Saturday, May 5, 2012

ကဆုန်လပြည့်နေ



ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များရဲ့ အလိုအရ သာသနာတော်နှစ်ပြောင်းသွားတဲ့နေ့ ဖြစ်ပါတယ်။ အခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ဆိုရင် သာသနာတော်နှစ်၂၅၅၅ ကနေ သာသနာတော်နှစ် ၂၅၅၆ ခုနှစ်သို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီနှစ်ဟာဆိုရင် မြတ်ဗုဒ္ဓတည်ထောင်တော်မူခဲ့တဲ့သာသနာတော် ၂၅၅၆ ခုနှစ်ဖြစ်ပြီး မြတ်ဗုဒ္ဓသဗ္ဗညုတဥာဏ်တော်ကြီးရပြီး ဘုရားအဖြစ်သို့ရောက်တော်မူခဲ့တာ နှစ်ပေါင်း ၂၆၀၀ ရှိသွားပြီဖြစ်ပါတယ်။ 

ကဆုန်လပြည့်နေ့ဆိုတဲ့စကားလုံးလေးကတော့ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာရဲ့သမိုင်းမှာလည်း ကဆုန်လပြည့်နေ့ဟာ အတော်ကို အရေးပါတဲ့အခန်းမှာ ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်ကို ကြည့်လိုက်မယ်ဆိုရင် ကဆုန်လပြည့်နေ့နဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်တော်စဉ်လေးခုပါဝင်လာတာကို တွေ့နိုင်ပါတယ်။ စာရေးသူတို့ငယ်ငယ်က ကဆုန်လပြည့်နေနဲ့ ပတ်သက်ပြီး ဆရာဘုန်းတော်ကြီးက “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဆိုတဲ့ စာသားလေးနဲ့ ရှင်းပြခဲ့ဖူးပါတယ်။ 

၁။ ဗျာဒိတ် ဆိုတာ သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာမြတ်ဗုဒ္ဓထံတော်က ကဆုန်လပြည့်နေ့မှာ ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မယ်ဆိုတဲ့ ဗျာဒိတ်ရခဲ့တဲ့နေ့ကို ဆိုလိုတာပါ။ 

၂။ ဖွားမြင် ဆိုတာ ဂေါတမမြတ်ဗုဒ္ဓအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့မှာ ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြားရှိ လုမ္ဗိနီဥယျာဉ်မှာ မွေးဖွားတော်မူခဲ့တာကို ဆိုလိုတာပါ။ 

၃။ ဗောဓိပင် ဆိုတာ ဂေါတမမြတ်ဗုဒ္ဓအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့မှာ ဂယာဒေသရှိ မဟာဗောဓိပင်အောက်မှာ သဗ္ဗညုမြတ် ဗုဒ္ဓအဖြစ်ရောက်တော်မူခဲ့တဲ့နေ့ကို ဆိုလိုတာပါ။ 

၎။ စံဝင်နိဗ္ဗာန်နန်း ဆိုတာ ဂေါတမမြတ်ဗုဒ္ဓဟာ သက်တော် (၈၀) ၀ါတော် (၄၅) အရ မဟာသက္ကရာဇာ် (၁၄၈) ခု ကဆုန်လပြည့်နေ့ ကုသိနာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ပရိနိုဗ္ဗာန်စံ ၀င်တော်မူသွားခဲ့တာကို ဆိုလိုတာပါ။ 



စာရေးသူတို့မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်နေ့ရောက်ရင် စေတီတော်များကို ရေသပ္ပါယ်ခြင်း၊ ဆင်းတုတော်များကို ရေသပ္ပါယ်ခြင်းများနဲ့ မဟာဗောဓိပင်များကို ရေလောင်းခြင်းစတဲ့ ကုသိုလ်ကောင်း မှုများကို ပြုလုပ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ အထက်ပါကု သိုလ်ကောင်းမှုများအပြင် မိမိတို့နေအိမ်တို့ သံဃာတော်များကို ပင့်ဖိတ်ကာ အာရုံဆွမ်း၊ နေ့ဆွမ်းများဆပ်ကပ်ခြင်း၊ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲစတဲ့ တိရစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်း စတဲ့ကုသိုလ်ကောင်းမှုများ ကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များ အတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ 

ကဆုန်လဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာမို့ ရေများ ခန်းခြောက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ မြတ်ဗုဒ္ဓပွင့်တော်မူခဲ့ရာ မဟာဗောဓိပင်ကို ရည် မှန်းပြီး ညောင်ပင်များကို ရေသွန်းလောင်းကာ “ကဆုန်ညောင်ရေသွန်းပွဲတော်”ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိညောင်ပင်ဟာ ပရိဘောဂစေတီထိုက်ပါတယ်။ ပရိဘောဂစေတီထိုက်တဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတာဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ မဟာဗောဓိပင်ဆက်လက်ရှင်သန်စေနိုင်ဖို့နဲ့ ဗုဒ္ဓသာသနာတော် ဆက်လက်ပြီး အဓွန့်ရှည်စွာ တည်တံ့နိုင်ဖို့ဖြစ်တယ်လို့ ဆိုလိုပါတယ်။ 



ကဆုန်လနဲ့ပတ်သက်ပြီးရှေးသဒ္ဒါဆရာများကတော့ “ကံ (ဥဒကံ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ (ဥဒကံ) ဆိဇ္ဇတိ ဧတ္ထ (ဧတသ္မိံ မာသေ တိ) ကံဆိန်။ ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခန်း ပြတ်တောက်တတ်၏၊ ဣတိ တသ္မာ - ထို့ကြောင့်၊ ကံဆိန် - ကဆုန်လ မည်၏ “ လို့ဆိုပြီး  က
- မှာ “ရေ” ကိုဆိုလိုကာ ဆုန်-မှာ “ပြတ်ခြင်း” ဖြစ်သဖြင့် နွေရာသီ၏ ဗဟိုကျသော ဤ လခါသည် ရေပြတ်သော ကာလဖြစ်သည်” လို့ဖွင့်ပြတာကို မှတ်သားဖူးပါတယ်။ 

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံများအတွက် အလွန့်ကို အရေးပါတဲ့နေ့ထူးနေ့မြတ် ကြီးဖြစ်ပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန့်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုနိုင်ရန် ညှိနိုင်းဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၉ ခု စက်တင်ဘာလမှာတော့ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ်က ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ ၅၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံအပါအ၀င် ဗုဒ္ဓဘာသာဝင်နိုင်ငံများနဲ့ ရှရှား၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံက ထောက်ခံလိုက်လို့ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၇၄ အရ “ကဆုန်လပြည့်နေ့”ကို (Vesak Universal Holiday) ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်  သတ်မှတ်ပေးခဲ့ပါတယ်။

ပါဠိစာပေမှာတော့ ကဆုန်လပြည့်နေ့ကို “ဝေသာခ” (Vesaka) လို့ခေါ်ပြီး နောက်ပိုင်းကျ ပါဌ်ပျက်ကာ “ဝေသာခ်”(Vesak)လို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ သီဟိုဠ်နိုင်ငံကတော့ ကဆုန်လပြည့်နေ့ကို ၀ိဆက်ခ်(Vesak Day) လို့ ခေါ်ပါတယ်။ သီဟိုဠ်သားတို့ဟာ ကဆုန်လပြည့်နေ့ ကို နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ကာ ဘာသာရေးပွဲတော်များကို ၇ ရက်ခန့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ သီဟိုဠ်နိုင်ငံမှာတော့ ကဆုန်လပြည့်နေ့ကို သာသနာ့အလံဖုံးလွှမ်းသောနေ့လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း၊ လမ်းတိုင်း၊ လမ်းဆုံလမ်းခွတိုင်း၊ ဈေးဆိုင်တိုင်း၊ ကားတိုင်းနီးပါးနဲ့ တစ်နိုင်ငံလုံးရဲ့နေရာအနှံ့မှာ သာသနာ့အလံများ လွှင့်ထူထားလို့ဖြစ်ပါတယ်။



ကဆုန်လပြည့်နေ့ရောက်ခါနီးရင် သီရိလင်္ကာနိုင်ငံမှာတော့ လမ်းဆုံ လမ်းခွနေရာများမှာ (torana) “တောရန”လို့ ခေါ်တဲ့ စင်မြင့်ကြီးများ ဆောက်လုပ်ကာ မြတ်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်များ၊ ဇာတ်တော်များ၊ ကောသလမင်းအိပ်မက် ၁၆ ချက်စတဲ့ ဗုဒ္ဓ၀င်အကြောင်းအရာများကို ဆေးရေးပန်းချီများနဲ့ သရုပ်ဖော်ကာ ညလုံးပေါက် မီးထွန်းကာ ပြသထားကြပါတယ်။ ရောင်စုံမီးပုံး ပြိုင်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ နယ်မှာနေကြတဲ့လူအများစုဟာ ကိုလံဘိုမြို့တော် သို့ ရောက်လာကြပြီး ရောင်စုံမီးထွန်းပွဲတော်များ၊ မြတ်ဗုဒ္ဓရဲ့ဖြစ်တော်စဉ်များနဲ့ ဇာတ်တော်များကို မီးပန်းများနဲ့ အဆန်းတကြယ်ပြုလုပ်ပူဇော်ထားတာများကို လှည့်လည်ကြည့်ရှုကြပါတယ်။  

ကဆုန်လပြည့်နေ့ကတော့ အစည်ကားဆုံဖြစ်ပြီး ကိုလံဘိုမြို့ခံများကလည်း မိမိတို့အိမ်ရှေ့မှာ တီး၊ အအေး၊ ရေ၊ ထမင်း စတဲ့ စားသောက်ဖွယ်ရာများနဲ့ စတုဒိသာကျွေးမွေးကာ ဧည့်ခံလေ့ရှိကြပါတယ်။ ဒီလို အစားအသောက်များနဲ့ ဧည့်ခံတဲ့လူများရဲ့ မျက်နှာများကိုတွေ့ရတာလည်း စိတ်ချမ်းမြေ့စရာတစ်မျိုး ပါပဲ။ သူတို့ရဲ့မျက်နှာပေါ်မှာ “သူတို့သာလျှင် ဒီလို ကျွေးနိုင်တယ်”လို့ မာန်မာထောင်လွှားကာ လက်မထောင်ချင်တဲ့အမူအရာများမတွေ့ရဘဲ ပီတိဝေဖြာနေတဲ့ စေတနာများကို မျက်နှာမှာ တွေ့ရလို့ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ကဆုန်လပြည့်နေ့ရောက်မှ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပေမယ့် သီရိလင်္ကာနိုင်ငံကတော့ နေ့စဉ်နေ့တိုင်းရေသပ္ပါယ်လေ့ရှိပါတယ်။ ကဆုန်လပြည့်နေ့ရောက်မှ အထူးတလည်လုပ်ပြီး ရေသပ္ပါယ်တာ မဟုတ်ပါဘူး။ ကဆုန်လပြည့်နေ့ရောက်ရင်တော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း ဘုရားသွား ကျောင်းတက်ကို လူတိုင်းလိုလို လုပ်လေ့ရှိကြပါတယ်။ အစိုးရကလည်း ကဆုန်လပြည့်နေအပါအ၀င် ၃ ရက်တိုင်တိုင် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ 

အစိုးရရုံးပိတ်ရက် မတိုင်မီ တစ်ရက်အလို ၃.၅.၂၀၁၂ ရက်နေ့မှာ မကုဋာရာမမြန်မာကျောင်းမှုာ သုံးနေတဲ့ သုံးဘီးကားသမားတစ်ယောက်က “ဟင်းချက်စရာ အသားငါးများ ၀ယ်စရာရှိရင် အခုကတည်းက၀ယ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားသင့်ကြောင်း၊ အစိုးရက ဒီနေ့ သတင်းစာထဲမှာ ကဆုန်လပြည့်နေ့အပါအ၀င် ၃ ရက်တိတိကို အသားငါးရောင်းခွင့်ပိတ်ထားကြောင်း၊ အဲဒီရက်အတွင်းမှာဆိုရင် ဟင်းသီးဟင်းရွက်များသာ ၀ယ်လို့ရနိုင်မယ့်အကြောင်း” စာရေးသူကိုလာပြောပါတယ်။ အသားငါးစားသုံးမှုနဲ့ ပတ်သက်ပြီး သီဟိုဠ်နိုင်ငံသားရဟန်းတော်များ မဟာယာနဆန်ဆန်ကျင့်သုံးတာကို သဘောမကျပေမဲ့ အစိုးရက ဒီလို တရားဝင် ကြေညာပေးတာကို အတော် သဘော ကျသွားပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြ ဌာန်းနိုင်တာလို့ သူငယ်ချင်းများနဲ့တောင် ပြောဖြစ်ကြပါသေးတယ်။ 

၁၃၇၄ ခု ကဆုန်လဆန်း ၁၄ ရက်(၄.၅.၂၀၁၂) ရက်နေ့မှာတော့ သူငယ်ချင်းတစ်ပါးက သူ့ရဲ့ဆရာသမားကြွလာမှာမို့ လိုအပ်တဲ့ပစ္စည်းများသွားဝယ်ဖို့ စာရေးသူကိုခေါ်လို့ Arpico ဆိုတဲ့ ပုဂ္ဂလိကပိုင် Super Market ကြီးတစ်ခုဆီ ရောက်သွားပါတယ်။ စာရေးသူတို့သွားရာ လမ်းတစ်လျောက်မှာလည်း သာသနာ့အလံကို ပုံစံအမျိုးမျိုးနဲ့ လွှင်ထူထားတာများကို အတုယူဖွယ်ရာ အားကျဖွယ် တွေ့ရပါတယ်။ စာရေးသူတို့သွားရာ Super Market ကိုရောက်တော့လည်း ဆိုင်းကြီးတစ်ခုလုံးကို သာသနာ့အလံများက ဖုံးလွှမ်းနေပါတယ်။ စာရေးသူတို့ကို ကားသမားက ဆိုင်အ၀င်ပေါက်နားမှာချပေးခဲ့ပါတယ်။ 

ဆိုင်ပေါက်ဝရောက်ရောက်ချင်း စာရေးသူ သတိပြုမိလိုက်တာကတော့ အထဲကိုဝင်ခါနီးအပေါက်ဝမှာ ချိတ်ထားတဲ့စာရွက်တစ်ရွက်ပါပဲ။ တံခါးဝတည့်တည့်လူမြင်ကွင်းမှာ ချိတ်ထားတဲ့စာကိုဖတ်ပြီး ၀မ်းသာကြည်နူးသွားမိတာတော့ အမှန်ပါပဲ။ တစ်ဆက်တည်းမှာပဲ ငါတို့နိုင်ငံမှာလည်း  အစိုးရက ကဆုန်လပြည့်နေ့လို နေ့ထူးနေ့မြတ်များမှာ အသားငါးများ ရောင်းချခွင့်ကို တရားဝင်ပိတ်ပင်ကြောင်းကြေညာပြီး နာမည်ကြီးပြီး စားသုံးသူများအပေါ်သြဇာရှိတဲ့ ပုဂ္ဂလိကပိုင် Super Market များကလည်း ဆိုင်တိုင်းမှာ ဒီလိုစာမျိုးကပ်ထားနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးများကလည်း ၀င်လာခဲ့ပါတယ်။ 

စာရေးသူရောက်ခဲ့ရာ Arpico ဆိုင်ရဲ့ဆိုင်ပေါက်ဝ တံခါးတည့်တည့် လူမြင်ကွင်းမှာ ကပ်ထားတဲ့ စာကတော့ 

Dear Customers
Liquor Counter will be closed on 04th, 05th and 06th May Due to the Vesak Full Moon Poya Day.
Thank you.
Management. လို့ ဖြစ်ပါတယ်။ 

စာဖတ်သူကိုယ်တိုင်လည်း ဒီလိုမျိုးကပ်ထားတဲ့စာကို ကိုယ်တိုင်တွေ့ရရင် တစ်ခုခုကို အားမလိုအားမရဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Read More...

Thursday, March 15, 2012

နောက်ကျပလေ့စေ………




၁။
ထိုနေ့က သူနဲ့ သူ့ သူငယ်ချင်း ကုလားကျောင်းကနေ မြန်မာကျောင်းသွားဖို့ ကားမှတ်တိုင်ရှိရာသို့ သွားခဲ့ကြ ပါသည်။ 
 ၂။
နေပူကြီးမှာစောင့်နေရပေမဲ့ သူတို့ ဘတ်စ်ကားပေါ်တက်သွားရင် ထိုင်ခုံနေရာက ဖယ်ပေးရမယ့်သူတွေကို အားနာလို့ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ကြပါသည်။  တိတိကျကျပြောရရင် ရဟန်းတော်များအတွက်သာ (Reserved for clergy) လို့ရေးထားတဲ့ ခုံပေါ်မှာ ခရီးသည်တစ်ယောက်မှ ပါမလာတဲ့ကား လာသည့်အထိ စောင့်နေခဲ့ကြပါသည်။ 
 ၃။ 
တကယ်တော့ သီရိလင်္ကာလို ဗုဒ္ဓဘာသာလေးစားတဲ့နိုင်ငံမျိုးမှာ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ ဘတ်စ်ကားစီးတဲ့အခါ ထိုင်ခုံနဲ့စီးခွင့်ရဖို့အတွက် ဒီလောက်ကြာအောင် စောင့်စရာမလိုမှန်း သူ သိသလို သူ့ရဲ့ သူငယ်ချင်းလည်း သိပြီးဖြစ်ပါသည်။ သို့သော် သူတို့ စိတ်တိုင်းကျကို စောင့်နေခဲ့ကြပါသည်။ သီရိ လင်္ကာနိုင်ငံရဲ့ ချစ်စရာ၊  လေးစားစရာကောင်းတဲ့ ဓလေ့တွေအများကြီးထဲမှာ ဘတ်စ်ကားပေါ် မှာ နေရာပေးခြင်းကလည်း အတုယူစရာကောင်းတဲ့ အနုပညာတစ်ရပ်ဖြစ်တယ်လို့ သူကတော့ မြင်ပါသည်။ 

ဘာဖြစ်လို့လည်းဆိုတော့ ဘတ်စ်ကားပေါ် တက်လိုက်တာနဲ့ Driver ရဲ့နောက်တည့်တည့် ညာဘက်အခြမ်းမှာရှိတဲ့ ၂ ခုံတွဲဆိုရင် ရဟန်းတော်များအတွက်သာ(Reserved for clergy) လို့ ရေးထားနေကျ။ ရေးထားတဲ့အတိုင်း နေရာပေးနေကျ။ သူ့နိုင်ငံမှာလို သံဃာတော်တွေ ကို နေရာဖယ်ပေးဖို့ တကူးတက အော်နေစရာမလို။ Driver ရဲ့ နောက်ဘက် ဘယ်ဘက်အခြမ်းမှာရှိတဲ့ ၂ ခုံတွဲဆိုရင်လည်း မသန်စွမ်းသူများအတွက်သာ (Reserved for disable) လို့ ရေးထားနေ ကျ။ ရေးထားတဲ့အတိုင်း နေရာပေးတဲ့အပြင် တကယ်လို့များ ဘုန်းကြီးနှစ်ပါးသုံးပါးမက တက်လာသည် ပဲဖြစ်ဖြစ် မသန်မစွမ်းသူ လူကြီးသူမတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ သားသည်မိခင်တွေ တစ်ယောက်မက ဘယ်လောက်ပဲတက်လာတက်လာ တရိုတသေနေရာလှူမယ့်လူက အဆင်သင့်..။

အလိုက်သိတတ်တဲ့ လူ့အဖွဲ့အစည်းမှာ အလိုက်မသိစွာ ရှင်သန်လာခဲ့ရတဲ့ သူတို့အတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ရုန်းကန်ရတာလွယ်ကူတဲ့  အလုပ်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘက်စ်ကားစီးခြင်း အနုပညာနဲ့ပတ်သက်ပြီး အလိုက်မသိတက်တဲ့သူ့ကို အလိုက်သိတတ်တဲ့ လူ့အဖွဲ့အစည်းမှာ နေသား ကျအောင် သင်ပေးခဲ့သူတော့ သီရိလင်္ကာနိုင်ငံက ကိုရင်လေးများ.။  ထို့ထက်ပိုပြီးပြောရရင် သူတို့တွေဟာ သူ့ရဲ့ မြင်ဆရာများဖြစ်ခဲ့ပါသည်။ 
 ၄။ 
သူ သီရီလင်္ကာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန်ဒီကို ရောက်နေတဲ့အချိန်ကဖြစ်ပါသည်။ အဲဒီနေ့က လည်း ပေရာဒနိယတက္ကသိုလ်ကိုသွားဖို့ သူငယ်ချင်းနဲ့ မှတ်တိုင်တစ်ခုမှာ စောင့်နေခဲ့ပါသည်။ ထိုစဉ် သူတို့စောင့်နေတဲ့မှတ်တိုင်ရှိရာသို့ ကိုရင်ခြောက်ပါးရောက်လာခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံရဲ့ထုံးစံအတိုင်း စာသင်တိုက်ကို စာဝါသွားတက်ပြီး သူတို့နေထိုင်ရာကျောင်းတိုက်အသီးသီးကို ပြန်ကြမယ့် ကိုရင်လေး များဖြစ်ကြောင်း သူတို့ရဲ့ လွယ်အိတ်များက ပြောပြနေပါသည်။ သူက ကိုရင်လေးများရောက်လာ လို့ နောက်ကားတစ်စီးရောက်လာမှပဲ ငါတို့စီးကြရအောင်လို့  သူငယ်ချင်းကို သတိပေးလိုက်မိပါသည်။

နောက်ကားတစ်စီးလာလည်း ငါတို့ စီးလို့မရသေးဘူးလို့ တုံ့ပြန်လာတဲ့သူငယ်ချင်းကိုလည်း နားမလည်တဲ့ အမူအရာနဲ့ သူ ပြန်ကြည့်ဖြစ်ခဲ့သည်ကိုလည်း မှတ်မိနေပါသေးသည်။ ဘာလို့စီးလို့မရရမှာလဲ ကိုရင် ခြောက်ပါး အခုကားနဲ့ ပါသွားရင် သူ နဲ့ သူ့ သူငယ်ချင်းတို့  နောက်ကား စီးလို့ရရမှာပေါ့လို့ လည်း တွေးမိသေးတယ်။ သူ့ သူငယ်ချင်းကိုတော့ ဘာမှမပြောလိုက်တော့ပါဘူး။ သူငယ်ချင်းက သူ့ထက်အ ရင်ရောက်နေတာဆိုတော့ သူက ဒီနိုင်ငံကဓလေ့ထုံးတမ်းတွေအကြောင်းကို သူ့ထက်ပိုသိမှာသေချာ တယ်လေ။   အဲဒီအချိန်မှာပဲ ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာပါသည်။ ဘတ်စ်ကားက အတော်ကို ချောင်ပါ သည်။ သို့သော်. သူ့ သူငယ်ချင်းပြောတာ မှန်ပါသည်။ ဘက်စ်ကားချောင်ပေမဲ့ ကိုရင်နှစ်ပါးသာ ကားပေါ်တက်လိုက်သွားပါသည်။ ကျန်ခဲ့တဲ့လေးပါးက သူတို့လို မှတ်တိုင်မှာ စောင့်ဆဲ.။
  
လူတွေသိပ်မပါတဲ့ ဘတ်စ်ကားပေါ်မှာ ချောင်ချောင်ချိချိ အားလုံးလိုက်သွားနိုင်ပါလျှက် ဘာ့ကြောင့် များ နှစ်ပါးတည်းလိုက်သွားရသလဲဆိုတာ အဲဒီအချိန်ထိ သူ စဉ်းစား၍ မရနိုင်သေး။ သူ့ရဲ့အတွေး ကို သိဟန်တူသော သူငယ်ချင်းက သူတို့နိုင်ငံက ရဟန်းတော်များအတွက် ထိုင်ခုံက ၂ ခုံပဲပေးတာ၊ ဒါကြောင့် နှစ်ပါးပဲ တက်တာ၊ တကယ်လို့ ဆယ်ပါးတက်လာခဲ့မယ်ဆိုရင်လည်း ဆယ်ယောက်လောက်က ထပေးတက်တာ ကိုယ့်လူ အသိပဲ။ ဒါပေမဲ့ ဒီက ကိုယ်တော်အများစုဟာ မရသင့်တဲ့အခွင့်အရေးကို မယူသင့်ဘူးလို့ ခံယူထားကြတယ်လို့ ပြောနိုင်တယ်။ အဲဒါကြောင့် အလိုက်သိစွာနဲ့ ကိုရင်ခြောက်ပါးလုံး မတက်တာ။ ကားပေါ်မှာ ရဟန်းတော် ၂ ပါး ပါလာခဲ့မယ်ဆိုရင် ဒကာမတွေကို အားနာလို့ မတက်ကြဘူးဗျ..။ ဆက်စောင့်နေကြတာပဲ..။ အဲဒါ သူတို့နိုင်ငံမှာရှိတဲ့ ရဟန်းတော်အများစု အလိုက်သိစွာ လိုက်နာတဲ့ ထုံးစံပဲကိုယ့်လူ လို့ သူငယ်ချင်းက ရှင်းပြမှ စိတ်ထဲရှင်းသွားပါတော့သည်။ 

ထို့ပြင် ထိုဓလေ့ထုံးစံကိုလည်း အလွန်ပင် သဘောကျသွားမိပါသည်။ နောက်ပီး သံဃာတော်များ တားရင် ရပ်မပေးဘဲ မောင်းထွက်သွားလေ့ရှိတဲ့ သူတို့နိုင်ငံက ဘတ်စ်ကားများကို သတိရမိပါသေးတယ်။ သူကတော့ အဲဒီနေ့ကစပြီး ဘတ်စ်ကားပေါ်မှာ ရဟန်းတော်နှစ်ပါး ပါလာရင် မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါသည်။ ဟုတ်တယ် အဲဒီနေ့ကစပြီး သူ စီးမယ့်ဘက်စ်ကားပေါ်မှာ ရဟန်းတော် ၂ ပါး ပါလာရင် ကျေကျေ နပ်နပ်နဲ့ နောက်ဆုတ်ပေးနေကျ။ အခုဆိုရင် အဲဒီအကျင့်က သူ့ အတွက် အတော်လေးကို အထာကျနေခဲ့ပြီ။

သူတို့နိုင်ငံသားတွေကို ဒီမိုကရေစီနဲ့ မတန်သေးဘူးလို့ ပြောကြတဲ့သူတွေကို သူ မကြိုက်ပါ။ သဘောမတူပါ။ မကျေနပ်ပါ။ လုံးဝ (လုံးဝ) ကန့်ကွက်ပါသည်။ သူတို့ပြောကြသလိုမဟုတ်မှန်း သက်သေပြဖို့ ဒီမိုကရေစီနိုင်ငံမှာနေရင်း ဒီမိုကရေစီနိုင်ငံသားတို့ ပြုမူတဲ့ အတုယူစရာကောင်းတဲ့ ချစ်စရာကောင်းတဲ့ အနု ပညာဆန်တဲ့ အလိုက်သိမှုလေးတွေနဲ့ အထာကျအောင် သူ ကြိုးစားခဲ့သည်။ လေ့ကျင့်ခဲ့သည်။ ကျင့်သုံးခဲ့သည်။ 
 ၅။
မကြာပါ.။ သူတို့ စောင့်နေရာမှတ်တိုင်ဆီ ဘတ်စ်ကားတစ်စီး ရောက်လာခဲ့ပါသည်။ ကားပေါ်မှာ လူပြည့်နေပေမဲ့ ရဟန်းတော်များအတွက်သာ (Reserved for clergy) လို့ရေးထားတဲ့ ခုံအလွတ်ပါလာလို့ သူတို့ ဘတ်စ်ကားပေါ် တက်ခဲ့ကြပါသည်။ ကားထွက်လို့ မကြာခင်မှာပဲ ရဟန်းတော် ဆယ်ပါးခန်စောင့်နေသော မှတ်တိုင်တစ်ခုသို့ ရောက်လာခဲ့ပါသည်။ ထင်မှတ်မထားဘဲ သူတို့နိုင်ငံက ရဟန်းတော်ငါးပါးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရဟန်းတော်တစ်ပါး သူတို့စီးခဲ့ရာ ဘက်စ်ကားပေါ်သို တက်လာခဲ့ပါသည်။ 

ဆင်ဟာလစကားနားမလည်ပေမဲ့ စပါယ်ယာနဲ့ ခရီးသည်တစ်ချို့စကားပြောပြီးရယ်နေခဲ့တာကိုလည်း သူနဲ့ သူ့ သူငယ်ချင်းကတော့ မြင်ဖြစ်အောင် မြင်လိုက်မိခဲ့ပါသည်။ ကားပေါ်တက်လာတဲ့ သူတို့နိုင်ငံသားအချို့က သူ့ကို  ဘတ်စ်ကားပေါ်မှာ အလာပ သလာပ လှမ်းပြောရင်း ဘယ်အထိလိုက်မှာလဲ လို့ မေးလာပါသည်။ ရှေ့မှတ်တိုင်မှာ ဆင်းမှာလို့ မဆိုင်းမတွ ပြောရင်း လောကဥပဒေနဲ့ တရားစွဲလို့မရတဲ့ ပြစ်မှုတစ်ခုကို သူ ကျူးလွန်လိုက်ပါသည်။ ဟုတ်တယ် ဒီ ပြစ်မှုကို သူ ကျေကျေနပ်နပ်ကြီးကို ကျူးလွန်လိုက်ပါသည်။ အဲဒီနေ့က သူ သာမက သူ့ရဲ့သူငယ်ချင်းကလည်း ဒီပြစ်မှုကို ကျူးလွန်ရာမှာ သူလည်းပဲ သူ နဲ့အတူ အလိုတူ အလိုပါဖြစ်ကြောင်း သူ့ကို အမူအယာနဲ့ ပြောပြခဲ့သေးပါသည်။ 

၆။ 
ရှေ့မှတ်တိုင်ရောက်တော့ သူ နဲ့ သူ့ သူငယ်ချင်းတို့ အမှန်တကယ်ပဲ ဘတ်စ်ကားပေါ်က ဆင်းခဲ့ကြပါသည်။ သူတို့သာ မဟုတ်ပါ။ ဘက်စ်ကားပေါ်မှာပါလာတဲ့ ခရီးသည်အားလုံးလည်း ဆင်းသွားခဲ့ကြပါသည်။ သူ နဲ့ သူ့ သူငယ်ချင်းကတော့ ဆင်းရမယ့် မှတ်တိုင်မရောက်သေးပေမဲ့ ဆက်မစီးသင့်လို့ယူဆကာ ဆင်းလာ ခဲ့ကြခြင်း ဖြစ်ပါသည်။ ကားပေါ်က ခရီးသည်အားလုံး သူတို့ဆင်းတဲ့မှတ်တိုင်မှာ ဘာကြောင့် တညီတညွတ် ထဲ ဆင်းခဲ့ကြသလဲဆိုတာလည်း သူ နဲ့ သူ့ သူငယ်ချင်းတို့အတွက်တော့ ပဟေဠိတစ်ခုလို အဖြေညှိပြနေစရာမလိုခဲ့…… 

သူ နဲ့ သူ့ သူငယ်ချင်းတို့ မဆင်းရမဲ့မှတ်တိုင်မှာ ဆင်းခဲ့ရပြီး  မဆုံးသေးသောရှေ့ခရီးရဲ့ ဆင်းရမဲ့မှတ်တိုင်မှာ ဆင်းဖို့အတွက် နောက်ထပ်လာမယ့် ဘတ်စ်ကားကိုပဲ  စောင့်နေခဲ့ကြပါသည်။ နောက်ထပ် ဆက်ပြီး စောင့်နေခဲ့ကြပါ သည်။ နောက်ထပ် ..။ နောက်ထပ်..။ 

၇။ 
ထိုနေ့က သူနဲ့ သူ့ သူငယ်ချင်းတို့ ကုလားကျောင်းကနေ မြန်မာကျောင်းသို့ စောစောစီးစီးထွက် လာခဲ့ကြပါသည်။ ထိုနေ့ကပဲ သူနဲ့ သူ့ သူငယ်ချင်းတို့ မြန်မာကျောင်းကို ပုံမှန်ရောက်နေကျအချိန် ထက် နောက်ကျပြီးမှ ရောက်ခဲ့ကြပါသည်။ ဒါပေမဲ့ သူ နဲ့ သူ့ သူငယ်ချင်းတို့ ကျေနပ်ခဲ့ကြပါ သည်။ နောက်ထပ်လည်း နောက်ကျပလေ့စေလေ..... ဒီလိုမျိုးနောက်ကျမယ်ဆိုလို့ရှိရင် ကျေကျေ နပ်နပ်ပဲ နောက်ကျခံဦးမည် ဖြစ်ပါသည်။ 

Read More...

Thursday, February 9, 2012

စိတ္တလပဗ္ဗတသို့ ဒုတိယအကြိမ်








မထင်မှတ်ဘဲ တရားထိုင်သွားတဲ့သူငယ်ချင်းများ သွားကြိုရင်း စိတ္တလပဗ္ဗတတောင်ကို ဒုတိယအ ကြိမ်ရောက်ဖြစ်ပြန်ပါတယ်။ အရင်တခါရောက်ဖြစ်တုန်းက ဒီနေရာ ဒီဒေသကို နောက်ထပ် လာဖြစ်လိမ့်မယ် လို့ ထင်မထားခဲ့ပါဘူး။ ထင်မထားတဲ့အရာတွေ ဖြစ်လာတက်တဲ့ သဘာဝအတိုင်း ၂၀၁၂ ခုနှစ်မှာ နောက်တ ကြိမ် ရောက်လာခဲ့ပါတယ်။ အခု နောက်ထပ်တစ်ခါ စိတ္တလပဗ္ဗတတောင်ကို သွားဖို့ဖန်လာတာကတော့ သူငယ်ချင်းဖြစ်သူ ဦးပညာဓဇတရားအားထုတ်ချင်တဲ့စိတ်က စလာတာပါပဲ။

ဦးပညာဓဇက ဘီစီစီမှာ ကျောင်းတက်နေရင်း ကျောင်းပိတ်ချိန်တစ်လရတာနဲ့ ခန်နုဗောဓရိပ်သာမှာ တရား အားထုတ်ချင်လို့ စာရေးသူကို လိုက်ပို့ဖို့ပြောပါတယ်။ စာရေးသူကလည်း ခန်နုဗောဓဘုန်းကြီးနဲ့ ရင်းနှီးတာမို့ လိုက်ပို့မယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ ဦးပညာဓဇနဲ့အတူ ဘုန်းကြီးဦးဝေပုလ္လ၊ ဦးဇိန၀ံသတို့ကပါ တရားအားထုတ်ချင်တယ်ဆိုတာနဲ့ ဦးပညာဓဇက ခန်နုဗောဓရိပ်သာကို မသွားတော့ဘဲ စိတ္တလပဗ္ဗတတောင်ကို ရွေးချယ်လိုက်ပါတယ်။ သူငယ်ချင်းများ တရားအားထုတ်သွားရင် လိုက်ပို့မယ် လို့ ပြောထားပေမယ့် တကယ်တမ်း သွားပို့တဲ့အခါကျတော့ အကြောင်းအမျိုးအမျိုးကြောင့် စာရေးသူ လိုက်မပို့နိုင်လိုက်ပါဘူး။ စာရေးသူလိုက်မပို့နိုင်ပေမယ့် ဦးဝိလာသဂ္ဂက ဦးဆောင်ပြီး အစစအရာရာကူ ညီဆောင်ရွက်ပေးလို့ အားလုံးအဆင်ပြေသွားပါတယ်။ ဦးဝိလာသဂ္ဂ ပြန်လာတော့ တရားအားထုတ်သွားတဲ့ သူငယ်ချင်းများ သွားကြိုတဲ့အခါ လိုက်ဖြစ်အောင်လိုက်ခဲ့ဖို့ ပြောပါတယ်။ ဦးပညာဓဇကလည်း ဦးဝိလာသဂ္ဂ လာရင် စာရေးသူပါလိုက်ခဲ့ဖို့ ဖုန်းဆက်ပြီး အကြိမ်ကြိမ်သတိပေးပါတယ်။ စာရေးသူလည်း ဒီတစ်ခါတော့ မပျက်မကွက်လိုက်ခဲ့ပါမယ်လို့ပြောပြီး သူငယ်ချင်းများနဲ့အတူ လိုက်သွားဖြစ်ခဲ့ပါတယ်။

ဦးပညာဓဇရဲ့အသိ စင်္ကာပူက ဒကာမတစ်ယောက်လည်း စာရေးသူတို့နဲ့အတူ လိုက်ခဲ့မှာမို့ ၂၂.၁.၂၀၁၂ ရက်နေ့ နံနက်  ၅ နာရီခွဲမှာ ဒကာမတည်းခိုရာအိမ်ကို သူငယ်ချင်း ၆ ပါးသွားကြပါတယ်။ အိမ်ရောက်မှ ရှမ်းခေါက်ဆွဲအာရုံဆွမ်း ကပ်ပါတယ်။ အာရုဏ်ဆွမ်းဘုန်းပေးပြီး စိတ္တလပဗ္ဗတတောင်ကို ခရီးစထွက်ခဲ့ကြ ပါတယ်။ ရတနပူရမြို့ကိုရောက်တော့ ၁၀ နာရီကျော်ကျော်ပဲရှိသေးတာမို့ အဲဒီနားမှာ နှစ်ပေါင်း ၂၃၀၀ ကျော်က ဆောက်လုပ်ခဲ့တဲ့ကျောက်လိုဏ်ဂူကိုသွားချင်ရင် အချိန်ရတယ်ပြောတာနဲ့ သွားရောက်လေ့ လာခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ အဲဒီနေရာဟာလည်း စတုတ္ထသံဂါယနာတင်ရာ အာလုဝိဟာရလို့ ထင်ရှားတဲ့နေရာတစ်ခုဖြစ်တယ်လို့ ကားသမားက ပြောပြပါတယ်။ မနက် ၁၁နာရီခွဲမှာ အမ်ဗိလိပိတိယ မြို့ရောက်ပြီး နေ့လည်ဆွမ်းကို ဆိုင်မှာပဲ ဦးပညာဓဇရဲ့ဒကာမက ကပ်ပါတယ်။ နေ့ခင်းဆွမ်းဘုန်းပေးပြီး ခရီးဆက်ကြရာ ၃ နာရီကျော်ကျော်လောက်မှာ စိတ္တလပဗ္ဗတတောင်တည်ရှိရာ တောထဲရာက်လာ ခဲ့ပါတယ်။

စိတ္တလပဗ္ဗတတောင်ဟာ သီရိလင်္ကာနိုင်ငံရဲ့အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိပြီး Sithulpawwa, Cittalapabbata, Sitrupauwa လို့အမည်အမျိုးမျိုးနဲ့ခေါ်ဝေါ်ကြပါတယ်။ အမည်အပြည့်အစုံကတော့ Sithulpauva Rajamaha Viharaya (စိတုပါဥ၀ ရာဇမဟာဝိဟာရ) ဖြစ်ပါတယ်။ အခြားနေ့တွေမှာ လူသူ အရောက်နည်းပါးပေမဲ့ စနေ တနင်္ဂနွေနေ့တွေမှာ တောင်ခြေက ကျောင်းအရောက်အထိ လိုင်းကား ရောက်အောင်စီစဉ်ထားပါတယ်။ စိတ္တလပဗ္ဗတဟာ အတိက်တစ်ချိန်က သီရိလင်္ကာနိုင် ငံ၊ ရောဟဏဒေသရဲ့ ဗုဒ္ဓသာသနာ ထွန်းကားရာ အလယ်ဗဟိုဋ္ဌာနဖြစ်ခဲ့ပါတယ်။ ၀ါလဂမ်ဘမင်း(ဘီစီ၁၀၃-၈၉, ၇၇)လက်ထက်က စိတ္တလပဗ္ဗတဒေသတ၀ိုက်မှာ ရဟန်းတော်ပေါင်း ၁၂၀၀၀ ခန့် သီတင်းသုံးခဲ့ကြပြီး ပင်မကျောင်းတော်ကြီးရဲ့ ပတ်ဝန်းကျင်မှာ ကျောက်တောင်များနဲ့ သဘာဝကျောက်လိုဏ်ဂူများကိုလည်း တွေ့ရပါတယ်။ 


စာရေးသူတို့ကိုလိုက်ပို့တဲ့ သီဟိုဠ်ဦးဇင်းတစ်ပါးကတော့ ကျောင်းတော်ရဲ့အနီးတ၀ိုက်မှာ သဘာဝလိုဏ်ဂူပေါင်း ၁၆၀ ကျော်ခန့်ရှိတယ်လို့ ပြောပြပါတယ်။ တစ်ချို့နေရာများမှာရှိတဲ့ သဘာဝကျောက် ဂူများကို တောရိုင်းတိရစ္ဆာန်များ ဘေးရန်က ကင်းအောင် အကာအရံများပြုလုပ်ထားတာ ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ တစ်ချို့ကျောက်တောင်များပေါ်မှာ စေတီများကို ဖူးမြင်ရပြီး ကျောင်းတော်ကြီးအနီးက ကျောက်တောင်ပေါ်မှာရှိတဲ့ စေတီကတော့ အကြီးဆုံးဖြစ်ပါတယ်။ အဲဒီစေတီကြီးကို က၀ံတိဿမင်း ၃ ရာစုခန့်က တည်ထားခဲ့တာဖြစ်ပြီး အနီးတ၀ိုက်မှာ ရှိတဲ့ စေတီငယ်များကိုတော့ ၀ါသဘမင်း (၆၇-၁၁၁) က တည်ထားခဲ့ပါတယ်။ ၀ါသဘမင်းဟာ စေတီပေါင်း ၁၀၀၀ တည်ခဲ့ပြီး ဒါတောပတိဿမင်းက စေတီများထိန်းသိမ်းစောင့်ရှောက်ရန်အတွက် လယ်ယာများနဲ့ အတူ ကျေးရွာများကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့သမိုင်းကြောင်းအရ အရှင်သံဃရက္ခိတမထေရ်နာမကျန်းဖြစ်ပြီး ဒီတောင်မှာ သီတင်းသုံးနေတုန်း ရဟန္တာပေါင်း ၈၀၀၀ ခန့်နဲ့အတူ သိကြားမင်းပါ လာရောက်ပြီး မထေရ်မြတ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်လို့ ဆိုကြပါသေးတယ်။

စိတ္တလပဗ္ဗတတောင်ဟာ တိဿမဟာဝိဟာရနဲ့ ၂၄ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပါတယ်။ သမိုင်းမှတ်တိုင်များရဲ့အလိုအရ တိဿမဟာဝိဟာရဟာ ပရိယတ္တိသာသနာတော်ထွန်းကားခဲ့ရာ ဗဟိုဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့ပြီး စိတ္တလပဗ္ဗတတောင်ကတော့ ပဋိပတ္တိသာသနာတော်ထွန်းကားခဲ့ရာ ဗဟိုဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိတ္တလပဗ္ဗတတောင်သွားရာ တောထဲရောက်လာတယ်ဆိုရင်ပဲ လမ်းဘေးဝဲယာမှာ သွားလာကျက်စားနေကြတဲ့ တောဝက်၊ သမင်၊ ဖွတ်၊ ရစ်၊ ဥဒေါင်းစတဲ့ တောငှက် တိရစ္ဆာန်များကိုတွေ့ရပါတယ်။ 


သီရိလင်္ကာအစိုးရက စိတ္တလပဗ္ဗတတောင်ဒေသကို ယလအမျိုးသားဥယျာဉ်အဖြစ်သတ် မှတ်ကာ တောရိုင်းတိရစ္ဆာန်များကို ဘေးမဲ့ပေးထားလို့ စိတ္တလပဗ္ဗတတောင်ဟာ သီရိလင်္ကာနိုင်ငံ ရဲ့အကြီးမားဆုံးတောကြီး ဖြစ်နေပါတယ်။ သီရိလင်္ကာနိုင်ငံသားများဟာ တောငှက်တိရစ္ဆာန် များကို ဘေးမဲ့ပေးထားတယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို တောကြီးတွေထဲမှာတင် မဟုတ်ဘဲ မြို့တော်ကိုလံဘိုရဲ့တစ်ချို့နေရာများမှာတောင် ကားလမ်း ဖြက်ကူးနေတဲ့ ဖွတ်စတဲ့သတ္တ၀ါများ ကို တွေ့နိုင်လို့ဖြစ်ပါတယ်။ စာရေးသူတို့မြန်မာနိုင်ငံမှာထက် အဟိံသတရားထွန်းကားတယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ စာရေးသူတို့လည်း စိတ္တလပဗ္ဗတတောင်သွားရာ တောလမ်းထဲရောက်လာတော့ လမ်းဘေးမှာ ကျက်စားနေတဲ့ တောငှက်တိရစ္ဆာန်များကို ဓာတ်ပုံရိုက်လိုက်ကြပါသေးတယ်။
တောင်ခြေမှာရှိတဲ့ကျောင်းကို စာရေးသူတို့ရောက်တော့ ၄နာရီထိုးပါတော့မယ်။ ဘုန်းကြီးဦးဝေပုလ္လနဲ့ ဦးပညာဓဇတို့က စောင့်နေပြီး စာရေးသူတို့ကို ကျောင်းထိုင်ဘုန်းကြီးနဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ကပ္ပိယများက အာရုံဆွမ်းကပ်ဖို့အတွက် စာရေးသူတို့ ၀ယ်လာတဲ့ ခရမ်းချဉ်သီး၊ ခါကြက်ဥ၊ အုန်းသီး၊ ပဲသီး၊ ဖရုံသီး၊ ပန်းသီး၊ စပျစ်သီး၊ ငှက်ပျောသီး စတဲ့ပစ္စည်းများ ဆွမ်းစားကျောင်းကို ပို့ကြပါတယ်။ ဟင်းသီးဟင်း ရွက်များလာယူတဲ့ ကပ္ပိယတွေအနားမှာ အဖွဲ့ခေါင်းဆောင် ဦးဝိလာသဂ္ဂ မရှိတော့ မျောက်ကျွေးဖို့ဝယ်လာတဲ့ ငှက်ပျောခိုင်လည်း ဆွမ်းစားကျောင်းထဲ ပါသွားပါတော့တယ်။ ဒါနဲ့ပဲ မျောက်တွေကို ငှက်ပျောသီးမကျွေးခဲ့ ရလိုက်ပါဘူး။


ကပ္ပိယများကပ်တဲ့ Sri Lanka tea သောက်ပြီးတာနဲ့ သူငယ်ချင်းများ တရားအားထုတ်ရာ လိုဏ်ဂူများဘက် ကို လေ့လာကြပါတယ်။ သီဟိုဠ်လက်ထောက်ဘုန်းကြီးလိုက်ပို့လို့သာ ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ လိုဏ်ဂူများအားလုံးနီးပါးရောက်ခဲ့ရပြီး စာရေးသူတို့ ကိုယ်တိုင်သွားရမယ်ဆိုရင် သွားတတ်မှာ မဟုတ်ပါဘူး။
ပထမဆုံး ဘုန်းကြီးဦးဝေပုလ္လတရားထိုင်တဲ့ လိုဏ်ဂူကိုကြည့်ရှူကြပြီး လိုဏ်ဂူရှေ့မှာ အမှတ်တရ စုပေါင်းပြီးဓာတ်ပုံရိုက်ကြပါတယ်။ အဲဒီနောက် ဦးဇိန၀ံသတရားထိုင်တဲ့လိုဏ်ဂူကိုကြည့် ရှူ လေ့လာကြပြီး လမ်းမပေါက်သေးတဲ့ တောများကိုနင်းပြီး တောတောင်လိုဏ်ဂူများဆီသွားခဲ့ကြပါ တယ်။ လိုဏ်ဂူများကို လှည့်ပတ်ကြည့်ရင်းနဲ့ ကျောက်တောင်များပေါ်မှာထိုင်ပြီး ပတ်ဝန်းကျင်က သဘာဝတောတောင်များ ကို တွေ့ရတာကလည်း စိတ်ကြည်နူးစရာ တစ်မျိုးပါပဲ။ သန့်ရှင်းလတ်ဆက် တဲ့ လေကိုရှူရိုက်ရလို့ ညစ်ညူးနေတဲ့စိတ်များတောင် လွှင့်ပျောက်သွားပါတယ်။ 


ညနေ ၅နာရီကျော်လောက်မှာ ဦးပညာဓဇတရားထိုင်ရာ လိုဏ်ဂူကိုသွားရောက်လေ့လာ ကြပြီးနောက် တောင်အောက်ကိုပြန်ဆင်းကာ ညလုံးပေါက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် ပြင်ဆင် ကြပါ တယ်။ ညနေ ၆ နာရီကနေ မနက် ၆နာရီအထိ ပဋ္ဌာန်းရွတ်ဖို့စီစဉ်ထားပေမဲ့ ဆင်ဟာလလက်ထောက်ဦးဇင်းက သူလည်း ပဋ္ဌာန်းရွတ်ချင်ပါတယ် သူ့ကိုစောင့်ပါဦးလို့ ဆိုတာနဲ့ ၆ နာရီခွဲမှ စဖြစ်ပါတယ်။ ၆နာရီကျော်ကျော်လောက်မှာ သင်္ကန်းလေးစုံ၊ ပဋ္ဌာန်းစာအုပ်များ၊ ဘုရားကိုဆီမီးပူဇော်ဖို့ ဆီမီးခွက်များ ဆီဗူးများနဲ့အတူ သူငယ်ချင်းတစ်စုပျော်ရွှင်စွာပဲ ဘုရားပေါ်တက်ခဲ့ကြပါတယ်။ ဦးပညာဓဇရဲ့ဒကာမကလည်း စာရေးသူတို့ပဋ္ဌာန်းရွတ်တုန်း ရင်ပြင် တော်မှာထိုင်ဖို့ ဖုံများသယ်လာပါတယ်။
 
ဘုရားရင်ပြင်တော်ရောက်တာနဲ့ ဘုရားရှိခိုး၊ နတ်ပင့်ကာ ပစ္စယနိဒ္ဒေသကို အားလုံးညီညာစွာရွတ်ဆို ပူဇော်ပြီး ဘုန်းကြီးဦးဝေပုလ္လက အစဆုံးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါတယ်။ ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်ပြီး သီဟိုဠ်လက်ထောက်ဦးဇင်း ရွတ်ပါတယ်။ စာရေးသူတို့ သိသလောက်ပြောရရင် သီဟိုဠ်ကျွန်းမှာ ပရိတ်ပွဲသာရှိပြီး ပဋ္ဌာန်းပွဲကို မတွေ့ဖူးပါဘူး။ အဲဒါကြောင့် သီဟိုဠ်ဦးဇင်းရဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံဟာ စာရေးသူတို့အတွက် ထူးဆန်းနေခဲ့ပါတယ်။  ၀ိနည်းနဲ့ အဘိဓမ္မာ ကွယ်ပျောက်လုမတတ်ဖြစ်နေတဲ့ သီဟိုဠ်မြေမှာ ပထဆုံးကြားလိုက်ရတဲ့ သီဟိုဠ်ရဟန်းတော်တစ်ပါးရဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံနဲ့အတူ “မင်းဟာ သီဟိုဠ်မြေမှာ ပထမဆုံးပဋ္ဌာန်းရွတ်ဖတ်သူပဲ” လို့ ထုတ်ဖော်ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဦးဥက္ကံသရဲ့ ရင်တွင်းစကားကလည်း စာရေးသူတို့ကို တစ်ခုခုလုပ်ဖို့ တွန်းအားပေးနေသလိုလိုပါ။

ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်နေတဲ့အချိန်မှာ စာရေးသူတို့က တောင်တက်လမ်းတစ်လျှောက် လှေ ကားထစ်များမှာ ဆီမီးခွက် ၂၀၀ ဆီမီးထွန်းပြီး ဘုရားကိုမီးပူဇော်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်ဗုဒ္ဓ တာဝတိံသာနတ်ပြည်ကနေ သန္တုဿိတနတ်သားအမှူးပြုတဲ့ နတ်များ ကို အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ပြန်ကြွလာတဲ့အထိမ်းအမှတ်အဖြစ် မီးပူဇော်ပွဲကျင်းပကြ တာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ မီးပူဇော်တာဟာ အလင်းရောင်လှူတာဖြစ်လို့ မျက်လုံးအားကောင်းတယ် လို့ ယုံကြည်ပြီး သီတင်းကျွတ်လပြည့်မဟုတ်တဲ့အချိန်တွေမှာလည်း မီးပူဇော်ကြပါ တယ်။ မြန်မာနိုင်ငံက စေတီအများစုမှာတော့ ဘုရားမီးပူဇော်ဖို့ နေရာသီးသန့်ပေးမထားလို့ စေတီခြေရင်း က အောက်ပစ္စယံမှာပဲ မီးပူဇော်ကြပါတယ်။ အဲဒါကြောင့် စေတီရဲ့အောက်ခြေများဟာ သန့်ရှင်းမှုအတော် နည်းပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ စေတီ သို့မဟုတ် ဗောဓိပင်အနီးမှာ ဆီမီးပူဇော်ဖို့ နေရာသီးသန့်ပေး ထားတာမို့ စေတီရဲ့အောက်ခြေများဟာ သန့်ရှင်းနေပါတယ်။ မြန်မာနိုင်ငံမှာလည်း စေတီခြေရင်းမှာ မီးပူဇော်ဖို့ သီးသန့်နေရာပေးထားမယ်ဆိုရင် စေတီအောက်ခြေတွေမှာ သန့်ရှင်းနေမှာ မလွဲပါဘူး။ 


စာရေးသူတို့က ဆီမီးခွက် ၂၀၀ မီးပူဇော်ရမှာမို့ စေတီခြေရင်းနားက သီးသန့်နေရာမှာ မပူဇော် ဘဲ စေတီတက်ရာလှေကားထစ်များမှာ ပူဇော်လိုက်ကြပါတယ်။ စာရေးသူတို့ လှေကားထစ် တစ်လျှာက်မှာ ဆီမီးပူဇော်နေတဲ့အချိန်မှာ လေက တစ်ဝှီးဝှီးနဲ့မို့ ရှေ့ကမီးထွန်း နောက်က မီးငြိမ်းနဲ့ ကရွတ်ကင်းလျှာက်သ လို သံသရာလည်နေပါတော့တယ်။  နောက်ဆုံးတော့ သူငယ်ချင်းဖြစ်သူ ဦးသာသန(ဖျာပုံ)က  “ကိုကိတ္တိရေ ကျုပ်တို့ ဒီလိုလုပ်နေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး၊ အဲဒီတော့ မီးငြိမ်းတဲ့ ဆီမီးခွက်တွေကို ပြန်ယူပြီး စေတီခြေရင်းနားက အကာအရံရှိတဲ့ လှေကားထစ်တွေမှာစုပြီး မီးပူဇော်မှ အဆင်ပြေမယ်နဲ့တူတယ်” လို့အကြံပေးပါတယ်။ စာရေးသူတို့လည်း  ဦးသာသနအကြံပေးတဲ့အတိုင်း မီးငြိမ်းတဲ့ဆီမီးခွက်တွေပြန်ကောက်ပြီး စေတီခြေရင်းနားမှာ ဆီမီးခွက်လေးခွက်စီစုပြီး စီတန်းကာ မီးပူဇော်လိုက်ကြပါတယ်။ အဲဒီအခါကျမှပဲ အားလုံးအဆင်ပြေသွားပါတော့တယ်။

စာရေးသူတို့ ဆီမီးပူဇော်ရင်းနဲ့   ဆီမီးခွက်ထဲ ဆီထည့်ရင်း ဆီများသန့်ရှင်းနေတဲ့လှေခါးတလျှောက်မှာ ဖိတ်စင်ကုန်ပါတယ်။ ဖိတ်စင်သွားခဲ့တဲ့ဆီစက်တွေကို သန့်ရှင်းနေတဲ့လှေကားပေါ်မှာ ပျောက်မသွားတော့မဲ့ အမည်းစက်များအဖြစ်မြင်ယောင်ရင်းနဲ့ ဘ၀မှာ ပြင်လို့မရတဲ့အမည်းစက်များအကြောင်း စိတ်ကရောက်သွား ပါသေးတယ်။  ဦးသာသနကတော့ ဖိတ်ကျခဲ့တဲ့ဆီစက်တွေကို သင်္ကန်းစုတ်နဲ့ လိုက်ပြီးသုတ်ပါတယ်။ စာရေးသူက ဘုရားရင်ပြင်တော်ပေါ်မှာရှိတဲ့ သဲများယူပြီး ဆီကွက်များကို လိုက်ပြီးတော့ ဖုံးလိုက်ပါတယ်။ ဦးဝိလာသဂ္ဂနဲ့ ဦးစန္ဒိမာကတော့ ရင်ပြင်တော်ပေါ်မှာ သဲရှိတာကို သတိမထား မိတော့ တောင်အောက်အထိဆင်းပြီး သဲများ သွားယူပါတယ်။ လှေကား တစ်လျှောက်မှာ လင်းထိန်နေတဲ့ ဆီမီးခွက်များမြင်တော့ စာရေးသူ့စိတ်က မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ သီတင်းကျွတ် မီးထွန်းပွဲတွေဆီ ကိုတောင် ရောက်သွားလိုက်ပါသေးတယ်။

တရားထိုင်ကြွတဲ့အရှင်သုံးပါးနဲ့ ဦးဥက္ကံသတို့  စောစောစီးစီးနားလို့ရအောင်ဆိုပြီး ပထမဦးဆုံးပဋ္ဌာန်းရွတ်ဖို့ စီစဉ်လိုက်ပြီး စာရေးသူတို့ကတော့ ညလုံးပေါက် မအိပ်ဘဲရွတ်ဖတ်ကြဖို့ စီစဉ်ကြပါတယ်။ ည ၁ နာရီကျော်လောက်မှာ ဘုရားရင်ပြင်တော်ပေါ်ကို ဆတ် ၂ကောင် တက်လာပါတယ်။ လူနဲ့အတော်ကို ယဉ်ပါးနေတဲ့ တိရစ္ဆာန်များဖြစ်နေတာမို့ လူနားကပ်လာပြီး တိုးဝှေ့ကာ အစာတောင်းနေပါတယ်။ ဦးဝဏ္ဏသီရိနဲ့ စာရေးသူတို့လည်း တောင်အောက်ကိုဆင်းပြီး မျောက်ကျွေးဖို့ဝယ်လာတဲ့ မုန့်ထုပ်များသွား ယူပါတယ်။ တောင်ပေါ်ပြန်တက်ခါနီးမှာ တောင်ခြေရင်းက ဗောဓိပင်နားမှာနေနေတဲ့ ယုန်ဖြူလေး သုံးကောင်က အစာတောင်းရင်း နောက်ကလိုက်လာတာကို တွေ့လိုက်ရပါတယ်။  အဲဒါနဲ့ စာရေးသူတို့ လည်း ယုန်လေးသုံးကောင် ကိုအစာကျွေးပြီးမှ တောင်ပေါ်ကို ပြန်တက်ကြပါတယ်။ ဘုရားရင်ပြင်တော်ပေါ် မှာ စာရေးသူတို့ကျွေးတဲ့မုန့်ကို အငမ်းမရစားနေတဲ့ဆတ်ကိုကြည့်ပြီး ပီတိဖြစ်ရ ပါသေးတယ်။

ဦးဝဏ္ဏသီရိပဋ္ဌာန်းရွတ်နေတုန်း ဗုဒ္ဓဘာသာမှာရွတ်ဖတ်မှုနဲ့ပတ်သက်ပြီး တဖက်သတ်ရှုတ်ချပြော ဆိုနေကြတဲ့အကြောင်းကို စာရေးသူတို့လေးပါး ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာမှာ ကျင့်ကြံမှုအပိုင်း က ပဓာနကျတယ်ဆိုတာ ငြင်းစရာမလိုတဲ့အမှန်တရားဖြစ်ပါတယ်။ ဒါပေမဲ့ ရွတ်ဖတ်မှုကလည်း တစိပ် တပိုင်းအနေနဲ့လိုအပ်တဲ့အရာဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ဦးသာသနကတော့ ရွတ်ဖတ်မှုကို တဖတ်သက်ကြီးရှုတ်ချပြောဆိုဖို့ မသင့်တဲ့အကြောင်းပြောရင်းနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အနုဿတိ(၁၀)ပါးကို လက်ခံတယ်ဆိုရင် ရွတ်ဖတ်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ လက်ခံရမှာဖြစ်တဲ့အကြောင်း ပြောပါတယ်။

စာရေးသူတို့ လေးစားလောက်တဲ့စာသင်တိုက်ဆရာတော်ကြီးတစ်ပါးကတော့ ပရိတ်ပဋ္ဌာန်းတွေကို ရွတ်ဖတ် ပူဇော်တဲ့အပြင် ပဋိပတ္တိကိုလည်း အချိန်ရလျှင်ရသလို အားထုတ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့နောက်ဆုံး ပန်းတိုင်ကိုသွားဖို့ရာအတွက် ကျင့်ကြံမှုအပိုင်းဟာ ရေအလျဉ်ကြီးတစ်ခုဖြစ်မယ်ဆိုရင် ရွတ်ဖတ်မှုက အဲဒီရေအလျဉ်ကြီးမှာ ပိတ်ဆို့နေတဲ့အမှိုက်သရိုက်လေးတွေကို ဖယ်ရှားပေးတဲ့အရာဖြစ်တယ်လို့ ဆရာတော်ကြီးက အမြဲတမ်းမိန့်တော်မူပါတယ်။ သူငယ်ချင်းများက အတော်ထိမိတဲ့ ဥပမာပဲလို့ မှတ်ချက်ပေးကြပါတယ်။  အဲဒီနောက် မြတ်ဗုဒ္ဓလက်ထက်က သံဃာတော်များ ရတနသုတ်၊ အင်္ဂုလိမာသုတ် တို့ကို သစ္စာပြုရွတ်ဆိုလိုက်လို့ ပစ္စုပ္ပန်ချမ်းသာရရှိသွားကြတဲ့လူများ အကြောင်းနဲ့ မေတ္တသုတ်ရွတ်ဖတ်လိုက် လို့ တရားအားထုတ်ကြတဲ့ရဟန်းတော်များကို နတ်များက မနှောက်ယှက်တဲ့အပြင် ကူညီစောင့်ရှောက်ပေး တဲ့အကြောင်းကိုလည်း  ပြောဖြစ်ကြပါသေးတယ်။

သူငယ်ချင်းလေးပါး ရွတ်ဖတ်မှုအကြောင်းများ ပြောနေတုန်း ည ၂ နာရီကျော်လောက်မှာ ဦးဝဏ္ဏသီရိအလှည့်ပြီးသွားပါတယ်။ သူလည်း ခဏနားကာ တောင်အောက်ကို ပြန်ကြွသွားပါတယ်။  ဒါနဲ့ပဲ ဦးသာသန၊ ဦးဝိလာသဂ္ဂ၊ ဦးစန္ဒိမာနဲ့ စာရေးသူတို့ကတော့ မနက် ၅နာရီခွဲအထိ တစ်လှည့်စီ ဆက်လက်ရွတ်ဖတ်နေခဲ့ကြပါတယ်။ ဦးစန္ဒိမာပဋ္ဌာန်းရွတ်နေတုန်း စာရေးသူက ဘုရားရင်ပြင်တော်မှာ လမ်းလျောက်ရင်း ပစ္စယနိဒ္ဒေသ၊ ပရိတ်၊ ဓမ္မစကြာတို့ကိုရွတ်ကာ ၃၁ ဘုံမေတ္တာပို့ကာ အမျှအတန်းပေးဝေခဲ့ပါတယ်။ ပဋ္ဌာန်းရွတ်သံကလွဲလို့ အရပ်လေးမျက်နှာက တိတ်ဆိတ်ငြိမ်သက်နေတာမို့ ဘုရားရင်ပြင်တော်ပေါ်မှာ လမ်းလျှောက်ရတာကလည်း စိတ်ကြည်လင်အေးမြမှုတစ်မျိုးရတာပါပဲ။ မနက် ၅ နာရီကျော်လောက်မှာ ဘုန်းကြီးဦးဝေပုလ္လကြွလာပြီိး စာရေးသူတို့လေးပါးကို ခဏလောက် သွားအိပ်ကြဦးလို့ပြောတာနဲ့စာရေးသူတို့လည်း တောင်အောက်ကို ပြန်ဆင်းခဲ့ကြပါတယ်။ တောင်အောင်က ကျောင်းမှာ ၁ နာရီကျော်ကျော်လောက်အိပ်ပြီး ပဋ္ဌာန်းပွဲသိမ်းတော့မှာမို့ ဘုရားရင်ပြင်တော်ပေါ်ကို ပြန် တက်ခဲ့ကြပါ တယ်။ ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်ပြီးတာနဲ့ အနေကဇာတင်၊ ဘုရားရှိခိုးပြီး အသံမစဲပဋ္ဌာန်း ပွဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

ပဋ္ဌာန်းပွဲပြီးတာနဲ့ စာရေးသူတို့အားလုံး တောင်အောက်ကို ပြန်ဆင်းကာ အာရုဏ်ဆွမ်းဘုဉ်းပေးကြပါတယ်။ ဒီနေ့မနက်အာရုံဆွမ်းကို တရားထိုင်ကြွတဲ့ သူငယ်ချင်းသုံးပါးက လှူတာဖြစ်ပါတယ်။ သူငယ်ချင်းသုံးပါးက အာရုံဆွမ်းကပ်ချင်တယ်လို့ပြောတာနဲ့ ဦးဝိလာသဂ္ဂက လိုအပ်သမျှဟင်းသီးဟင်းရွက်များကို ကိုလံဘိုက ၀ယ်လာပေးပါတယ်။ ဆွမ်းစားပြီးတော့ တရားထိုင်ကြွတဲ့ ဘုန်းကြီးဦးဝေပုလ္လ၊ ဦးပညာဓဇနဲ့ ဦးဇိန၀ံသတို့က ကျောင်းထိုင်ဆရာတော်နဲ့ လက်ထောက်ဦးဇင်းကို မြန်မာသင်္ကန်း၊ နို့ဗူးနဲ့ န၀ကမ္မ၀တ္ထုများ လှူဒါန်းကြပါတယ်။ဦးပညာဓဇရဲ့အသိဒကာမကတော့ ကျောင်းထိုင်ဘုန်းကြီးကို မြန်မာသင်္ကန်းတစ်စုံလှူဒါန်းပါတယ်။ ပြန်ခါနီးကျောင်းထိုင်ဘုန်းကြီးကို ကန်တော့ကြတော့ ဘုန်းကြီးက သီရိလင်္ကာနိုင်ငံရဲ့ထုံးစံအတိုင်း “ဘ၀တု သဗ္ဗမင်္ဂလံ” စတဲ့ ဂါထာများကို ရွတ်ဆိုပေးပါတယ်။ အဲဒီနောက် ကျောင်းထိုင်ဘုန်းကြီးက next coming လို့ ပြောလို့ စာရေးသူတို့နားလည်တဲ့အတိုင်း နှစ်တိုင်းလာခဲ့ပါမယ်လို့ လျှောက်ခဲ့ပါတယ်။

မနက် ၇ နာရီကျော်ကျော်လောက်မှာ စိတ္တလပဗ္ဗတတောင်ကနေ ထွက်လာခဲ့ကြပါတယ်။ စိတ္တလပဗ္ဗတတောင်ကနေအပြန် ဟိုက်ဝေးလမ်းပေါ်မရောက်ခင်မှာ အသွားတုန်းကလိုပဲ တောငှက် တိရစ္ဆာန်များကို တွေ့ရပြန်လို့ ဓာတ်ပုံရိုက်ကြပါသေးတယ်။ အပြန်ကားပေါ်မှာတော့ စာရေးသူတို့လေးပါးက အိပ်ပြီးလိုက်လာခဲ့လို့ လမ်းမှာနားခဲ့တဲ့နေရာတွေကို တိတိကျကျ မသိပါဘူး။့  ၉ နာရီကျော်ကျော်လောက်မှာ တိဿမဟာဝိဟာရစေတီကိုရောက်ပါတယ်။ စာရေးသူတို့လေးပါးက ကားပေါ်ကမှာနေခဲ့ပြီး ကျန်တဲ့အရှင်ဘုရားများနဲ့ ဒကာမကတော့ စေတီကိုသွားရောက်ဖူးမြော်ကြပါတယ်။ အပြန်လမ်းမှာတော့ ရတနပူရမြို့ဘက်က မဟုတ်ဘဲ ဂေါမြို့ဘက်ကနေ မောင်းမယ်လို့ ပြောပါတယ်။ ၁၁ နာရီခွဲလောက် မှာ ဂေါမြို့နားက ဆိုင်တစ်ဆိုင်မှာ နေ့ဆွမ်းကပ်ပါတယ်။ အိပ်ရေးမ၀ တ၀နဲ့မို့ နေ့ဆွမ်းမစား ချင်ပေမယ့် (ညနေဗိုက်ဆာမှာကြောက်တာနဲ့) နည်းနည်းပါးပါး စားလိုက်ပါတယ်။


ဂေါမြို့ ကမ်းခြေနဲ့ ပေါ်တူဂီခံတပ်ကို ရောက်တော့ ၃ နာရီထိုးပြီးနေပါပြီ။ ဦးသာသနနဲ့ စာရေးသူက မကုဋာရာမမြန်မာကျောင်းရောက်မှပဲ ဆင်းတော့မယ်လို့ စိတ်နှလုံးချကာ အောက်ကိုမဆင်းတော့ဘဲ ကားပေါ်မှာ ဆက်အိပ်နေလိုက်ပါတယ်။ ကိုလံဘိုမြို့ကို နောက်ထပ်တစ်နာရီခွဲအတွင်းမှာရောက်အောင်လို့ ဟိုက်ဝေးလမ်းမကြီးက မောင်းမယ်လို့ ကားသမားပြောသံကို အိပ်ပျော်နေရင်းက အိပ်မက်လိုလို ကြားလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံ ပြည်တွင်းစစ်ပြီးတော့ ဆယ်နှစ်အတွင်းမှာ စင်္ကာပူနိုင်ငံကို မှီရမယ် လို့ကြုံးဝါးပြီး ဟိုက်ဝေးလမ်းတွေကို လိုက်ပြင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ သီရိလင်္ကာနိုင်ငံသားတွေ ကိုလည်း ကိုယ့်နိုင်ငံနဲ့ယှဉ်ပီး မနာလိုဖွယ်ရာတွေ့ခဲ့ရပါသေးတယ်။


ကားသမားပြောတဲ့အတိုင်းပါပဲ။ တစ်နာရီခွဲကျော်လောက်ကားစီးပြီးတော့ ကိုလံဘိုဘက်ကို ပြန်ရောက်လာ ပြီး ဦးပညာဓဇရဲ့ဒကာမ တည်းတဲ့အိမ်ကို အရင်ဆုံးသွားကြပါတယ်။ ထုံးစံအတိုင်း ဦးသာသနနဲ့ စာရေးသူက အောက်ကိုမဆင်းတော့ဘဲ ဆက်မှိန်းနေလိုက်ကြပါတယ်။ စာရေးသူနဲ့ ဦးသာသနကတော့ ကားပေါ်မဆင်းပဲ နေလိုက်ပါတယ်။  ကျန်တဲ့အရှင်ဘုရားများကတော့ ကားပေါ်ကဆင်းပြီး ဦးပညာဓဇရဲ့ ဒကာမအိမ်မှာ ခဏလောက် နားကြပါသေးတယ်။ အဲဒီနောက်မှ မကုဋာရာမမြန်မာကျောင်းကို ခရီးဆက်ကြပါတယ်။ ညနေ ၅ နာရီကျော်ကျော်လောက်မှာ မကုဋာရာမမြန်မာကျောင်းပြန်ရောက်ခဲ့ပြီး ဘုန်းကြီးဦးဝေပုလ္လ၊ ဦးပညာဓဇနဲ့ ဦးဇိန၀ံသတို့ရဲ့ တရားထိုင်သွားတဲ့ဓမ္မခရီးဟာလည်း အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။ ။

Read More...

Thursday, January 26, 2012

လင်္ကာကြယ်ရဲ့ နှုတ်ဆက်စကား






{23.11.2011.....ရက်နေ့ကမှ သီရိလင်္ကာနိုင်ငံ၊ ကေလနိယ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရသွားတဲ့ ဘုန်းကြီး ဦးဝဏ္ဏသီရိကို မြန်မာနိုင်ငံပြန်ကြွခါနီး 9.12.2011 ရက်နေ့ည (၈) နာရီမှာ နာယကဆရာတော် ဦးအဂ္ဂ၀ံသဦးဆောင်ပြီး စာရေးသူအပါဝင် ကြွရောက်လာကြတဲ့သံဃာများက လှူဖွယ်ပစ္စည်း ၀တ္ထုဘာတစ်ခုမှ မပါဘဲ လက်အုပ်ချီမိုးကာ ကန့်တော့ခဲ့ကြပါတယ်။ ကန်တော့ ပြီးတော့ အမှတ်တရစကားများ ချီးမြှင့်ဖို့ ဘုန်းကြီးကို လျှောက်တဲ့အခါ အောက်ပါအတိုင်းမိန့်ကြားခဲ့ပါတယ်။ ဘုန်းကြီးချီးမြှင့်ခဲ့တဲ့အမှတ်တရစကား တွေကို နားထောင်ပြီး စာရေးသူမှာ မှတ်သားစရာတွေ ရလိုက်သလို၊ တွေးစရာလေးတွေလည်း ပေါ်လာပါ တယ်။ အဲဒါကြောင့် စာဖတ်သူများအတွက်လည်း တစ်ခုခုရနိုင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။}


တပည့်တော်ကို ဒီလို အထူးတလည်လာပြီး နှုတ်ဆက်ကြတာကို ၀မ်းလည်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ တပည့်တော် ထူးထူးထွေထွေတော့ သိပ်ပြီးပြောစရာလိုမယ် မထင်ပါဘူးဘုရား။ တပည့်တော်တို့ အရှင်ဘုရားတို့ဟာ ကံကောင်းလို့ ဒီမှာ လာဆုံကြတယ်ပဲ ဆိုပါတော့။ နယ်အမျိုးမျိုးက လာကြတာ။ တပည့်တော်တို့ အားလုံးရဲ့ Background ကလည်း အမျိုးမျိုးရှိတယ်။ လူမျိုးရေး Background၊ ဒေသ Background၊ ပညာရေး Background စသည်ဖြင့်ပေါ့။ အားလုံးတူချင်မှ တူကြမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တပည့်တော်တို့ ဒီမှာ စုပေါင်းပြီးနေကြတဲ့အခါမှာ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းပြီးတော့ လုပ်ဖို့လိုတယ်။

စုပေါင်းပြီးတော့ လုပ်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတော့ တစ်ယောက်အားနဲ့ မထန်းနိုင်တဲ့ဝန်ကို အားလုံးဝိုင်းပြီးထမ်းကြတဲ့သဘောပဲ။ ဆိုလိုတာက ကျယ်ပြန့်တဲ့ အလုပ်တစ်ခုကို တစ်ယောက်တည်း လုပ်တာနဲ့စာရင် စုပေါင်းလုပ်လိုက်ရင် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက် သွားမယ်၊ အောင်မြင် သွားမယ်။ စုပေါင်းပြီးလုပ်ခြင်းရဲ့ ရည်ရွယ်ချက်က အဲဒါပဲ။ ဒါပေမဲ့ တပည့်တော်တို့ရဲ့ လူ့ပတ်ဝန်းကျင်ဟာ ဒါကို အဆိုးမြင်နဲ့ ပြောင်းပြန်တွေးတတ်ကြတယ်။ စုပေါင်းလုပ်ရင် စိတ်ဝမ်းကွဲမယ်ပေါ့။ ဒီလိုစိတ်ဝမ်းကွဲတာက စုပေါင်းလုပ်လို့ မဟုတ်ပါဘူး။ အမြင်ကျဉ်းမြောင်းသူတွေ၊ ကိုယ့်အတ္တကိုထိပါးလာမှာ ကြောက်ရွံ့ သူတွေကြောင့် ဖြစ်ရတာပါ။

အဲဒါလေးကို တပည့်တော် နည်းနည်း ပြောချင်သေးတယ်။ တပည့်တော် လောလောလတ်လတ် ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးကို အခြေခံလို့ပေါ့။ အခု တပည့်တော်က ပညာရေးပြီးဆုံးသွားတော့ အလုပ်စခန်းဘက် ခြေလှမ်း စနေပြီးပေါ့ဘုရား။ တပည့်တော်သာ မဟုတ်ပါဘူး၊ ပညာရေးရည်မှန်းချက် ပြည့်စုံသွားရင် အရှင်ဘုရားတို့လည်း မြန်မာနိုင်ငံကိုပြန်ပြီး ဒေသအသီးသီးမှာ အလုပ်တွေ လုပ်ကြမှာပါ။ အဲဒီလိုလုပ်ကြတဲ့ အခါမှာ ကြုံလာနိုင်တဲ့၊ တွေ့လာတတ်တဲ့ သဘောလေးတွေကို တပည့်တော် အသိပေးခဲ့ချင်ပါတယ်။

တပည့်တော်တို့ရဲ့ လူ့အသိုင်းအ၀ိုင်းမှာ အမြင်ကျဉ်းမြောင်းတာတွေ၊ အတ္တစွဲကြီးလွန်းတာတွေ ကြုံရတယ်ဘုရား။ တပည့်တော်တို့ဆီမှာက အဖွဲ့အစည်းမှာ အပြင်လူ၊ အတွင်းလူ၊ သူ့လူ၊ ကိုယ့်လူဆိုပြီး သတ်မှတ် ထားတတ်ကြတယ်။ အပြင်လူဝင်လာရင် စိတ်ဝမ်းကွဲကုန်မယ် ဆိုတဲ့အမြင်တွေ ရှိကြတယ်ဘုရား။ အဲဒီလို အမြင်ကျဉ်းမြောင်းတာတွေ၊ အတ္တစွဲကြီးလွန်းတာတွေက ကိုယ့်ကျောင်းတိုက်မှာ ကိုယ့်ဟာကို တစ်မိန့်တစ်သြဇာ တစ်အာဏာတည်းဘဲ အုပ်ချုပ်တဲ့နေရာမျိုးဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ တပည့်တော်တို့က အဖွဲ့အစည်းတွေနဲ့လုပ်ကြမယ် ဆိုရင်တော့ အဲဒီလိုအမြင်မျိုးထားလို့ မရဘူး။

အများနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ ပညာရေးဌာနတစ်ခုခုပဲဖြစ်ဖြစ် အဲလိုအတွေးတွေ ၀င်နေပြီး ဆိုရင် ဒီဌာနဟာ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တပည့်တော် ကြားခဲ့ရတယ်။ ဘာသာရေးတက္ကသိုလ်တစ်ခုမှာ ဆရာခန့်ဖို့ကိစ္စပါ။ အဲဒီမှာ တာဝန်ရှိသူတစ်ပါးက -အပြင်လူတွေခန့်လိုက်ရင် စိတ်ဝမ်းကွဲတာတွေ ဖြစ်လာလိမ့်မယ်တဲ့။ အဲဒီလိုဌာနမှာနေပြီး ဒီလိုကျဉ်းမြောင်းတဲ့ အမြင်ရှိနေတာကို တပည့်တော်အံ့သြပါတယ်။

သူတို့တွေးသလို သူတို့မြင်သလို ဘေးကလူတွေ၊ အပြင်ကလူတွေ ၀င်လာရင် စိတ်ဝမ်းတွေ ကွဲကုန်မယ်ဆိုရင် နိုင်ငံတကာက တက္ကသိုလ်ကြီးတွေ ဘယ်လိုလုပ်မလဲ၊ သူတို့လို အမြင်မျိုးသာ ရှိမယ်ဆိုရင် အဲဒီတက္ကသိုလ်ကြီးတွေဟာ အစိပ်စိပ်အမွှာမွှာ ကွဲကုန်မှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနိုင်ငံတကာ တက္ကသိုလ်တွေမှာ အပြင်လူ အတွင်းလူဆိုတာ မခွဲခြားဘူး။ သူ့လူမျိုးကိုသာ ဆရာခန့်တာ မဟုတ်ဘူး။ နိုင်ငံခြားသားဆိုလည်း ခန့်တာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဆရာတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း၊ သတ်မှတ်ချက်တွေ ပြည့်စုံရင် ခန့်လိုက်တာပဲ။

တပည့်တော်တို့ မြန်မာနိုင်ငံက လူအများစုတွေးတဲ့ အတွေးမျိုး ဆိုရင်ပေါ့နော်။ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ကြီးတွေ အစိပ်စိပ်အမွှာမွှာ ကွဲကုန်လို့ အမှုန့်တောင်မှ မြင်ရမှာ မဟုတ်တော့ဘူး။ အဲတော့ ဒီလို အတွေးမျိုးတွေက သဘာဝမကြဘူး ဘုရား။ အများနဲ့စုပေါင်းပြီးတော့ လုပ်ကိုင်ကြတဲ့အခါမှာ ဒီလိုမျိုးအတွေးတွေ၊ ဒီလိုမျိုးအမြင်တွေ တပည့်တော်တို့ အရှင်ဘုရားတို့ ဖယ်ထုတ်ပြစ်ရမယ် ဘုရား။ ဒါမှသာ ကိုယ်နဲ့ဆိုင်တဲ့ အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းဟာ တိုးတက်လာမယ်။ အဲလို မဟုတ်ရင် ၀ါးလုံးခေါင်းထဲကဟာ ၀ါးလုံးခေါင်းထဲပဲ ဖြစ်နေမှာ။

အခုဟာက တပည့်တော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အနေအထားက ဘာလဲဆိုရင် အဲဒီလို စုပေါင်းပြီးလုပ်ရတဲ့ ဟာဆိုရင် အကုန်ကွဲတာပဲ။ အဲဒီလို ကွဲရခြင်းအကြောင်းက ဘာလဲဆိုရင် အခုနက တပည့်တော်ပြောတဲ့ အမြင်ကျဉ်းလို့ဘုရား။ ပြီးတော့ ကိုယ့်ရဲ့အတ္တထိပါးခံရမှာ ကြောက်လို့ဘုရား။ သူ့လူ ကိုယ့်လူ သူ့လူမျိုး ငါ့လူမျိုး၊ အတွင်းလူ၊ အပြင်လူဆိုတဲ့ အတ္တအစွဲစိတ်တွေကြောင့်ပဲ။ အဲဒီတော့ တပည့်တော် တို့ သဘောပေါက်ထားရမှာက ဘာလဲဆိုရင် စုပေါင်းလုပ်ခြင်းရဲ့အနှစ်သာရက တစ်ယောက်အားနဲ့ မလုပ်နိုင်တဲ့ ကျယ်ပြန့်တဲ့လုပ်ငန်း တစ်ခု မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူပြီးဖို့ပဲ။ ဒါကြောင့်မို့ တပည့်တော်တို့ စုပေါင်းပြီးလုပ်ကြတာပဲ။

တပည့်တော်တို့ စကားပုံလည်း ရှိတယ်လေ။ ခေါင်းတစ်လုံးနဲ့ စာရင် ခေါင်းဆယ်လုံးက ပိုပြီးတော့ ကြီးတယ်ဆိုတာ။ နွံထဲမှာလှည်း ဘီးကျွံနေသည်၊ လေးလွန်၍ မရွေ့နိုင်ဘူးလား၊ အများနှင့်တွန်းရင် ရွေ့နိုင်ပါသည် ဆိုတာမျိုးပေါ့၊ တစ်ယောက်တည်း လုပ်မဲ့အလုပ်ကို စုပေါင်းပြီး လုပ်လိုက်တော့ ပိုပြီးတော့ အလုပ်ပြီးလွယ်တယ်ပေါ့။ စုပေါင်းပြီးလုပ်မယ်ဆိုရင် အလုပ်က မြန်မြန်ပြီးမယ်၊ လွယ်လွယ်ပြီးမယ်။ အဲလို စုပေါင်းပြီးလုပ်နိုင်အောင် ဘာဖြစ်ရမှာလည်း။ အမြင်ကျယ်ရမယ်။ ပြီးတော့ ကိုယ့်အတ္တကိုချည်းပဲ ဦးစားမပေးနဲ့။

နောက်ပြောပြချင်တာတစ်ခု ရှိသေးတယ်ဘုရာ့း၊ ဆိုပါတော့ တပည့်တော်တို့၊ အရှင်ဘုရားတို့ အားလုံးက ဒီကို ရောက်လာပြီ။ ဒီ သီဟိုဠ်တင် မဟုတ်ပါဘူး။ ပြည်ပကို ရောက်လာတဲ့ မြန်မာတွေအားလုံး တပည့်တော်တို့ရဲ့ အမြင်က ဘာလဲဆိုရင် ပြည်တွင်းမှာရှိတဲ့ သူတွေ့ရဲ့ ပညာရေးထက်သာတယ်လို့ တော်တော်များများ ခံယူထား ကြတာပါပဲ။ အကုန်လုံး မဟုတ်ရင်တောင်မှ အများစုပေါ့နော်။

အဲဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးပါဘုရား။ ဘယ်လိုမေးရမှာလည်းဆိုတော့ တပည့်တော် အရင်က လည်း ပြောခဲ့ဖူးပါပြီ။ အခုငါတို့က ပြည်တွင်းထက်သာတဲ့ ပညာရေးကို ရနေပြီးတော့ ပြည်တွင်းကလူတွေထက် သာနေပြီလား။ အဲဒါ ကိုယ့်ကိုကိုယ် ပြန်မေးဖို့ လိုတယ်။ အဲလို မေးပြီးတော့ သူက ပြည်တွင်းကလူတွေထက် မသာသေးဘူးဆိုရင် သာအောင် လုပ်ရမယ်။ မကျော်သေးဘူးဆိုရင် ကျော်အောင် လုပ်ရမယ်။ အဲတော့ တပည့်တော် သုံးသပ်ပြမယ်အရှင်ဘုရားတို့ ။ တပည့်တော် ပြောလေ့ပြောထရှိပါတယ်။ ဒါပေမဲ့ အများရှေ့မှာ ချပြလို့ သိပ်ပြီးတော့ မကောင်းလှဘူး။ ဒါ အရှင်ဘုရားတို့ကို တပည့်တော် စေတနာနဲ့ ပြောတာပါ။ ဘယ်သူကိုမှ နှိမ်ချင်လို့ ပြောတာ မဟုတ်ပါဘူး။

အခု တပည့်တော်တို့က ဆိုပါတော့ ဘီအေတန်းတက်တယ်၊ အမ်အေတန်းတက်တယ်၊ အမ်ဖီးလ်တန်းတက်တယ်၊ ပီအိတ်ခ်ျဒီတန်းတက်တယ်။ ကိုယ်တက်နေတဲ့အတန်းနဲ့ ညီမျှတဲ့၊ ကိုယ်တက်နေတဲ့အ တန်းကို မှီအောင်လိုက်နိုင်တဲ့အရည်အချင်းတော့ ရှိသင့်တယ်။ ဒါ အနည်းဆုံးရှိသင့်တာကို ပြောတာပါ ဘုရား။ ဖြစ်နိုင်ရင် ဘွဲ့ဒီဂရီ ရတာချင်းအတူတူ ကိုယ်က သူများထက်သာတဲ့၊ သူများထက်ပိုတဲ့ အဆင့်မှာ ရှိနိုင်ရင် ပိုကောင်းတယ် ဘုရား။

ဥပမာတစ်ခုဆိုပါတော့ အခုန တပည့်တော်ပြောခဲ့တဲ့ တပည့်တော်တို့ ဒီ သီဟိုဠ်မှာပညာသင်နေတဲ့ သူတွေရှိ တယ်။ အိန္ဒိယမှာရှိတယ်။ ထိုင်းမှာတစ်ချို့ရှိတယ်။ အဲတော့ ဒီ သံဃာတွေရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးဟာ သွားပြီ၊ အရည်အသွေးတွေကျသွားပြီ၊ အရည်အချင်းတွေ မမှီတော့ဘူးပေါ့နော်၊ ဒီလိုမျိုးအတွေးရှိတတ်ကြတယ်။ ကဲ ဟုတ်ပြီ၊ အဲဒါဆိုရင် တပည့်တော်တို့ကရော အရည်အချင်းတွေမှီပြီလား။ တပည့်တော်တို့က မြန်မာပြည်ရဲ့ပညာရေးကို ကျော်ပြီးတော့ ဒီဘက်ကို ထွက်လာခဲ့တာ။ အခုတပည့်တော် တို့ကရော ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိပြီလား။ တပည့်တော်တို့ ကိုယ့်ကိုကိုယ် ပြန်မေး ဖို့လိုတယ်။ မေး လည်း မေးကြည့်စေချင်တယ် ဘုရား။

တပည့်တော်အမြင်ကတော့ မမှီသေးဘူးဘုရား။ မမှီသေးဘူးလို့ပြောတာ များတောင် များနေသေးတယ်။ ဒါ တပည့်တော် ဘယ်သူ့ကိုမှ နှိမ်ပြီးပြောတာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆိုပါတော့ ပြည်တွင်းက အငယ်တန်းသမားတစ်ယောက်ဟာ အငယ်တန်းစာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်။ အကြီးတန်းသမား တစ်ယောက်က အကြီးတန်းစာ ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်။ အခု ဘီအေတက်နေတယ်၊ အမ်အေတက် နေတယ်၊ အမ်ဖီးလ်လုပ်နေတယ်၊ ပီအိတ်ခ်ျဒီလုပ်နေတယ်ပေါ့။ ဒါပေမဲ့ တပည့်တော်တို့အများစုက ကိုယ်တက်နေတဲ့ အတန်းစာဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြဘူး။ လက်ချာတောင်မှ မလိုက်တတ်သူကများမယ်။

အဲဒီတော့ တပည့်တော်တို့ရဲ့ အရည်အချင်းတွေ မြှင့်ဖို့လိုသေးတယ်။ ကိုယ်က ဘီအေတက်နေတယ်ဆိုရင် ဘီအေနဲ့ ညီမျှတဲ့အရည်အချင်းရှိအောင် တပည့်တော်တို့ ကြိုးစားဖို့လိုသေးတယ်ဘုရား။ ကြိုးလည်း ကြိုးစားရဦးမယ်။ အရှင်ဘုရားတို့ကိုလည်း ကြိုးစားစေချင်တယ်။ လွယ်လွယ်လေးရတယ်ဆိုပြီး အလွယ်လမ်းတော့ မလိုက်မိစေနဲ့။ အဲလို အလွယ်လမ်းလိုက်ချင်တဲ့စိတ်ကို ပျောက်နိုင် သမျှပျောက်အောင်ဖျောက်ရမယ်။ တပည့်တော်တို့ မြန်မာနိုင်ငံရဲ့အနေအထားက ဘာလဲဆိုရင် အခြေအနေအရဆိုတဲ့ စကားလုံးကို လက်ခံပြီး လက်သုံးဖြစ်နေတယ်။ ပြည်တွင်းမှာဆိုရင် ဟုတ်တယ်။ အခြေအနေရ လုပ်ရတာ တပည့်တော်တို့က။ ကိုယ်က ဒီလိုပုံစံနဲ့ စနစ်တကျနဲ့ သွားချင်တယ် ဒါပေမဲ့ သွားလို့မရတဲ့အနေအထားတွေရှိတယ်။ အဲဒါကြောင့် အခြေအနေအရ လုပ်ရတာ။

အဲဒါကြီးက တပည့်တော်တို့က ဒီထိလာပြီးတော့ အကျင့်ပါနေတာ။ အခြေအနေအရပဲကွာ၊ အခြေအနေအရပဲကွာဆိုတာ။ တပည့်တော်တို့နိုင်ငံရဲ့ လက်ရှိအနေအထားက ဘာလဲဆိုရင် ရှေ့ဆက်ပြီး ဘာလုပ်မယ် ဘယ်လိုလုပ်မယ်ဆိုတာ တပည့်တော်တို့မှာ ရေရှည်ပလန်ချဖို့ခက်တယ်။ ဘာဖြစ်လို့လည်းဆို တော့ အားလုံးက မတည်ငြိမ်သေးဘူး။ နိုင်ငံရေးပဲပြောပြော၊ လူမှုရေးပဲပြောပြော၊ ပညာရေးပဲပြောပြောပေါ့။ ဒါတွေက မတည်ငြိမ်သေးတဲ့အခါကျတော့ ရှေ့ကို ဘာလုပ်မယ်၊ ငါ ဘယ်လောက်ရောက်အောင်လုပ် မယ်ဆိုတာမျိုး အစီအစဉ်ချလို့ကို မရဘူး။

အဲတော့ မနက်ဖန်ဘယ်လိုတွေ့မလဲ၊ မနက်ဖန်တွေ့လာတဲ့အခြေ အနေအားလျော်စွာ တပည့်တော်တို့က လှုပ်ရှားရတယ်။ သဘက်ခါ ဘယ်လိုတွေ့ လာမလဲ တွေ့လာတဲ့အခြေ အနေအားလျှော်စွာ တပည့်တော်တို့က လှုပ်ရှားရတယ်။ အခု တပည့်တော်တို့ကျောင်းမှာ ဆန်းဒေးဓမ္မစကူး လုပ်တယ်။ ဖြစ်သင့်တဲ့ပုံစံမျိုး စနစ်တကျ သွားလို့မရသေးဘူး၊။ အဲဒါကြောင့် လက်ရှိအနေအထားကို ကြည့်ပြီး အခြေအနေအရ သွားနေရတယ်။

အဲဒါကြောင့်မို့လို့ အခုနပြောတဲ့ အခြေအနေအရပဲ အခြေအနေအရပဲ ဆိုတာ တပည့်တော်တို့ အခုအချိန်အထိ ဒီစကားလုံးကို သုံးနေကြရတုန်း။ ဒါတွေကတော့ ဒီ အများနဲ့ဖြစ်နေတဲ့အခါဆိုတော့ တပည့်တော်တို့ တစ်ဦးတည်း တစ်ယောက်တည်း ပြင်လို့လည်းမရဘူး။ တပည့်တော်တို့ ပြုပြင်လို့ရတာက ကိုယ့်ကိုကိုယ်ပဲ။ ကိုယ့်ကိုကိုယ် ကတော့ ကိုယ်ပြုပြင်လို့ရတယ်။ အရည်အချင်းမရှိသေးဘူး၊ မမှီသေးဘူးဆိုရင် မှီအောင်လုပ်ရမယ်။ မပြည့်သေးဘူး ပြည့်အောင်ဖြည့်ရမယ်။ ဒီလိုခံယူချက်မျိုးရှိဖို့တော့လိုတယ်။ တပည့်တော်တို့ က ပြောနေတာ ပြည်တွင်းက ပညာရေးက အရည်အချင်းမရှိတော့ဘူး။ မမှီတော့ဘူး။ ဒီလိုမျိုး ပြောနေပြီးတော့ ကိုယ်ကိုယ်တိုင်ကျတော့ အရည်အချင်းမမှီဘူးဆိုလို့ရှိရင် ရယ်စကြီး ဖြစ်နေမှာပေါ့။

အဲဒီတော့ ပြည်တွင်းကရှိတဲ့သူက မေးမယ်။ ကိုယ်တော်တို့ကရော ဘယ်လောက်အရည်အချင်း ရှိ နေလို့လည်းလို့ ပြန်မေးလိုက်ရင် တပည့်တော်တို့မှာ ဘာမှဖြေစရာမရှိဘူးဖြစ်နေမယ်။ အဲလိုဖြစ်သွားမယ်။ ထားပါတော့ တပည့်တော်တို့ အခု မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်နေပြီ။ ကဲ အဲဒီတော့ ဟုတ်ပြီ။ နောင်တချိန်မှာ တပည့်တော်တို့ ပညာရေးက တက္ကသိုလ်ပညာရေးရှိမယ်။ စာသင်တိုက်ပညာရေးရှိမယ်။ ဒါတွေကို ဒို့က တိုးတတ်အောင် ဘယ်လိုပြုပြင်ရမလဲ ပြုပြင်ဖို့အတွက် အခြေအနေပေးလာပြီဆိုရင်ပေါ့။

ကဲ အဲဒါဆိုလို့ရှိရင် စာသင်တိုက်ပညာရေးကို ပြုပြင်ဖို့ရာ စာသင်တိုက်က လက်ရှိစာသင်တိုက်လုပ်နေတဲ့ စာသင်တိုက်ဆရာတော်များ တာဝန်ယူကြမယ်။ တက္ကသိုလ်ပညာရေးစနစ်ကိုတော့ ဘီအေ၊ အမ်အေ၊ ပီအိတ်ခ်ျဒီပြီးလာတဲ့သူတွေ လက်ထဲကို ထည့်လိုက်မယ်။ အဲဒီအချိန်ကျရင် တပည့်တော်တို့ က တာဝန်ယူရ မယ်။ အဲဒီအချိန်ကျမှ တက္ကသိုလ်ပညာရေးကတော့ ငါ့လူတို့ ဘီအေတို့ အမ်အေတို့ ဒေါက်တာတို့ ဆိုတဲ့ ကိုယ်တော်တွေလုပ်ကြကွာလို့ ခိုင်းလိုက်တဲ့အချိန်ကျမှ ခွေးအ လှည်းနင်းသလို အိ အ နဲ့ ဖြစ်နေမယ်ဆိုရင် သွားပြီဘုရား။ အဲဒီမှာ ဒီထက်ဆိုးလာနိုင်တာတစ်ခုက ဘာလဲဆိုတော့ အဲဒီလို အနေအထားမျိုးမှာ ကိုယ့်အကြောင်းကိုယ်သိပြီး နောက်ဆုတ်နေတဲ့သူရှိရင် တော်သေးရဲ့။ ကိုယ့်ပမာဏကို နားမလည်ဘဲနဲ့ အခွင့်အရေးရတာပဲဆိုပြီးတော့ အဲဒါကြီးကို ယူပြီးလုပ်လိုက်ရင် သွားရော၊ ပျက်ရော။ မျိုးဆက်တစ်ခုလုံး သွားမည့်ကိစ္စ ဘုရား။ အဲလိုလူမျိုးတွေကလည်း ရှိတတ်တယ်ဘုရား။ တပည့်တော်တို့ အနေအထားကလေ။

အဲဒီအခါကျတော့ တပည့်တော်တို့က ဘာလည်းဆိုတော့ အဲဒီအခြေအနေမျိုးကိုပါ မှန်းပြီးတော့ အခုကတည်းက ကိုယ်ကိုယ်တိုင် အရည်အချင်းရှိအောင် အရည်အသွေးပြည့်အောင် လုပ်ထားဖို့လိုတယ်။ အဲတော့ အများကြီးသိပ်လုပ်စရာမလိုဘူး။ အခုန တပည့်တော်ပြောခဲ့တဲ့ ဘီအေတတ်တဲ့ကျောင်းသား တစ်ယောက်က ဘီအေနဲ့တန်တဲ့ အရည်အချင်းရှိရင် တော်ပြီ။ အမ်အေတတ်တဲ့ကျောင်းသားတစ်ယောက်က အမ်အေနဲ့ညီတဲ့၊ အမ်အေနဲ့တန်တဲ့ အရည်အချင်းရှိရင် တော်ပြီ။ အခု ဒါ တပည့်တော်တို့က ဒီလူတွေမှ မဟုတ်ဘူး ဘုရား။ တပည့်တော်တို့အရင်ကလူတွေရော၊ တပည့်တော်တို့လက်ထက်က လူတွေရော အခုလက်ရှိလူတွေရော အများစုမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးရှိကြသလားလို့မေး၊ အဖြေပေးဖို့ အတော်ခက်တယ် ဘုရား။ သေချာပေါက်ပြောရဲတယ်။

ဘာဖြစ်လို့လည်း ဆိုတဲ့အခါကျတော့ တပည့်တော်တို့ အမ်အေအောင်လာတယ်။ ဘယ်လိုအောင်တာလဲ။ အများစုက မြန်မာ့နည်း မြန်မာ့ဟန်ပဲ၊ ပို့ချချက်ကို အာဂုံဆောင်ကြတာပဲ။ ဒီလိုပဲ အောင်ကြတာများတယ်။ အဲဒီမှာ တစ်ချို့က ပြောဦးမယ်။ ဟာ အမ်အေက မူလတန်းလောက် မခက်ပါဘူး။ ဟုတ်ပြီ ကိုယ်တော် ဘယ်လို လုပ်အောင်တာလဲ။ အဲဒီအပေါ်မှာမူတည်တယ်ဘုရား။ ကိုယ်က သူများရေးပေးထားတာတောင်မှ မနည်းကုန်း ပြီးကျက်။ ပြူးပြဲကြည့်ပြီး ဘာမှနားလည်တာမဟုတ်ဘဲနဲ့ အလွတ်ရအောင် အာဂုံကျက်ထားရတာ။ အဲဒီလို လုပ်ပြီးတော့ အောင်လာတာ။ အဲဒါပြီးရင် ပြောဦးမယ် မူလတန်းလောက် မခက်ပါဘူးကွာလို့။ ဒီလိုလူမျိုးတွေ မရှိသင့်တော့ဘူး ဘုရား။ ကိုယ်က စနစ်တကျနဲ့ ကောင်းကောင်းလုပ်ခဲ့မှ ကိုယ့်အလုပ်ကို တန်ဖိုးထား တတ် မယ် ဘုရား။

တကယ်တော့ အမ်အေကျောင်းသားတစ်ယောက်ဟာ အခုတပည့်တော်တို့ အများစုလုပ်သလို လုပ်ရတာမ ဟုတ်ဘူး ဘုရား။ တပည့်တော်တို့က လမ်းလွဲလိုက်နေတယ်။ အခုတပည့်တော်တို့က ကျောင်းသား အများစု ရှိနေလို့။ ရှိတဲ့အခါကျတော့ စွမ်းနိုင်တဲ့သူတွေက ရေး။ အဲဒါကို ကိုယ်က အာဂုံကျက်။ အဲဒါ တပည့်တော်တို့ ကံ ကောင်းတာ။ ပြောရရင် စာမေးပွဲအောင်ဖို့အတွက် ကံကောင်းတာပါ။ ဒါပေမဲ့ အဲဒီကံကောင်းခြင်းကပဲ တပည့်တော်တို့ကို ကံဆိုးတဲ့ဖက်ကို တွန်းပို့လိုက်တယ်လို့ တပည့်တော် ခံစားမိတယ်။ ဘာဖြစ်လို့လည်းဆို တော့ မြန်မာနည်းမြန်မာဟန်နဲ့ စာမေးပွဲတော့ အောင်သွားပါရဲ့ ကိုယ်တက်နေတဲ့အတန်းမှာ လုပ်သင့်လုပ်ထိုက် တာတွေ မလုပ်လိုက်ရဘူး၊ တတ်သင့်တတ်ထိုက်တာတွေ၊ သိသင့်သိထိုက်တာတွေ မသိလိုက်ရဘူး။ ဘာပညာမှ မရလိုက်ဘူး။ တက္ကသိုလ်ပညာရေး အကြောင်းနားလည်ဖို့ဆိုတာ အဝေးကြီးပဲ။ lecture လိုက်တဲ့ သဘောတောင် မသိလိုက်ဘူး။ အဲဒီတော့ ဘယ်သူနစ်နာသလဲဆိုတော့ ကိုယ်ပဲ နစ်နာတာ။

ထားပါတော့ တပည့်တော် ပြောချင်တာက တက္ကသိုလ်ကျောင်းသားတစ်ယောက် ဆိုတာက အဲဒီလို ကျက်ကျူ ကေးရှင်းနဲ့ စခန်းသွားရတာမဟုတ်ဘူး ဘုရား။ ဒီနှစ်ဆိုရင် ဘီအေကျောင်းသားတွေ အတော်စာလုပ်ရတယ်၊ အတန်းမပျက်ရဘူး၊ assignment-တွေ ပုံမှန်ရေးတင်ရတယ်လို့ ကြားတယ်။ ဒီလိုကြားရတာ တပည့်တော် ၀မ်းသာတယ်။ ဒါဟာ တက္ကသိုလ်ကျောင်းသားတွေ လုပ်ရမည့် အလုပ်တွေပဲဘုရား။ အမ်အေကျောင်းသား ဆိုရင် ဒီထက်ပိုလုပ်ရတယ်။ ကိုယ်ယူတဲ့ ဘာသာရပ် သင်တန်းကို မပျက်မကွက်တက်။ ဆရာတွေ ညွှန်းတဲ့ စာအုပ်တွေကို စာကြည့်တိုက်မှာ ၀င်ဖတ်။ မှတ်စုထုတ်။ ပြီးရင် ကိုယ်ပိုင် အင်္ဂလိပ်စာနဲ့ lecture ပြန်ရေး။ ကိုယ်တိုင်ရေးထားတဲ့ မှတ်စုဆိုတော့ စာမေးပွဲအတွက်လည်း ပိုပြီးလွယ်သွားမယ် ဘုရား။

နောက်တစ်ခုက အမ်အေကျောင်းသားတွေက Term Paper တင်ရမယ်။ ဒါကိုလည်း စွမ်းနိုင်သလောက် ကိုယ်တိုင် လုပ်သင့်တယ်။ အရင်ကထက် အခု ပိုပြီး ဆုတ်ယုတ်လာတယ်လို့ ဆိုရမလိုပဲ။ တစ်ချို့ လုပ်ရပ်တွေက ရှက်စရာတောင် ကောင်းပါတယ်။ မြန်မာကျောင်းသားအားလုံးအတွက် ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့တောင် တပည့်တော် ခံစားမိတယ်။ တကယ်ဖြစ်သင့်တာက အနည်းဆုံးတော့ Term Paper-လေး ဘာလေးလောက်တော့ ကိုယ့်ဟာကိုပေါ့နော်။ data collection ဆိုရင်တောင်မှ အဲဒီအချက်အလက်လေးကို အကြောင်းအကျိုး အဆက်အစပ်နဲ့ စနစ်တကျ စီစဉ်ပြီး ကိုယ်ပိုင်ရေးတတ်တဲ့ အဆင့်လေးတော့ ရှိသင့်တယ်။ ဒါအမ်အေကျောင်းသား တစ်ယောက်အတွက်ပေါ့နော်။

အခု တပည့်တော် Temporary Certificate ယူဖို့သွားတာ။ အဲဒီမှာ Register က ဘာပြောလဲဆိုတော့ ငါ့စိတ်ကူးတစ်ခုရှိတယ်တဲ့။ ပြောပါဦး ဘာလဲဆိုတော့။ မြန်မာကျောင်းသားတွေနဲ့ Communicate လုပ်ရတာ သိပ်ခက်ခဲတယ်။ သူတို့က ငါပြောတာလည်း နားမလည်။ သူတို့ပြောတာလည်း ငါကနားမလည်ဘူး။ အဲတော့ ငါဘာစိတ်ကူးလဲဆိုတော့ သူတို့ကို သိစေချင်တဲ့ အချက်တွေကို မြန်မာလို ဘာသာပြန်ပြီးတော့ ဒီNotice Board မှာ ကပ်ထားရင် ကောင်းမလားလို့ တဲ့။ အဲဒါ Register က ပြောလိုက်တာပါ။ တပည့်တော်က ပြန်ပြောခဲ့တယ်၊ ဒီလောက်ထိ မလိုပါဘူးလို့။ မြန်မာကျောင်းသားတွေထဲမှာ ကောင်းကောင်းနားလည်တဲ့သူတွေ အများကြီး ရှိပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါက စကားစပ်လို့ပြောပြတာပါ ဘုရား။

တပည့်တော် ဆိုလိုချင်တာက ဒီလိုပါ တပည့်တော်တို့ ဘာပဲဖြစ်ဖြစ် လက်ရှိ ကိုယ့်ရဲ့အနေအထားကို ကိုယ်သိပြီးတော့ ငါဟာ ဘယ်လိုလဲဆိုတာ သိပြီးတော့ အရည်အချင်းပြည့်ပြီဆိုရင်လဲ ပြည့်သထက် ပြည့်အောင်၊ အရည်အချင်းမပြည့်သေးဘူးဆိုရင်လဲ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းရှိအောင် ဖြည့်ကြပါ။ ဖြည့်ဖို့လဲပဲ လိုအပ်နေတယ်။ တပည့်တော်တို့က နောင်တချိန်မှာ ဒီကနေ ပြီးသွားပြီး အလုပ်တွေ လုပ်ကြမယ်။ အဲဒီလို လုပ်ကြတဲ့အခါမျိုးမှာ တွင်တွင်ကျယ်ကျယ်နဲ့ အောင်အောင်မြင်မြင်ဖြစ်အောင်လုပ်နိုင်ဖို့။ တွင်တွင်ကျယ် ကျယ် အောင်အောင်မြင်မြင်ဆိုတာက နာမည်ကြီးတာ၊ ဘုန်းကြီးတာကို ပြောတာမဟုတ်ပါဘူး ဘုရား။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ကိုယ့်လူ့အသိုင်းအ၀ိုင်းကို ဘယ်လောက်အကျိုးပြုသလဲ အဒါကို ပြောတာပါ။ အဲလိုမျိုးတွေ လုပ်နိုင်အောင် အခု တပည့်တော်တို့က ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပြည့် အောင့်ဖြည့်ထား ဖို့လိုတယ် ဘုရား။ ဒါမှ တပည့်တော်တို့ရဲ့ ဒကာ၊ ဒကာမတွေက ထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေတွေ ကုန်ရကျိုးနပ်မယ်။ တပည့်တော်တို့ကိုယ်တိုင်ပေးဆပ်ရတဲ့ အချိန်တွေ၊ လုပ်အားတွေအတွက် ထိုက်တန်တဲ့ အကျိုးရလာဘ် ပေါ်ထွန်းလာမယ်။

အချုပ်ပြောရရင်တော့ အခုကတည်းက လမ်းလွဲမလိုက်မိစေဘဲနဲ့ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိ အောင်ကြိုးစားပြီး ဖြည့်ထားကြပါ။ ပြီးတော့ အခု ဒီမှာ တပည့်တော်တို့ ကံကောင်းလို့ ဆုံလာကြတဲ့အခိုက် အတန့်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့၊ သည်းခံဖို့ ဒါကလဲပဲ အလွန်အရေးကြီးတယ်။ ပြီးတော့ စုပေါင်းလုပ်ခြင်းရဲ့ အနှစ်သာရက ညီညီညွတ်ညွတ်နဲ့ အလုပ်တစ်ခု မြန်မြန်နဲ့ လွယ်လွယ်ပြီးဖို့။ စိတ်ဝမ်းကွဲဖို့ မဟုတ်ဘူး ဘုရား။ အဲဒီတော့ ကျဉ်းမြောင်းတဲ့ အမြင်တွေကိုဖျောက်။ ကိုယ်အတ္တကို ရှေ့တန်းမတင်ကြနဲ့။ လူရည်လည်ပါ လူလည်မကျမိစေနဲ့၊ ပါးနပ်ပါ လူပါးမ၀မိစေနဲ့၊ အဲဒါဆိုလို့ရှိရင် တပည့်တော်တို့က ဘယ်လိုဖြစ်မလဲဆိုရင် ညီညီညွတ်ညွတ်နဲ့နေပြီး ကိုယ့်ရဲ့ရည်မှန်းချက်အောင်မြင်နိုင်ပါလိမ့်မယ်။

အရှင်ဘုရားတို့အားလုံး ကိုယ့်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပညာရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီးတော့ တပည့်တော်တို့ရဲ့ ဘာသာရေးရှုထောင့်ကပြောရင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရကြရောက်ကြ ပါ စေဘုရား။

သာဓု သာဓု သာဓုပါဘုရား။

{Record လုပ်ပေးထားတဲ့ လောကုဟာမူးတရူးဦးအဂ္ဂ၀ံသကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာ ကနေ ပြောကြားလိုက်ပါတယ်။}

Read More...