နောက်ကျပလေ့စေ………
၁။
ထိုနေ့က သူနဲ့ သူ့ သူငယ်ချင်း ကုလားကျောင်းကနေ မြန်မာကျောင်းသွားဖို့ ကားမှတ်တိုင်ရှိရာသို့ သွားခဲ့ကြ ပါသည်။
၂။
နေပူကြီးမှာစောင့်နေရပေမဲ့ သူတို့ ဘတ်စ်ကားပေါ်တက်သွားရင် ထိုင်ခုံနေရာက ဖယ်ပေးရမယ့်သူတွေကို အားနာလို့ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ကြပါသည်။ တိတိကျကျပြောရရင် ရဟန်းတော်များအတွက်သာ (Reserved for clergy) လို့ရေးထားတဲ့ ခုံပေါ်မှာ ခရီးသည်တစ်ယောက်မှ ပါမလာတဲ့ကား လာသည့်အထိ စောင့်နေခဲ့ကြပါသည်။
၃။
တကယ်တော့ သီရိလင်္ကာလို ဗုဒ္ဓဘာသာလေးစားတဲ့နိုင်ငံမျိုးမှာ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ ဘတ်စ်ကားစီးတဲ့အခါ ထိုင်ခုံနဲ့စီးခွင့်ရဖို့အတွက် ဒီလောက်ကြာအောင် စောင့်စရာမလိုမှန်း သူ သိသလို သူ့ရဲ့ သူငယ်ချင်းလည်း သိပြီးဖြစ်ပါသည်။ သို့သော် သူတို့ စိတ်တိုင်းကျကို စောင့်နေခဲ့ကြပါသည်။ သီရိ လင်္ကာနိုင်ငံရဲ့ ချစ်စရာ၊ လေးစားစရာကောင်းတဲ့ ဓလေ့တွေအများကြီးထဲမှာ ဘတ်စ်ကားပေါ် မှာ နေရာပေးခြင်းကလည်း အတုယူစရာကောင်းတဲ့ အနုပညာတစ်ရပ်ဖြစ်တယ်လို့ သူကတော့ မြင်ပါသည်။
ဘာဖြစ်လို့လည်းဆိုတော့ ဘတ်စ်ကားပေါ် တက်လိုက်တာနဲ့ Driver ရဲ့နောက်တည့်တည့် ညာဘက်အခြမ်းမှာရှိတဲ့ ၂ ခုံတွဲဆိုရင် ရဟန်းတော်များအတွက်သာ(Reserved for clergy) လို့ ရေးထားနေကျ။ ရေးထားတဲ့အတိုင်း နေရာပေးနေကျ။ သူ့နိုင်ငံမှာလို သံဃာတော်တွေ ကို နေရာဖယ်ပေးဖို့ တကူးတက အော်နေစရာမလို။ Driver ရဲ့ နောက်ဘက် ဘယ်ဘက်အခြမ်းမှာရှိတဲ့ ၂ ခုံတွဲဆိုရင်လည်း မသန်စွမ်းသူများအတွက်သာ (Reserved for disable) လို့ ရေးထားနေ ကျ။ ရေးထားတဲ့အတိုင်း နေရာပေးတဲ့အပြင် တကယ်လို့များ ဘုန်းကြီးနှစ်ပါးသုံးပါးမက တက်လာသည် ပဲဖြစ်ဖြစ် မသန်မစွမ်းသူ လူကြီးသူမတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ သားသည်မိခင်တွေ တစ်ယောက်မက ဘယ်လောက်ပဲတက်လာတက်လာ တရိုတသေနေရာလှူမယ့်လူက အဆင်သင့်…..။
အလိုက်သိတတ်တဲ့ လူ့အဖွဲ့အစည်းမှာ အလိုက်မသိစွာ ရှင်သန်လာခဲ့ရတဲ့ သူတို့အတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ရုန်းကန်ရတာလွယ်ကူတဲ့ အလုပ်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘက်စ်ကားစီးခြင်း အနုပညာနဲ့ပတ်သက်ပြီး အလိုက်မသိတက်တဲ့သူ့ကို အလိုက်သိတတ်တဲ့ လူ့အဖွဲ့အစည်းမှာ နေသား ကျအောင် သင်ပေးခဲ့သူတော့ သီရိလင်္ကာနိုင်ငံက ကိုရင်လေးများ….။ ထို့ထက်ပိုပြီးပြောရရင် သူတို့တွေဟာ သူ့ရဲ့ မြင်ဆရာများဖြစ်ခဲ့ပါသည်။
၎။
သူ သီရီလင်္ကာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန်ဒီကို ရောက်နေတဲ့အချိန်ကဖြစ်ပါသည်။ အဲဒီနေ့က လည်း ပေရာဒနိယတက္ကသိုလ်ကိုသွားဖို့ သူငယ်ချင်းနဲ့ မှတ်တိုင်တစ်ခုမှာ စောင့်နေခဲ့ပါသည်။ ထိုစဉ် သူတို့စောင့်နေတဲ့မှတ်တိုင်ရှိရာသို့ ကိုရင်ခြောက်ပါးရောက်လာခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံရဲ့ထုံးစံအတိုင်း စာသင်တိုက်ကို စာဝါသွားတက်ပြီး သူတို့နေထိုင်ရာကျောင်းတိုက်အသီးသီးကို ပြန်ကြမယ့် ကိုရင်လေး များဖြစ်ကြောင်း သူတို့ရဲ့ လွယ်အိတ်များက ပြောပြနေပါသည်။ သူက ကိုရင်လေးများရောက်လာ လို့ နောက်ကားတစ်စီးရောက်လာမှပဲ ငါတို့စီးကြရအောင်လို့ သူငယ်ချင်းကို သတိပေးလိုက်မိပါသည်။
နောက်ကားတစ်စီးလာလည်း ငါတို့ စီးလို့မရသေးဘူးလို့ တုံ့ပြန်လာတဲ့သူငယ်ချင်းကိုလည်း နားမလည်တဲ့ အမူအရာနဲ့ သူ ပြန်ကြည့်ဖြစ်ခဲ့သည်ကိုလည်း မှတ်မိနေပါသေးသည်။ ဘာလို့စီးလို့မရရမှာလဲ ကိုရင် ခြောက်ပါး အခုကားနဲ့ ပါသွားရင် သူ နဲ့ သူ့ သူငယ်ချင်းတို့ နောက်ကား စီးလို့ရရမှာပေါ့လို့ လည်း တွေးမိသေးတယ်။ သူ့ သူငယ်ချင်းကိုတော့ ဘာမှမပြောလိုက်တော့ပါဘူး။ သူငယ်ချင်းက သူ့ထက်အ ရင်ရောက်နေတာဆိုတော့ သူက ဒီနိုင်ငံကဓလေ့ထုံးတမ်းတွေအကြောင်းကို သူ့ထက်ပိုသိမှာသေချာ တယ်လေ။ အဲဒီအချိန်မှာပဲ ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာပါသည်။ ဘတ်စ်ကားက အတော်ကို ချောင်ပါ သည်။ သို့သော်…. သူ့ သူငယ်ချင်းပြောတာ မှန်ပါသည်။ ဘက်စ်ကားချောင်ပေမဲ့ ကိုရင်နှစ်ပါးသာ ကားပေါ်တက်လိုက်သွားပါသည်။ ကျန်ခဲ့တဲ့လေးပါးက သူတို့လို မှတ်တိုင်မှာ စောင့်ဆဲ….။
လူတွေသိပ်မပါတဲ့ ဘတ်စ်ကားပေါ်မှာ ချောင်ချောင်ချိချိ အားလုံးလိုက်သွားနိုင်ပါလျှက် ဘာ့ကြောင့် များ နှစ်ပါးတည်းလိုက်သွားရသလဲဆိုတာ အဲဒီအချိန်ထိ သူ စဉ်းစား၍ မရနိုင်သေး။ သူ့ရဲ့အတွေး ကို သိဟန်တူသော သူငယ်ချင်းက “သူတို့နိုင်ငံက ရဟန်းတော်များအတွက် ထိုင်ခုံက ၂ ခုံပဲပေးတာ၊ ဒါကြောင့် နှစ်ပါးပဲ တက်တာ၊ တကယ်လို့ ဆယ်ပါးတက်လာခဲ့မယ်ဆိုရင်လည်း ဆယ်ယောက်လောက်က ထပေးတက်တာ ကိုယ့်လူ အသိပဲ။ ဒါပေမဲ့ ဒီက ကိုယ်တော်အများစုဟာ မရသင့်တဲ့အခွင့်အရေးကို မယူသင့်ဘူးလို့ ခံယူထားကြတယ်လို့ ပြောနိုင်တယ်။ အဲဒါကြောင့် အလိုက်သိစွာနဲ့ ကိုရင်ခြောက်ပါးလုံး မတက်တာ။ ကားပေါ်မှာ ရဟန်းတော် ၂ ပါး ပါလာခဲ့မယ်ဆိုရင် ဒကာမတွေကို အားနာလို့ မတက်ကြဘူးဗျ..။ ဆက်စောင့်နေကြတာပဲ..။ အဲဒါ သူတို့နိုင်ငံမှာရှိတဲ့ ရဟန်းတော်အများစု အလိုက်သိစွာ လိုက်နာတဲ့ ထုံးစံပဲကိုယ့်လူ” လို့ သူငယ်ချင်းက ရှင်းပြမှ စိတ်ထဲရှင်းသွားပါတော့သည်။
ထို့ပြင် ထိုဓလေ့ထုံးစံကိုလည်း အလွန်ပင် သဘောကျသွားမိပါသည်။ နောက်ပီး သံဃာတော်များ တားရင် ရပ်မပေးဘဲ မောင်းထွက်သွားလေ့ရှိတဲ့ သူတို့နိုင်ငံက ဘတ်စ်ကားများကို သတိရမိပါသေးတယ်။ သူကတော့ အဲဒီနေ့ကစပြီး ဘတ်စ်ကားပေါ်မှာ ရဟန်းတော်နှစ်ပါး ပါလာရင် မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။ ဟုတ်တယ် အဲဒီနေ့ကစပြီး သူ စီးမယ့်ဘက်စ်ကားပေါ်မှာ ရဟန်းတော် ၂ ပါး ပါလာရင် ကျေကျေ နပ်နပ်နဲ့ နောက်ဆုတ်ပေးနေကျ။ အခုဆိုရင် အဲဒီအကျင့်က သူ့ အတွက် အတော်လေးကို အထာကျနေခဲ့ပြီ။
သူတို့နိုင်ငံသားတွေကို ဒီမိုကရေစီနဲ့ မတန်သေးဘူးလို့ ပြောကြတဲ့သူတွေကို သူ မကြိုက်ပါ။ သဘောမတူပါ။ မကျေနပ်ပါ။ လုံးဝ (လုံးဝ) ကန့်ကွက်ပါသည်။ သူတို့ပြောကြသလိုမဟုတ်မှန်း သက်သေပြဖို့ ဒီမိုကရေစီနိုင်ငံမှာနေရင်း ဒီမိုကရေစီနိုင်ငံသားတို့ ပြုမူတဲ့ အတုယူစရာကောင်းတဲ့ ချစ်စရာကောင်းတဲ့ အနု ပညာဆန်တဲ့ အလိုက်သိမှုလေးတွေနဲ့ အထာကျအောင် သူ ကြိုးစားခဲ့သည်။ လေ့ကျင့်ခဲ့သည်။ ကျင့်သုံးခဲ့သည်။
၅။
မကြာပါ….။ သူတို့ စောင့်နေရာမှတ်တိုင်ဆီ ဘတ်စ်ကားတစ်စီး ရောက်လာခဲ့ပါသည်။ ကားပေါ်မှာ လူပြည့်နေပေမဲ့ ရဟန်းတော်များအတွက်သာ (Reserved for clergy) လို့ရေးထားတဲ့ ခုံအလွတ်ပါလာလို့ သူတို့ ဘတ်စ်ကားပေါ် တက်ခဲ့ကြပါသည်။ ကားထွက်လို့ မကြာခင်မှာပဲ ရဟန်းတော် ဆယ်ပါးခန်စောင့်နေသော မှတ်တိုင်တစ်ခုသို့ ရောက်လာခဲ့ပါသည်။ ထင်မှတ်မထားဘဲ သူတို့နိုင်ငံက ရဟန်းတော်ငါးပါးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရဟန်းတော်တစ်ပါး သူတို့စီးခဲ့ရာ ဘက်စ်ကားပေါ်သို တက်လာခဲ့ပါသည်။
ဆင်ဟာလစကားနားမလည်ပေမဲ့ စပါယ်ယာနဲ့ ခရီးသည်တစ်ချို့စကားပြောပြီးရယ်နေခဲ့တာကိုလည်း သူနဲ့ သူ့ သူငယ်ချင်းကတော့ မြင်ဖြစ်အောင် မြင်လိုက်မိခဲ့ပါသည်။ ကားပေါ်တက်လာတဲ့ သူတို့နိုင်ငံသားအချို့က သူ့ကို ဘတ်စ်ကားပေါ်မှာ အလာပ သလာပ လှမ်းပြောရင်း ဘယ်အထိလိုက်မှာလဲ လို့ မေးလာပါသည်။ “ရှေ့မှတ်တိုင်မှာ ဆင်းမှာလို့” မဆိုင်းမတွ ပြောရင်း လောကဥပဒေနဲ့ တရားစွဲလို့မရတဲ့ ပြစ်မှုတစ်ခုကို သူ ကျူးလွန်လိုက်ပါသည်။ ဟုတ်တယ် ဒီ ပြစ်မှုကို သူ ကျေကျေနပ်နပ်ကြီးကို ကျူးလွန်လိုက်ပါသည်။ အဲဒီနေ့က သူ သာမက သူ့ရဲ့သူငယ်ချင်းကလည်း ဒီပြစ်မှုကို ကျူးလွန်ရာမှာ သူလည်းပဲ သူ နဲ့အတူ အလိုတူ အလိုပါဖြစ်ကြောင်း သူ့ကို အမူအယာနဲ့ ပြောပြခဲ့သေးပါသည်။
၆။
ရှေ့မှတ်တိုင်ရောက်တော့ သူ နဲ့ သူ့ သူငယ်ချင်းတို့ အမှန်တကယ်ပဲ ဘတ်စ်ကားပေါ်က ဆင်းခဲ့ကြပါသည်။ သူတို့သာ မဟုတ်ပါ။ ဘက်စ်ကားပေါ်မှာပါလာတဲ့ ခရီးသည်အားလုံးလည်း ဆင်းသွားခဲ့ကြပါသည်။ သူ နဲ့ သူ့ သူငယ်ချင်းကတော့ ဆင်းရမယ့် မှတ်တိုင်မရောက်သေးပေမဲ့ ဆက်မစီးသင့်လို့ယူဆကာ ဆင်းလာ ခဲ့ကြခြင်း ဖြစ်ပါသည်။ ကားပေါ်က ခရီးသည်အားလုံး သူတို့ဆင်းတဲ့မှတ်တိုင်မှာ ဘာကြောင့် တညီတညွတ် ထဲ ဆင်းခဲ့ကြသလဲဆိုတာလည်း သူ နဲ့ သူ့ သူငယ်ချင်းတို့အတွက်တော့ ပဟေဠိတစ်ခုလို အဖြေညှိပြနေစရာမလိုခဲ့……။
သူ နဲ့ သူ့ သူငယ်ချင်းတို့ မဆင်းရမဲ့မှတ်တိုင်မှာ ဆင်းခဲ့ရပြီး မဆုံးသေးသောရှေ့ခရီးရဲ့ ဆင်းရမဲ့မှတ်တိုင်မှာ ဆင်းဖို့အတွက် နောက်ထပ်လာမယ့် ဘတ်စ်ကားကိုပဲ စောင့်နေခဲ့ကြပါသည်။ နောက်ထပ် ဆက်ပြီး စောင့်နေခဲ့ကြပါ သည်။ နောက်ထပ် …..။ နောက်ထပ်…..။
၇။
ထိုနေ့က သူနဲ့ သူ့ သူငယ်ချင်းတို့ ကုလားကျောင်းကနေ မြန်မာကျောင်းသို့ စောစောစီးစီးထွက် လာခဲ့ကြပါသည်။ ထိုနေ့ကပဲ သူနဲ့ သူ့ သူငယ်ချင်းတို့ မြန်မာကျောင်းကို ပုံမှန်ရောက်နေကျအချိန် ထက် နောက်ကျပြီးမှ ရောက်ခဲ့ကြပါသည်။ ဒါပေမဲ့ သူ နဲ့ သူ့ သူငယ်ချင်းတို့ ကျေနပ်ခဲ့ကြပါ သည်။ နောက်ထပ်လည်း နောက်ကျပလေ့စေလေ..... ဒီလိုမျိုးနောက်ကျမယ်ဆိုလို့ရှိရင် ကျေကျေ နပ်နပ်ပဲ နောက်ကျခံဦးမည် ဖြစ်ပါသည်။ ။
1 comments:
သာဓု၊ သာဓု၊ သာဓုပါ ဘုရား
တပည့်တော်တို့လည်းရထားတို့၊ ကားတို့စီးရင်းအသက်ကြီးသူတွေကိုနေရာပေးဖြစ်နေပါတယ်ဘုရား
_/|- _/\_ _/\_
Post a Comment