Friday, August 13, 2010

တာဝန်နှင့် ၀တ္တရား

တာဝန်နှင့် ၀တ္တရားဟူသော စကားလုံးနှစ်လုံးကို တွဲ၍ သုံးနေကြသော်လည်း အဓိပ္ပါယ်အားဖြင့် မတူညီချေ။ တာဝန်သည် မလုပ် မနေ လုပ်ရမည့် သဘောဖြစ်၏။ တာဝန်၏ သဘောမှာ ရွေးချယ်ခွင့်မရှိချေ။ ၀က်ဖြစ်လျှင် မစင်စားရမည့် သဘောဖြစ်၏။ မိမိတို့ ပတ်ဝန်းကျင်တွင် တာဝန်မကျေပွန်သူ ရှိလာပါက ပြဿနာမျိုးစုံ ဖြစ်လာနိုင်၏။

ဝတ္တရား၏ သဘောမှာ မလုပ်မနေ လုပ်ရမည့် သဘောမဟုတ်ပေ။ မလုပ်ချင်လျှင် မလုပ်ဘဲ နေနိုင်၏။ ၀တ္တရား၏ သဘောမှာ ရွေးချယ်ခွင့်ရှိ၏။ ၀တ္တရား၏ သဘောမှာ ကူညီရိုင်းပင်းခြင်း ဖြစ်၏။ ထို့ကြောင့် မိမိတို့သည် တာဝန်အပြင် ၀တ္တရားလည်း ကျေပွန်အောင် ပြုလုပ်သင့်၏။ သို့မှသာ မိမိတို့ ပတ်ဝန်းကျင် ငြိမ်းချမ်းမည် ဖြစ်၏။ ၀တ္တရားမကျေပွန်သော ပတ်ဝန်းကျင်တွင် စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ အချင်းချင်း လေးစားမှုများကား ရှိလာမည် မဟုတ်ပေ။ ထိုစကားနှစ်လုံးသည် အဓိပ္ပါယ်မတူသကဲ့သိုပင် သက်ရောက်မှုလည်း ကွဲပြား၏။

မိသားစုတစ်ခုတွင် လင်ယောကျာ်း၏ တာဝန်ရှိ၏။ ဇနီးမယား၏ တာဝန်ရှိ၏။ မိဘတာဝန်ရှိ၏။ သားသမီး တာဝန်ရှိ၏။ ဆွေမျိုးတာဝန်ရှိ၏။ လင်မယားနှစ်ယောက်ကြားတွင် တာဝန်ကိုယ်စီ ကျေပွန်ပါက မည်သည့် ပြဿနာမျှ ဖြစ်မလာနိုင်ပေ။ ထို့အတူ သားသမီးနှင့် မိဘကြားတွင်လည်း ကိုယ်စီ တာဝန်ကျေပွန်ပါက မည်သည့်ပြဿနာမျှ ဖြစ်မလာနိုင်ပေ။ ထို့အတူ မိမိတို့ မိသားစုနှင့် ဆွေမျိုးများကြားတွင် တာဝန်ကိုယ်စီကျေပွန်နေပါကလည်း မည်သည့် ပြဿနာမျှ ဖြစ်မလာနိုင်ပေ။ လင်ယောကျာ်းက တာဝန်မကျေလျှင်သော်လည်းကောင်း ၊ ဇနီးမယားက တာဝန်မကျေလျှင်သော်လည်းကောင်း ထိုမိသားစုသည် ငြိမ်းချမ်းပျော်ရွှင်စွာ မနေနိုင်တော့ပေ။ ပြဿနာများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာမည်သာ ဖြစ်၏။ များသောအားဖြင့် လင်မယားများကြားတွင် တာဝန်မကျေမှုမှစ၍ ပြဿနာများ ဖြစ်လာခြင်း ဖြစ်၏။ ထိုသို့ လင်မယားနှစ်ယောက်ကြား ပြဿနာများ ဖြစ်လာသောအခါ စီးပွားရေး ကျန်းမာရေး ပညာရေး လူမှုရေး စသော အရေးများလည်း ဆုတ်ယုတ်ပျက်ပြားလာမည်သာ ဖြစ်၏။ ထိုသို့ စီးပွားရေး ကျန်းမာရေး ပညာရေး လူမှုရေး စသောအရေးများ ဆုတ်ယုတ်ပျက်ပြားလာသည်မှာ တာဝန်မကျေမှုက စခြင်း ဖြစ်သည်ဟုဆိုရမည် ဖြစ်၏။

မိသားစုတစ်ခုတွင် တာဝန်မဲ့သူ တစ်ယောက်ပါလာပါက ထိုမိသားစုသည် တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာနိုင်၏။ ထို့အတူ အဖွဲ့အစည်းတစ်ခုတွင် တာဝန်မဲ့သူ တစ်ယောက် ပါလာပါက ထိုအဖွဲ့အစည်းသည် တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာနိုင်၏။ ထိုထက်ပို၍ ပြောရပါလျှင် နိုင်ငံတစ်ခုတွင် တာဝန်မဲ့စွာနေတတ်သည့်သူများ ရှိလာပါကလည်း ထိုနိုင်ငံသည် တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာမည်သာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် မိသားစု တစ်ခုတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုတွင်လည်းကောင်း ၊ နိုင်ငံတစ်ခုတွင်လည်းကောင်း တာဝန်များဖြင့် တည်ဆောက်ထားသောကြောင့်ဖြစ်၏။

အပြန်အလှန်အားဖြင့် မိသားစုတစ်ခုတွင် တာဝန်သိသည့် မိသားစုဝင်များ ပါလာလေ ထိုမိသားစု တိုးတတ်လာလေပင် ဖြစ်၏။ အဖွဲ့အစည်းတစ်ခုတွင်လည်း တာဝန်သိသည့်သူများ ပါလာလေ ထိုအဖွဲ့အစည်း တိုးတက်လေပင် ဖြစ်၏။ နိုင်ငံတစ်ခုတွင်လည်း တာဝန်သိသည့် နိုင်ငံသားများ ပါလာလေ ထိုနိုင်ငံ တိုးတတ်လေပင် ဖြစ်၏။

မြတ်ဗုဒ္ဓသည် သိင်္ဂါလောဝါဒသုတ်တွင် မိဘတာဝန်၊ သားသမီးတာဝန်၊ ဆရာတာဝန်၊ တပည့်တာဝန်၊ စသည်ဖြင့် တာဝန်အသီးသီးကို ဟောကြားတော်မူခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့်မူ သိင်္ဂါလောဝါဒသုတ်ကို လိုက်နာကျင့်ကြံပါက တာဝန်အသီးသီး ကျေပွန်ပြီးသား ပင်ဖြစ်၏။ ထိုကဲ့သို တာဝန်အသီးသီး ကျေပွန်ပါက မည်သည့် ပြဿနာများမှ ဖြစ်မလာပဲ ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံး ချမ်းသာနိုင်မည် ဖြစ်၏။ မြတ်ဗုဒ္ဓညွှန်ပြတော်မူသည့် သိင်္ဂါလောဝါဒသုတ်တော်ကို မကျင့်ဘဲ မိမိတို့ တာဝန်များ မကျေပွန်ပါက ပြဿနာမျိုးစုံ ဖြစ်လာနိုင်ပြီး ပစ္စုပ္ပန်ဘ၀မှာလည်း မကြီးပွားနိုင်သလို သံသရာအတွက်လည်း မကောင်းပေ။

အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဗုဒ္ဓဘာသာများ ကျင့်ကြံအားထုတ်မှသာ အကျိုးပေးသည်မဟုတ် ၊ ကျင့်ကြံအားထုတ်သူတိုင်းအား အကျိုးပေးသောကြောင့် ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များကို တိရ စ္ဆာန်များ လိုက်နာကျင့်ကြံလျှင် တိရ စ္ဆာန်များ ချမ်းသာမည် ဖြစ်၏။ အခြား ဘာသာဝင်များ လိုက်နာ ကျင့်ကြံလျှင်လည်း အခြားဘာသာဝင်များ ချမ်းသာမည် ဖြစ်၏။ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို မလိုက်နာ မကျင့်သုံးပါက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလာမည် မဟုတ်ပေ။ ယနေ့ တိုးတက်သော မိသားစုများ၊ အသင်းအဖွဲ့များ နိုင်ငံများကို လေ့လာကြည့်ပါက ဗုဒ္ဓ၏တရားတော်များအတိုင်း လိုက်နာကျင့်ကြံကြသောကြောင့် တိုးတက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်မည် ဖြစ်၏။

ထိုသို တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရာတွင်လည်း သူ့အကန့်နှင့်သူ သူ့အတိုင်းအတာနှင့်သူ ပင်ဖြစ်၏။ မိဘတာဝန်ကို သားသမီးက ပြည့်စုံအောင်ဆောင်ရွက်နေ၍ မဖြစ်သလို တပည့်တာဝန်ကိုလည်း ဆရာက ပြည့်စုံအောင် ဆောင်ရွက်၍ မရပေ။ ဆိုလိုသည်မှာ မိမိအလုပ်ကိုသာ မိမိလုပ်ရမည် ဖြစ်၏။

ဘုန်းကြီးသည် ဘုန်းကြီးအလုပ်ကို လုပ်ရမည် ဖြစ်၏။ ဘုန်းကြီးသည် ဘုန်းကြီးအလုပ်ကို လုပ်မှသာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ချမ်းသာမည် ဖြစ်၏။ဘုန်းကြီးသည် ဘုန်းကြီးအလုပ်ကို လုပ်မှသာ ဘုန်းကြီးအလုပ်ကို လုပ်သော ဘုန်းကြီးများ ကြားတွင် ဘုန်းကြီးပီသစွာ နေနိုင်မည် ဖြစ်၏။

လူသည် လူအလုပ်ကို လုပ်ရမည် ဖြစ်၏။ လူသည် လူအလုပ်ကို လုပ်မှသာ လူအလုပ်ကိုလုပ်၍ လူလိုနေသော လူ့အသိုင်းအ၀ိုင်းတွင် လူပီသစွာ နေနိုင်မည် ဖြစ်၏။ လူသည် လူ့ဘ၀မှာနေလျှက် ဘုန်းကြီးတစ်ပါးကဲ့သို့ ကျင့်ကြံနေထိုင်ပါက ကြီးပွားချမ်းသာလာမည် မဟုတ်ပေ။ မိမိ၌ ရရှိထားသော လောကီစည်းစိမ်များပင် ဆုတ်ယုတ်လာမည်သာ ဖြစ်၏။

ထို့အပြင် တာဝန်မကျေသော မိမိကို အကြောင်းပြု၍ မိမိ၏ မိသားစု၊ မိမိ၏ ညီအစ်ကိုမောင်နှမ၊ မိမိဆွေမျိုးအသိုင်းအ၀ိုင်း၊ မိမိရပ်ရွာ စသည် မိမိနှင့် စပ်ဆက်သမျှသော ပတ်ဝန်းကျင်လည်း မည်သည့်ကောင်းကျိုးမျှ ဖြစ်ထွန်းလာမည် မဟုတ်ပေ။ မိမိကို အကြောင်းပြု၍ ဆိုးကျိုးများသာ ဖြစ်လာမည် ဖြစ်၏။ ထိုကဲ့သို့ မဖြစ်စေရန် မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သင့်၏။

ထို့ကြောင့်ပင် ဆရာဇော်ဂျီက
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား၊
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည် အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏ ။
သင်၏အမျိုးသား၊
စာစကားလည်း ကြီးပွားတိုးမြင့်၊
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
ဟူသော ကဗျာဖြင့် မိမိဆွေမျိုး မိမိရပ်ရွာ မိမိနိုင်ငံ အတွက် တာဝန်ကျေပွန်သူများဖြစ်အောင် တိုက်တွန်းခဲ့သည်။

မြတ်ဗုဒ္ဓ၏ တရားတော်များတွင်လည်း လောကီနှင့် လောကုတ္တရာ တရားများကို ခွဲခြားဟောထားသည်ကိုလည်း တွေ့ရမည် ဖြစ်၏။ သောတာပန်ဖြစ်ချင်သော လူတစ်ယောက်သည် သောတာပန်ဖြစ်ကြောင်းတရားကို ကျင့်ရမည်ဖြစ်၏။ ယခု ပစ္စုပ္ပန်ဘ၀ ကြီးပွားချမ်းသာရရှိချင်သော လူတစ်ယောက်သည် ပစ္စုပ္ပန်ကြီးပွားချမ်းသာကြောင်းတရားများကို ကျင့်သုံးရမည် ဖြစ်၏။ သူ့ အကန့်နှင့်သူ လိုက်နာကျင့်ကြံရမည် ဖြစ်၏။

ထို့ကြောင့် မိမိ မိသားစု တိုးတက်စေချင်လျှင် ၊ မိမိ အဖွဲ့အစည်းတိုးတက်စေချင်လျှင် ၊ မိမိ နိုင်ငံ တိုးတက်စေချင်လျှင် မိမိတို့အပေါ် ကျရောက်လာသည့် ဘ၀ပေးတာဝန်ကို ကျေပွန်ရမည်ဖြစ်၏။ တာဝန်သိစိတ်ဖြင့် မိမိအပေါ်ကျရောက်လာသည့် တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်၏။ တစ်နည်းအားဖြင့် ကျရောက်လာသည့် တာဝန်ကို ယူရဲ့သည့် သတ္တိရှိရမည် ဖြစ်၏။ ထိုသို့ ကျရောက်လာသည့် တာဝန်ကို ယူရဲသည့် သတ္တိရှိမှသာ ကြီးပွားနိုင်မည် ဖြစ်၏။ မိမိဆွေမျိုးများလည်း ကြီးပွားလာမည် ဖြစ်၏။ မိမိရပ်ရွာလည်း ဂုဏ်ရှိလာမည် ဖြစ်၏။ မိမိကို အကြောင်းပြု၍ မိမိ ပတ်ဝန်းကျင်လည်း တိုးတက်လာနိုင်မည် ဖြစ်၏။

ယနေ့ မြတ်ဗုဒ္ဓ၏သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီ ဖြစ်၏။ ဤကဲ့သို့ နှစ်ပေါင်း ၂၅၀၀ ကျော်အထိ တည်ရှိနေခြင်းမှာ အရှင်မဟာကဿပ ၊ အရှင်အာနန္ဒာ စသော မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ တာဝန်ကျေပွန်ခဲ့ကြသောကြောင့်ဖြစ်၏။ ပထမသင်္ဂါယနာပြီးသောအခါ ဒီဃနိကာယ်မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်အရှင်အာနန္ဒာနှင့်တပည့်တို့အား တာဝန်ပေးကြ၏။ မစ္ဇျိမနိကာယ်
မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရှင်သာရိပုတ္တရာ၏ တပည့်များအား တာဝန်
ပေးကြ၏။ သံယုတ္တနိကာယ်မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရှင်မဟာကဿပ
နှင့် တပည့်တို့အား တာဝန်ပေးကြ၏။ အင်္ဂုတ္တရနိကာယ်မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်
ရှောက်ရန်အတွက် အရှင်အနုရုဒ္ဓ၏ တပည့်များအား တာဝန်ပေးကြ၏။ ယင်းမထေရ်မြတ်များကြီးများသည် ကျရောက်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြ၏။ ထိုမထေရ်မြတ်ကြီးများ၏ တာဝန်ကျေပွန်မှုကြောင့်“ ဗုဒ္ဓဘာသာ” ဟု ယနေ့ ရှိနေခြင်း ဖြစ်သည်။ အကယ်၍သာ ထိုမထေရ်မြတ်ကြီးများ တာဝန်မကျေပွန်ခဲ့ပါက ယနေ့ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ ဟူသော အသံကိုပင် ကြားရမည် မဟုတ်ပေ။ ဤသည်မှာ တာဝန်ကျေပွန်မှု၏ အကျိုးဆက်ဖြစ်၏။

ထို့ကြောင့် မိမိပတ်ဝန်းကျင် မိမိအဖွဲ့အစည်း မိမိ မိသားစု တိုးတတ်စေချင်လျှင် မိမိအပေါ်၌ ကျရောက်လာသည့် တာဝန်ကို ယူရဲရမည် ဖြစ်၏။ ထို့အပြင် မိမိတစ်ယောက်တည်း တာဝန်ကျေပွန်နေရုံမျှနှင့်လည်း မပြည့်စုံသေး ၊ ကျန်သည့် မိသားစုဝင်များလည်း ကိုယ်စီ တာဝန်ကျေပွန်အောင် တိုက်တွန်းပေးရမည် ဖြစ်၏။

သို့မှသာ ဘက်စုံ တိုးတက်လာနိုင်မည် ဖြစ်၏။ ထို့ကြောင့်ပင် စာဆိုတို့က
“ မင်း မပါ ဘယ်ဟာမှ မပြီး ၊ မင်းချည်းလဲ မပြီး
ငါ မပါ ဘယ်ဟာမှ မပြီး ငါချည်းလဲ မပြီး
သူ မပါ ဘယ်ဟာမှ မပြီး သူချည်းလဲ မပြီး
မင်း ငါ သူ အားလုံးစုံမှ အလုံးစုံပြီး လို့ ဆိုခဲ့ကြခြင်း ဖြစ်၏။

အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် မိမိ၏ ဇနီးမယား သမီး သားတို့ အပေါ်၌တာဝန်ကျေရမည် ဖြစ်၏။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနှင့် မိမိ၏ မိသားစုပြည့်စုံအောင် ပြုလုပ်ပေးရမည် ဟူသည်မှာ ၀တ္တရားအရ မဟုတ်ဘဲ တာဝန်အရ လုပ်ကို လုပ်ပေးရမည် ဖြစ်၏။ ပြည့်စုံကြွယ်ဝသော မိသားစုများကို လေ့လာကြည့်ပါက ကိုယ်စီ တာဝန်များ ကျေပွန်ကြသောကြောင့် ဖြစ်သည်ကို တွေ့ရမည်သာ ဖြစ်၏။

နိုင်ငံတစ်ခုတွင်လည်း သမ္မတသည် သမ္မတ တာဝန်ကို စတင် ထမ်းဆောင်သော အချိန်မှစ၍ တိုင်းသူ ပြည်သားတို့၏ လိုအပ်ချက်များကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် လုပ်ပေးရမည့် တာဝန်ရှိ၏။ နိုင်ငံ၏ သမ္မတတစ်ယောက်အနေဖြင့် တိုင်းသူ ပြည်သားတို့၏ လိုအပ်ချက်များ ပြည့်စုံအောင် တာဝန်အရ လုပ်ကို လုပ်ပေးရမည် ဖြစ်၏။ သမ္မတ တစ်ယောက်၏ တာဝန်မကျေပွန်လျှင် တိုင်းပြည်သည် ဆင်းရဲမည် ဖြစ်၏။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လာလျှင် မျက်နှာငယ်ရမည် ဖြစ်၏။ ထိုကဲ့သို့ မဖြစ်စေရန်မှာ သမ္မတတွင် တာဝန်အပြည့်အ၀ရှိ၏။ ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမည်သာ ဖြစ်၏။ ထိုတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ပါက မိမိကိုယ် အကြောင်းပြု၍ မိမိနိုင်ငံ ဆုတ်ယုတ်မည် ဖြစ်၏။

ထို့ကြောင့် မိမိတို့သည် မိမိတို့ မိသားစု မိမိဆွေမျိုး မိမိတို့ရပ်ရွာ ၊ မိမိတို့နိုင်ငံ တိုးတက်စေလိုပါလျှင်၊ ကြီးပွားစေလိုပါလျှင်၊ ဂုဏ်တက်စေလိုပါလျှင် ၊ မိမိကိုယ်တိုင် တာဝန်ကျေသူ တာဝန်ကို ယူရဲသူ ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏။ သို့မှသာ မိမိ မိသားစု မိမိဆွေမျိုး မိမိရပ်ရွာ မိမိနိုင်ငံသည် မိမိကို အကြောင်းပြု၍ တိုးတက် ကြီးပွား ဂုဏ်တက်လာနိုင်မည် ဖြစ်၏။ ။

1 comments:

Buddha Dhamma said...

သာဓု၊ သာဓု၊ သာဓုပါ ဘုရား

Post a Comment