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ လင်ကျင့်ဝတ်၊
မယားကျင့်ဝတ် စသည် တို့မှာ စာရိတ္တသီလများပင် ဖြစ်သည်။ ထိုထိုသော ကျင့်ဝတ်များမှာ သိင်္ဂါလောဝါဒသုတ်လာ
စာရိတ္တသီလ များ ကို ရှေးမြန်မာပညာရှိကြီးများက မြန်မာများနှင့်အကျွမ်းတ၀င်ဖြစ်အောင် ကဗျာစပ်
ထားကြခြင်း ဖြစ် သည်။ သူ သတိထားမိသလောက်တော့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအများစုသည် ဗုဒ္ဓဘာသာတို့၏
လူမှုရေး၊ စီးပွားရေးကျင့်စဉ်ကို ထင်ဟပ်စေရုံသာမက မိမိ၏ဘ၀ရပ်တည်မှုကိုပါ အဆင့်မြင့်တင်ပေးနိုင်သည့်
သိင်္ဂါလောဝါဒသုတ်လာ အဆိုပါကျင့်ဝတ်များကို လက်တွေ့ လိုက်နာသူ ရှားပါးလွန်းလှသည်။
နိုင်ငံရပ်ခြားတွင်
စီးပွားရှာသူဖြစ်စေ ပညာရှာသူဖြစ်စေ အရေးအကြောင်းဆိုလျှင် မိမိတို့အနီးတွင် ကူညီစောင့်ရှောက်မည့်
မိဘညီအစ်ကိုမောင်နှများများ များသောအားဖြင့် မရှိကြ။ ထို့ကြောင့် “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
ဟူသော စကားပုံအတိုင်း မိတ်ဆွေအချင်းချင်းကိုသာ အားကိုး အားထားပြုရသည်။ ထို့ကြောင့်
မိတ်ဆွေကျင့်ဝတ်များကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုလာသည်။ မိမိကိုယ်တိုင် မိတ်ဆွေကောင်းပီသမှ
မိတ်ဆွေကောင်းများကိုတွေ့နိုင်မည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိတ်ဆွေကျင့်ဝတ်မှာလည်း ရိုးရိုးကလေးသာဖြစ်သည်။
ယင်းမှာ ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင် ရွက်၊ နှုတ်မြွတ်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ ကျင့်လေ မိတ်သဟာ ဟူ၍
ဖြစ်သည်။
ထိုတွင် ပေးကမ်းချီးမြင့်ခြင်း
ဆိုသည်မှာ ငွေကြေးအားဖြင့် ပေးကမ်းမှ ပေးကမ်းသည်ဟု မ ဆိုနိုင်ပေ။ နှုတ်၏စောင်မခြင်း၊
ကိုယ်၏စောင်မခြင်းတို့မှာလည်း ပေးကမ်းခြင်းတစ်မျိုးပင်ဖြစ်သည်ဟု သူ ယူဆ သည်။ သူ သတိထားမိသလောက်
မလေးရှားတွင် တစ်ချို့တစ်ချို့သော မြန်မာများ မှာ နှုတ်၏ စောင်မ ခြင်း ကိုယ်၏စောင်မခြင်းများ
မရှိကြ။ အကူအညီပေးသယောင်ယောင်ဖြင့် အခွင့် အရေးရသည်နှင့်
အချင်းချင်း ခေါင်းပုံဖြတ်ကြသည့်သူများပင် ရှိနေကြသည်။ ဗုဒ္ဓဘာသာအလိုအရ ထိုသူများသည် ရှောင်ကြဉ်ရမည့် မိတ်ဆွေတုများဟု ရှင်းရှင်းလင်းလင်းပင်
သတ်မှတ်ထားသည်။
စစ်မှန်သောမိတ်ဆွေတို့သည်
မိမိတို့နှင့်အတူနေသူများ အခက်အခဲများနှင့် ကြုံတွေ့ကြသောအခါ အကူအညီပေးလေ့ရှိကြသည်။
မြတ်ဗုဒ္ဓက…
(၁) ကျန်းမာရေးများ မကောင်းသည့်အခါ
(၂) ငတ်မွတ်ခေါင်းပါးဘေး
ဖြစ်သည့်အခါ
(၃) စီးပွားရေးများ ပျက်ပြားသွားသည့်အခါ
(၄) ရန်သူ့လက်တွင်း ကျရောက်နေသည့်အခါ
(၅) တရားရုံးတွင် အမှုကိစ္စများရင်ဆိုင်နေရသည့်အခါ
(၆) နာရေး ကိစ္စများကြုံရသည့်အခါတို့တွင်
ကိုယ်ရောစိတ်ပါ အပြည့်အ၀ အကူအညီပေးများကိုသာ မိတ်ဆွေစစ်ဖြစ်သည်ဟု ခွဲခြားပေးထားသည်။
သို့သော် အများအားဖြင့် မြန်မာများမှာ အထက်ပါဘေး
ရန်များ ကြုံလာသောအခါ အချင်းချင်းဖေးမ ကူညီကာ ရှေ့မှမားမားမက်မက်ရပ်တည်ပေးလိုခြင်း မရှိကြ။
ရေနစ်သူ ၀ါးကူထိုးလိုသူများသာ အတွေ့များ သည်။ ထိုနေ့က သူတို့နှင့် ဘာသာရေးအကြောင်းများဆွေးနွေးရာတွင်လည်း
ဘာသာရေးကပေးနိုင် သည့် လောကီကြီးပွားရေးအကြောင်း တို့ကိုသာ အဓိကထားပြောဖြစ်သည်။ သို့သော်
သူ့တို့သည် စီးပွား ရှာနေကြသူများဖြစ်ကြသော်လည်း ဒီဃဇာနုသုတ်လာ ဗုဒ္ဓ၏ကြီးပွားရေးလမ်းညွှန်ချက်များဖြစ်သည့် စီးပွား ရှာသူတို့ မဖြစ်မနေလိုက်နာကြရမည့်
-
၁။
ဥဌာနသမ္ပဒါ- အချိန်မရွေး၊
ဒေသမရွေး၊ လုပ်ငန်းမရွေး အဆင်သင့်လုပ်ကိုင်ရန် ထကြွလုံ့လ၀ီရိယ ရှိနေခြင်း
၂။
အာရက္ခသမ္ပဒါ- ရလာသည့် ပစ္စည်းများကို မပျက်စီး မပျောက်ပျက်ရအောင် ထိန်းသိမ်းထားခြင်း
၃။
ကလျာဏမိတ္တသမ္ပဒါ- ကူညီမစမည့် မိတ်ကောင်းဆွေကောင်းများ၊ အရင်းအနှီး ထုတ်ပေးမည့်သူ များ၊
ကိုယ်နှုတ်ဖြင့် စောင့်ရှောက်မည့်သူများ ရှိခြင်း
၎။
သမဇီဝိတသမ္ပဒါ- ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်ခြင်း ဟူသည့် နာမည်ကျော် သမ္ပဒါတရား လေးပါးကိုပင်
မသိကြချေ။
ထိုလေးပါးကို
ရှေးဆရာတော်များက “ရအောင်လည်းရှာ၊ ချွေတာစုဆောင်း၊ မိတ်ကောင်းရှိစေ၊ သုံးလေမျှတ၊ ဤလေးဝ မုချကြီးပွားကြောင်း”
ဟူ၍ပင် လင်္ကာစပ်ခဲ့ကာ လက်ဆင့်ကမ်းခဲ့ကြသည်။ အမှန်အားဖြင့် ဤသမ္ပဒါတရားလေးပါတို့မှာ
“ဥစ္စာဝင်လမ်း” ဟုခေါ်နိုင်သည်။ ထိုလေးပါးကို ကျင့်သုံး လျှင် ပစ္စည်းဥစ္စာများ အဆက်မပျက်ဝင်နိုင်သောကြောင့်
“ဥစ္စာဝင်လမ်း”ဟု ခေါ်ခြင်း ဖြစ်သည်။ သို့သော် မြန်မာ အများစုမှာ “ဥစ္စာဝင်လမ်း”များကို
မကျင့်သုံးဘဲ “ဥစ္စာထွက်လမ်း”များကို ကျင့်သုံး ကြသူများကို သာ တွေ့ရလေ့ရှိသည်။ “ဥစ္စာထွက်လမ်း”များမှာ
(၁) မိန်းမလိုက်စားခြင်း
(၂) အရက်သေစာ လွန်ကျူးစွာ
သောက်စားခြင်း
(၃) လောင်းကစားခြင်း
(၄) အကျင့်ပျက်သူ သူယုတ်မာများနှင့်
ပေါင်းသင်းခြင်း
(၅) အခြေအနေနှင့် အချိန်အခါမသိဘဲ
သွားလာခြင်း
(၆) ပျင်းရိခြင်း တို့ဖြစ်သည်။
ထို “ဥစ္စာထွက်လမ်း”များကိုသာ
ကျင့်သုံးကြသည့်မြန်မာအများစုမှာ အမိမြေသို့ပြန်လာသည့်အခါ “ရေကြည်ရာမြက်နုရာ”များ ယူမလာနိုင်၊
ယူလာနိုင်သည်မှာ နောင်တများနှင့်ရောဂါများသာ ဖြစ်သည်။
သမဇီဝိတသမ္ပဒါနှင့်ပတ်သက်ပြီး
မန်လည်ဆရာတော်က ဤလူတို့ဘောင်၊ အိမ်ရာထောင်တို့၊ မရှောင်ပူချမ်း၊ ကြိုးပမ်းဥစ္စာ၊ ရအောင်ရှာလျက်၊
လေးဖြာခွဲမှု၊ လေးဘို့ပြု၍၊ တစုခံစား၊ နှစ်စုအားလျှင်၊ စီးပွားယှဉ်ရာ၊ တစုမှာမူ၊ လိုခါနောင်ဘို့၊
မချို့ဆောင်ဘွယ်၊ မြေ၀ယ်မြုပ်ထား၊ ပြုအပ်ငြား၏ ဟု စတုဓာ ၀ိဘဇေ ဘောဂေ ဟူသော ဂါထာကို
ဖွင့်ပြခဲ့သည်။
မြတ်ဗုဒ္ဓက ထိုသို့ လောကီကြီး
ပွားရေးတိုးတက်ရေးနှင့်ပတ်သက်ပြီး လိုက်နာကျင့်သုံးရမည့်နည်း လမ်းများ ကို ဟောခဲ့သည်ဟု
သူ ပြောပြသော အခါ ဇဝေဇ၀ါမျက်နှာများနဲ့ အံ့သြရိပ်သန်းနေသော သူတို့၏မျက်နှာ ကိုလည်း ယခုအချိန်အထိ
မြင်ယောင်မိဆဲ။
သို့သော် သူတို့သည် ၀ိပဿနာတရားများအကြောင်း
ပြောကြသည်။ စူလသောတာပန် အကြောင်း ပြောကြသည်။ သောတာပန်အကြောင်း ပြောကြသည်။ နိဗ္ဗာန်အကြောင်းပြောကြသည်။ စီးပွားရေး လုပ်နေသည့်မအားမလပ်သည့်ကြားမှ
ဒုလ္လဘရဟန်းဝတ်လိုကြသည်။ ဒုလ္လဘသီလရှင် ၀တ်လိုကြ သည်။ ဘာသာရေးအလုပ် လုပ်ချင်သူများကိုကား အားပေးပါသည်။
လူသည် ဘာသာရေးနှင့် ကင်းလို့မရ။
ဘာသာရေးနှင့်ကင်းသွားလျှင် ယဉ်နေသောစိတ်များပင် ရိုင်းသွားနိုင်သည်။ ထို့ကြောင့် လူသည်
ဘာသာရေးကို လုပ်ကိုလုပ်ရမည်ဖြစ်သည်။ သို့သော် သာသာရေးကိုချည်း လုပ်နေ၍လည်းမရပေ။ သူ့အကန့်နှင့်သူသာ
ဖြစ်သည်။ လူသည် လူအလုပ်ကို လုပ်ရမည်ဖြစ်သည်။
လူသည် လူအလုပ်ကို လုပ်မှ လူ့အသိုင်းအ၀ိုင်းတွင် လူလိုနေနိုင်မည်ဖြစ်သည်။ လူအ၀တ်ဖြင့်နေကာ
ဘုန်းတော်ကြီးများလုပ်သည့် အလုပ်များကိုလုပ်နေလျှင် တနည်းနည်းဖြင့် တက်လမ်းများ ပိတ်ဆို့နေမည်သာ
ဖြစ်သည်။
ထို့အတူ ဘုန်းတော်ကြီးများလည်း
ဘုန်းတော်ကြီး အ၀တ်ဖြင့်နေလျှင် ဘုန်းတော်ကြီးများ၏ အလုပ်ကို သာ လုပ်ရမည်ဖြစ်သည်။ သို့မှသာ
ဘုန်းကြီးအသိုင်းအ၀ိုင်းတွင် ဘုန်းကြီးပီသစွာ ရပ်တည်နိုင်မည် ဖြစ်သည်။ ထိုသို့ လိုက်နာကျင့်သုံးသင့်သည့်အရာများကို အချိုးကျစွာ
လိုက်နာမှုမရှိခြင်းကြောင့် ယနေ့ လူ့အဖွဲ့အစည်းများတွင် “ကြက်လည်းမရောက်၊ ကျီးမမြောက်သား၊
အောက်ကလိအာ၊ အာကလိအောက်” အမျိုးအစားများဖြစ်သည့် “လူဘုန်းကြီး” နှင့် “ဘုန်းကြီးလူ”
ဟူသော ကမောက်ကမများကို တွေ့နေ ရခြင်း ဖြစ်သည်။
အများအားဖြင့် မြန်မာအများစုမှာ
ထိုသဘောတရားကို နားမလည်ကြဟုပြောလျှင် လွန်ရာကျ မည်မထင်။ ထို့ကြောင့် မလေးရှားတွင် စီးပွားရေးလုပ်ရန်
လာနေသည့်အခိုက်အတန့်ကာလအတွင်းမှာ ဒုလ္လဘ ၀တ်ချင် သူများကို အားမနာစွာ ကန့်ကွက်ဖြစ်သည်။
စီးပွားရှာရန်လာသည့်ကာလအတွင်းမှာ စီးပွားရှာနေသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ အကယ်၍
ဒုလ္လဘရဟန်းဝတ်ချင်သည့် သဒ္ဓါပဗ္ဗဇိတ စိတ် အမှန်တကယ် ရှိသည်ဆိုပါက မြန်မာနိုင်ငံပြန်ကာ
ရိပ်သာကျောင်းတိုက်များတွင်ဝတ်ခြင်း ထက် ကောင်းသောနည်းလမ်း မရှိဟု သူ ထင်သည်။
သူငယ်တော်တောရဆရာတော် မကြာခဏမိန့်တော်
မူသည့် မအိုတော့ပေ၊ မနာတော့ပေ၊ မသေမဲ့ပုံ၊ ရှာပုံဓန၊ သုတစုံစုံ၊ သေမင်းဆံဆွဲ၊ ခေါ်စဲငင်ပုံ၊
မြတ်တရား၊ ရှုစားအားထုတ်ပုံ ဟူသော ဆောင်ပုဒ် ကလေးအကြောင်းကိုလည်း သူ ပြောပြဖြစ်သည်။
ဆရာတော်၏ဆိုလိုရင်းမှာ စီးပွားရှာ၊ ပညာရှာ သည့်အခါတွင်
မိမိရည်မှန်းထားသည့် ပန်းတိုင်မရောက်မချင်း မည်သည့်အခါမျှ မသေဟု သဘောထားကာ စီးပွားရှာ၊
ပညာရှာသင့်သည့်အကြောင်းနှင့် တရားအားထုတ်သည့် အခါတွင်မူ သေမင်းတမန်က မိမိ၏ဆံစကိုဆွဲကာခေါ်နေသည့်အလား
ယခုချက်ခြင်းပင်သေတော့မည်ဟု သဘော ထားကာ တရားအား ထုတ်ရမည်ဟူ၍ ဖြစ်သည်။ သို့သော် အများစုမှာ
ဤသဘောတရားများကို နားမလည်ကြ။
(၄)
မလေးရှားတွင် သူ ခဏ ရောက်စဉ်ကာလအတွင်းမှာ
ကံမကောင်းလို့ဒုက္ခရောက်သည်ဟုဆိုကာ ဘုရားမှာယတြာလာချေသူများကိုလည်း တွေ့ရသည်။ အမှန်အားဖြင့်
ကံမကောင်းလို့ ဒုက္ခရောက်ခြင်း မဟုတ်ဟု သူ တော့ မြင်သည်။ မိမိလုပ်ချင်သည့်အရာများကို
စိတ်လိုက်မာန်ပါလုပ်ပြီးမှ ကံအပေါ်ကို ပုံချသူများဟုသာ ပြောရမည်ဖြစ်သည်။ အများအားဖြင့်
မြန်မာများမှာ ပတ်စ်ပို့မရှိဘဲ လျှောက်လည် သည်။ မသွားသင့်သည့်နေရာများသွားကြသည်။ မလုပ်သင့်သည့်
အလုပ်များ လုပ်ကြသည်။ ထိုသို့ဖြင့် အော်ပရာစီဝင်သည့်အခါ ရဲ အဖမ်းခံရသည်။ ထိုအခါတွင်
ကံမကောင်းဟုဆိုကာ ကံကို ပုံချကြသည်။
မဃဒေ၀လင်္ကာတွင် ကံဟုမူလ၊
သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူဌာန်နှိုက်၊
ဥာဏ်ဝီရိယ၊ ပေယာဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိင်းဆအပ်တုံ၊ ကံကို ယုံ၍၊ မီးပုံအတွင်း၊
မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေး က၊ ဆိုကုန်ကြ၏၊
လုံ့လမထူ၊ ဥာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်းကံဟု၊
ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့ လ၊ ယှိအပ်စွတည့်။
(မဃဒေ၀ ၂၄၅) ဟု မန်လည်ဆရာတော်က သတိပေးဆုံးမတော်မူခဲ့သည့် အကြောင်း ပြောပြဖြစ်သည်။
မဃဒေ၀လင်္ကာမှာဆိုထားသည့်အတိုင်း
မြတ်ဗုဒ္ဓက ကံတရားကို မူလအရင်းခံအနေနှင့်ဟော ထား သော် လည်း အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း
ကောင်းမှုမင်္ဂလာ ဖြစ်ပွားစေရန်နှင့် ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာစွာ နေရန်မှာ လုပ်သင့်
မလုပ်သင့်၊ သွားသင့် မသွားသင့်၊ စားသင့် မစားသင့် စသည်ဖြင့် ဝေဖန်ဆုံးဖြတ်ရမည့် မိမိ၏ဥာဏ်ပညာနှင့်
လုံ့လ၀ီရိယတို့အပေါ်တွင် တည် မှီကြောင်း၊ အရာရာမှာ ကံကိုချည်းပဲ ပုံချ၍မရကြောင်း၊ ကံကောင်းလျှင်
မီးလောင်မည်မဟုတ် ဟု နှလုံးပိုက်ကာ မီးပုံအတွင်း ခုန်မဆင်းသင့်ကြောင်း၊ ကံကောင်းလျှင်
ကျားကိုက်မည်မဟုတ်ဟုနှလုံး ပိုက်ကာ ကျားများနေသည့်တောသို့ မသွားသင့်ကြောင်း၊ အခြေအနေ
အချိန်အခါတို့ကိုကြည့်ကာ လုပ်သင့် မလုပ်သင့် စသည့် စဉ်းစားဥာဏ်နှင့် လုပ်ကိုင်မှသာ
ကြီးပွားနိုင်မည့် အကြောင်းများ ပြောဖြစ်သည်။
(၅)
အမှန်တကယ်အားဖြင့် မြန်မာများမှာ
နိုင်ငံခြားဟုဆိုလျှင် အထင်ကြီးပြီးသားပင် ဖြစ်သည်။ နိုင်ငံခြား တွင် မည်သို့နေထိုင်ရသည်၊
မည်သို့လုပ်ကိုင်ရသည်၊ မည်သို့စားသောက်ရသည်၊ မည်သို့ရှင်သန်ရ သည် စသည်တို့ကို မစဉ်းစားတော့။
နိုင်ငံခြားသို့ ထွက်ရတော့မည်ဆိုလျှင် အရှင်လတ်လက် နတ်ပြည် ရောက်တော့မည့်ပုံစံမျိုးဖြင့်
မိုးမမြင်လေမမြင် ဖြစ်ကြသည်။ ပညာတော်သင် အနေဖြင့် နိုင်ငံခြားသို့ သွားခွင့်ရလျှင် မည်သည့်နိုင်ငံကိုမဆို
ကောင်းပါသည်။ သွားသင့်ပါ၏။ မည်သို့မျှ အပြစ်ပြောစရာမရှိ၊ ဂုဏ်ယူဖွယ်ပင်ဖြစ်၏။
အသက်မွေးဝမ်းကြောင်းအတွက်
အလုပ်သွားလုပ်မည်ဆိုပါက အနည်းဆုံး တရားဥပဒေစိုးမိုး သည့် နိုင်ငံများကိုသာ သွားသင့်သည်ဟု
သူ ထင်သည်။ တရားဥပဒေစိုးမိုးသည့်နိုင်ငံများတွင် တင်းကြပ် သည့် စည်းမျဉ်းစည်းကမ်းများအရ
လွယ်လွယ်ကူကူနှင့် ၀င်ခွင့်မပြုကြ၊ နိုင်ငံအတွင်း ၀င်ရောက် ခွင့် ပြုပြီးလျှင်လည်း လုံခြုံမှုအပြည့်အ၀ပေးနိုင်သည်။
တရားဥပဒေစိုးမိုးသည့် နိုင်ငံများတွင် “မိမိတတ် သည့်ပညာသည် မိမိ၏၀င်ငွေကို ကိုယ်စားပြုသည်”
ဟူသော ဆိုရိုးအတိုင်း ပင်ဖြစ်သည်။ သိက္ခာရှိ စွာဖြင့် “ရေကြည်ရာမြက်နုရာ”ရှာနိုင်သည်။
မိမိတတ်ထားသည့်ပညာဖြင့် အသက်မွေးဝမ်း ကြောင်း ပြုလုပ်နိုင် သည်။ မည့်သည့်အနှောက်အယှက်မျှ
မရှိနိုင်။
သို့သော် မြန်မာအများစုမှာ
လွယ်လွယ်ကူကူနှင့်ဝင်ခွင့်ရသော မလေးရှား၊ ထိုင်း စသည့်နိုင်ငံတို့ကိုသာ အသွားများသည်။
မလေးရှား၊ ထိုင်းတို့ရောက်သွားသည့်အခါ မိမိတို့ထင်ထားသည့် နိုင်ငံခြားနှင့် တခြား စီပင်
ဖြစ်သည်။ စိတ်ကူးယဉ်အိပ်မက်ထဲကနိုင်ငံခြားနှင့် လက်တွေ့လုပ်ကိုင်နေ ထိုင် စား သောက်ရသော
နိုင်ငံခြားမှာ ပြဒါးတလမ်း သံတလမ်းပင် ဖြစ်သည်။ သို့သော် နောက်ဆုတ်၍မရတော့။ ဤကဲ့သို့သော
နိုင်ငံခြားရောက်ဖို့ပင် လယ်ရောင်း၊ ယာရောင်း၊ လယ်ပေါင်၊ ယာပေါင် လုပ်ထားရ သည် မဟုတ်ပါလား။
ထို့သို့ဖြင့် သူတို့ရောက်သည့်
နိုင်ငံခြားမှာပင် “ရေကြည်ရာမြက်နုရာ” ရှာကြရသည်။ သို့သော် “ချောင်းကို ပစ်၍ မြစ်ကိုရှာ
ရေသာများ၍ ငါးမတွေ့သည့်ပမာ” သူတို့ရှာဖွေနေသည့်
“ရေကြည်ရာ မြက်နုရာ” ရှာမတွေ့ကြ။ သူတို့နေထိုင်ခဲ့ရာ
သူတို့အမိနိုင်ငံကိုလည်း “ရေကြည်ရာ မြက်နုရာ”ဖြစ် အောင် လုပ် မပေးနိုင်ကြတော့။ သူ့မြေမှာ
ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါတင့်ရမပေါ့ ဟူသော စိတ်ထား လည်း မထားနိုင်ကြတော့။
(၆)
အကြောင်းအမျိုးမျိုးကြောင့်
မိမိဇာတိရပ်ရွာကို အခိုက်အတန့်စွန်ခွာကာ “ရေကြည်ရာမြက်နုရာ” နေ ရာဒေသများ သွားရောက်လုပ်ကိုင်ကြသူများကို
သူ အပြစ်မမြင်ရက်ပါ။ “တရွာမပြောင်း သူကောင်း မ ဖြစ်” ဟူသော မြန်မာစကားပုံအတိုင်း “သူကောင်း”
ဖြစ်ရန် “တရွာပြောင်း”ကြခြင်းကို ကြိုဆိုပါသည်။ သို့သော် လုံခြုံစိတ်ချမှုရှိသော၊ တရားဥပဒေစိုးမိုးသော၊
မိတ်ဆွေစစ်များရှိသော “ရေကြည်ရာမြက် နုရာ”နေ ရာဒေသများကိုရွေးချယ်၍ ပြောင်းစေလိုခြင်းသာ
ဖြစ်ပါ၏။ ထိုထက်ပိုပြီး မျှော်လင့်ခွင့်ရှိမည် ဆို လျှင် အခိုက်အတန့်အားဖြင့် စွန့်ခွာခဲ့သော
မိမိတို့ဇာတိရပ်ရွာကိုလည်း “ရေကြည်ရာမြက်နုရာ” ဒေသ ဖြစ်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော
“ရေကြည်ရာမြက်နုရာ” ရှာဖွေသူများ ဖြစ်ပါစေဟုသာ ………။ ။