Tuesday, January 11, 2011

ဒီမိုကရေစီရရင်တော့…………


ဒီမိုကရေစီရရင်တော့ လို့ ခေါင်းစဉ်တပ်ထားပေမယ့် နိုင်ငံရေးအကြောင်းတော့ မဟုတ်ပါဘူး။ စာရေးသူ တတ်နေတဲ့ ( Buddhist and Pali University of Sri Lanka ) ဘီပီယူ တက္ကသိုလ် စာမေးပွဲဖြေပြီး နောက်ဆုံးနေ့မှာ သူငယ်ချင်းတစ်ပါးထံက ပွင့်အန်ကျလာတဲ့ အကြောင်းလေးကို မျှဝေချင်လို့ သူ့စကားအတိုင်းပဲ ခေါင်းစဉ်တပ်လိုက်တာပါ။

တက္ကသိုလ်တွေရဲ့ ထုံးစံအတိုင်း စာသင်နှစ်ရဲ့ နောက်ဆုံးနေ့မှာ မေဂျာပေါင်းစုံ စုပေါင်းပြီး ဓာတ်ပုံရိုက်ကြပါတယ်။ စာရေးသူတို့ တတ်ရောက်ရာ( Buddhist and Pali University of Sri Lanka ) ဘီပီယူ တက္ကသိုလ်လည်း စုပေါင်းပြီး ဓာတ်ပုံရိုက်ဖို့ရန် ဆင်ဟာလ ကျောင်းသူတစ်ယောက်က ဦးဆောင်ပြီး ဆင်ဟာလတွေရော နိုင်ငံခြားသားတွေကိုရော တစ်ယောက်ကို ရူပီး ၁၀၀၀ စီ ကောက်ပါတယ်။ အများစုကတော့ ဆင်ဟာလမီဒီယံသမားများသာ ဖြစ်ပြီး အင်္ဂလိပ်မီဒီယံသမားများကတော့ အနည်းစုဖြစ်တဲ့ မြန်မာရဟန်းတော်များနဲ့ ကမ္ဗောဒီးယားရဟန်းတော်များသာ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာရဟန်းတော်များကတော့ မနက် ၈ နာရီ အရောက် ချိန်းထားလို့ နောက်ကျမှာ ကြောက်တာနဲ့ သုံးဘီးကားနဲ့ သွားကြပါတယ်။ စာရေးသူတို့ ကျောင်းကို ရောက်ချိန်မှာတော့ ဆင်ဟာလမီဒီယံသမား အနည်းစုသာ ရောက်ပါသေးတယ်။ အင်္ဂလိပ် မီဒီယံသမားများဖြစ်တဲ့ စာရေးသူတို့ မြန်မာရဟန်းတော်များနှင့် အခြားကမ္ဗောဒီးယား ရဟန်းတော်များသာ စောစီးစွာ ရောက်နေကြပါတယ်။ သို့သော် မိမိနိုင်ငံသားများကို ဦးစားပေးလေ့ရှိသောသူတို့ရဲ့ ထုံးစံအတိုင်း ဆင်ဟာလမီဒီယံသမားများကို ဦးစားပေးပြီး ပထမဆုံး ဓာတ်ပုံရိုက်ပါတယ်။ နောက်ကျမှ ရောက်လာသူများနဲ့ ကျန်နေသေးတဲ့ ဆင်ဟာလမီဒီယံသမားများကို ဒုတိယအကြိမ် ဓာတ်ပုံရိုက်ပေးပြန်ပါတယ်။ စာရေးသူတို့ အင်္ဂလိပ်မီဒီယံသမားများကတော့ သူတို့အားလုံးပြီးမှ ဓာတ်ပုံရိုက်ရပါတယ်။

စာရေးသူတို့ နိုင်ငံခြားသားများအနေနှင့်ကြည့်ရင် စိတ်တိုစရာ၊ သည်းမခံနိုင်စရာလို့ ထင်ရပေမဲ့ သူတို့နိုင်ငံသားများအတွက်ကတော့ အတော်ကို ချစ်စရာကောင်းတဲ့ အပြုအမူဖြစ်ပါလိမ့်မယ်။ သူတို့ဓာတ်ပုံရိုက်နေတာကို ကြည့်ရင်းနဲ့ Prof. Sumanapala ပို့ချတဲ့ စာဝါတစ်ဝါကိုလည်း ပြန်ကြားယောင်မိနေပါသေးတယ်။ သူ သင်ကြားပို့ချတာ ကောင်းတာထက် သူ့စကားတစ်ခွန်းကို မှတ်မိနေလို့ပါ။

အဲဒီနေ့က Buddhism and Politic ဆိုတဲ့ ခေါင်းစဉ်နဲ့ ကူဋဒဏ္ဍသုတ်၊ စက္က၀တ္တိသီဟနာဒသုတ်တို့ကို အခြေခံပြီးတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများက တိုင်းသူ ပြည်သားများကို ထောက်ပံ့ပေးမှသာ ရာဇ၀တ်မှုများ ပပျောက်ပြီး တိုင်းပြည်အေးချမ်းသာယာမည့်အကြောင်း သင်ပါတယ်။ အဲဒီအကြောင်းအရာကို သင်ရင်းနဲ့ သီရိလင်္ကာနိုင်ငံအကြောင်းရောက်သွားပြီး သီရိလင်္ကာအစိုးရက ပညာရေးနဲ့ ကျန်းမာရေးတို့ကို အခမဲ့ဖြစ်အောင် ဆောင်ရွက်ပေးတဲ့အကြောင်းပြောပါတယ်။ နောက်ဆုံးကျမှ All these facilities are not for foreigners but for local people တဲ့။ စာရေးသူကတော့ ကြားစမှာ အတော်ကို အံ့သြသွားပါတယ်။ အားလည်း ကျမိပါတယ်။ အမျိုးကို ချစ်ပါတယ်ဆိုတဲ့ ကိုယ်တို့ ရွှေမြန်မာတွေ ဘာလုပ်ကြမလဲ လို့ အနားက သူငယ်ချင်းကိုတောင် ပြောလိုက်မိပါသေးတယ်။

နောက် မြန်မာနိုင်ငံမှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း သတိရမိပြန်ပါတယ်။ စာရေးသူ သီရိလင်္ကာကို လာဖို့ ပြင်ဆင်နေတဲ့ အချိန် ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စာရေးသူရဲ့ အစီအစဉ်တိုင်းဆိုရင် ၂၈.၁၁.၂၀၀၈ ရက်နေ့ လေယာဉ်နဲ့ ထိုင်းကနေ တဆင့် သီရီလင်္ကာကို သွားရမှာပါ။ သို့သော် ထိုင်း ရှပ်နီတွေက သုဝဏ္ဏဘူမိလေဆိပ်ကို အပိုင်စီးထားလို့ ထိုင်းကနေ သွားရမယ့် ခရီးစဉ်မှန်သမျှ ရက်ရွေ့ထားတယ်လို့ သိရပါတယ်။

စာရေးသူလည်း ဘယ်နေ့ သွားရမယ်ဆိုတာ အတိအကျသိရအောင်လို့ ထိုင်းအဲယားဝေးကို သွားမေးပါတယ်။ ထိုင်းအဲယားဝေးရုံးချုပ်ရှိရာ ဆာကူရာတာဝါအောက်ထပ်မှာလည်း နိုင်ငံခြားသားတွေရော မြန်မာနိုင်ငံသားတွေရော ပြည့်နေပါတယ်။ ကောင်တာကို ရောက်ဖို့ တဖြည်းဖြည်းနဲ့ တန်းစီပြီးသွားရပါတယ်။ စာရေးသူရှေ့က နိုင်ငံခြားသားတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့သိချင်တာမေးပြီး ထွက်သွားကြပါတယ်။

စာရေးသူ အလှည့်ရောက်တော့လည်း ကိုယ်သိချင်တာကို မေးလိုက်ပါတယ်။ သို့သော် လေယာဉ်လက်မှတ် အရောင်းစာရေးက စာရေးသူမေးတာကို မဖြေဘဲ နောက်က နိုင်ငံခြားသူကို What can I help you, Madam? ဆိုပြီး လှမ်းမေးလိုက်ပါတယ်။ နိုင်ငံခြားသူကလည်း ချက်ချင်းပဲ Oh! Thanks, you should serve him first because he stands before me. လို့ ပြန်ပြောလိုက်ပါတယ်။

စာရေးသူကတော့ ကိုယ့်အလှည့်ရောက်လို့ မေးတာကို မဖြေဘဲ နိုင်ငံခြားသူကို ကျော်ပြီး လှမ်းမေးတဲ့ မြန်မာနိုင်ငံသား လေယာဉ်လက်မှတ်အရောင်းစာရေးကိုရော ကိုယ်မရသင့်တဲ့ အခွင့်အရေးကို မယူတတ်တဲ့ နိုင်ငံခြားသူကိုရော တစ်လှည့်စီ အံ့သြစွာနဲ့ ကြည့်နေလိုက်ပါတယ်။ ပြီးမှ နိုင်ငံခြားသူကို Thank you so much for your understanding. လို့ အကြိမ်ကြိမ် အထပ်ထပ် ပြောလိုက်ပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံသား လေယာဉ်လက်မှတ် အရောင်းစာရေးကတော့ ဧည့်ဝတ်ကျေပွန်တဲ့ နိုင်ငံကြီးသား ဖြစ်ကြောင်း ပြချင်လို့လား ၊ စာရေးသူမို့လား ၊ ဒါမှ မဟုတ် မြန်မာမှန်သမျှကို ဒီအတိုင်းပဲ ဆက်ဆံတာလား ဆိုတာတော့ မသိပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်စေ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံသမားနဲ့တော့ အတော်လေးကို ကွာပါတယ်။

စာရေးသူကတော့ ကိုယ့်အလှည့်မရောက်သေးလို့ သူငယ်ချင်းတစ်ပါးနဲ့ အတူ လမ်းလျှောက်နေရင်းသူတို့နိုင်ငံသားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဓာတ်ပုံတွေထုတ်ကြည့်ရင်း ဆူညံနေတဲ့ အသံတွေကို ကြားမှ စာရေးသူရဲ့ စိတ်တွေက ဓာတ်ပုံဝေတဲ့ဆီကို ပြန်ရောက်လာပါတယ်။ စာမေးပွဲ ဖြေပြီးတဲ့ (၂၇.၁၂.၂၀၁၀) ရက်နေ့မှာ ဓာတ်ပုံတွေ ရပါတယ်။ ထုံးစံအတိုင်းပါပဲ သူတို့ ဆင်လာဟ လူမျိုးတွေကိုပဲ အရင်ပေးပါတယ်။ စာရေးသူတို့ နိုင်ငံခြားသားတွေကတော့ နောက်ဆုံးမှ ရပါတယ်။ အဲဒီထက် ဆိုးတာက ( သူတို့နိုင်ငံသားအနေနဲ့ ကြည့်ရင် ချစ်စရာကောင်းတာက) ဆင်ဟာလလူမျိုးမှန်သမျှ မည်သည့်မီဒီယံကို တက်သည်ဖြစ်စေ ဓာတ်ပုံအပို တစ်ပုံ ပိုပေးခြင်းပါပဲ။

ဓာတ်ပုံတစ်ပုံရဲ့ တန်ဖိုးက ဈေးကြီးလို့ ၊ ဒါမှ မဟုတ် အဲဒီလို ဓာတ်ပုံ အပိုတစ်ပုံ လိုချင်လို့ အခုလိုပြောနေတာ မဟုတ်ပါဘူး၊ သူတို့နိုင်ငံသားအချင်းချင်းအပေါ် ဦးစားပေးတတ်တဲ့ ၊ တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ကို လေးစားလို့ ၊ အားကျလို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံခြားသားတွေကတော့ စုပေါင်း ဓာတ်ပုံတစ်ပုံစီပဲ ရပါတယ်။ သူတို့လူမျိုးအပေါ် သူတို့ ချစ်တက်တဲ့ အပြုအမူလေးတွေကို မြင်ရင်း အားကျလိုက် ၊ မနာလိုဖြစ်လိုက်နဲ့မို့ သူငယ်ချင်းနဲ့ စကားတောင် မပြောဖြစ်ပါဘူး။

သူငယ်ချင်းကတော့ သူတို့နိုင်ငံသားတွေကို ဓာတ်ပုံအရင်ဝေပေးနေတာကို ကြည့်ရင်းနဲ့ အတော်ကို ဒေါသထွက်နေတယ်နဲ့တူပါတယ်။ ငါတို့နိုင်ငံ ဒီမိုကရေစီရရင်တော့ …. ငါတို့လည်း ပညာရေးကဏ္ဍရဲ့ အရေးပါတဲ့ နေရာကို ရောက်နေမှာပါကွာ၊ အဲဒီအခါကျမှ ဒီ ဆင်ဟာလ လူမျိုးတွေအတွက် သီးသန့် စည်းမျဉ်းဆွဲထားရမယ်၊ ကျောင်းဝင်ကြေးကိုလည်း သူတို့အတွက် သီးသန့် သတ်မှတ်ထားရမယ်၊ သူတို့လူမျိုးတွေကို သူတို့ချစ်တာထက် ငါတို့က ငါတို့လူမျိုးတွေကို ဆယ်ဆ ပိုပြီး ချစ်ပြမယ်…….ဆိုပြီး သူ့ရဲ့ ရင်တွင်းက စကားအချို့ ပွင့်အန်ကျလာပါတယ်။

စာရေးသူကတော့ သူငယ်ချင်းကို ငေးကြည့်ရင်း ဒီမိုကရေစီရရင်တော့………… ဆိုတဲ့ သူ့စကားလုံးလေး နားထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်နေပါတော့တယ်။ ။


Read More...