Thursday, February 9, 2012

စိတ္တလပဗ္ဗတသို့ ဒုတိယအကြိမ်








မထင်မှတ်ဘဲ တရားထိုင်သွားတဲ့သူငယ်ချင်းများ သွားကြိုရင်း စိတ္တလပဗ္ဗတတောင်ကို ဒုတိယအ ကြိမ်ရောက်ဖြစ်ပြန်ပါတယ်။ အရင်တခါရောက်ဖြစ်တုန်းက ဒီနေရာ ဒီဒေသကို နောက်ထပ် လာဖြစ်လိမ့်မယ် လို့ ထင်မထားခဲ့ပါဘူး။ ထင်မထားတဲ့အရာတွေ ဖြစ်လာတက်တဲ့ သဘာဝအတိုင်း ၂၀၁၂ ခုနှစ်မှာ နောက်တ ကြိမ် ရောက်လာခဲ့ပါတယ်။ အခု နောက်ထပ်တစ်ခါ စိတ္တလပဗ္ဗတတောင်ကို သွားဖို့ဖန်လာတာကတော့ သူငယ်ချင်းဖြစ်သူ ဦးပညာဓဇတရားအားထုတ်ချင်တဲ့စိတ်က စလာတာပါပဲ။

ဦးပညာဓဇက ဘီစီစီမှာ ကျောင်းတက်နေရင်း ကျောင်းပိတ်ချိန်တစ်လရတာနဲ့ ခန်နုဗောဓရိပ်သာမှာ တရား အားထုတ်ချင်လို့ စာရေးသူကို လိုက်ပို့ဖို့ပြောပါတယ်။ စာရေးသူကလည်း ခန်နုဗောဓဘုန်းကြီးနဲ့ ရင်းနှီးတာမို့ လိုက်ပို့မယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ ဦးပညာဓဇနဲ့အတူ ဘုန်းကြီးဦးဝေပုလ္လ၊ ဦးဇိန၀ံသတို့ကပါ တရားအားထုတ်ချင်တယ်ဆိုတာနဲ့ ဦးပညာဓဇက ခန်နုဗောဓရိပ်သာကို မသွားတော့ဘဲ စိတ္တလပဗ္ဗတတောင်ကို ရွေးချယ်လိုက်ပါတယ်။ သူငယ်ချင်းများ တရားအားထုတ်သွားရင် လိုက်ပို့မယ် လို့ ပြောထားပေမယ့် တကယ်တမ်း သွားပို့တဲ့အခါကျတော့ အကြောင်းအမျိုးအမျိုးကြောင့် စာရေးသူ လိုက်မပို့နိုင်လိုက်ပါဘူး။ စာရေးသူလိုက်မပို့နိုင်ပေမယ့် ဦးဝိလာသဂ္ဂက ဦးဆောင်ပြီး အစစအရာရာကူ ညီဆောင်ရွက်ပေးလို့ အားလုံးအဆင်ပြေသွားပါတယ်။ ဦးဝိလာသဂ္ဂ ပြန်လာတော့ တရားအားထုတ်သွားတဲ့ သူငယ်ချင်းများ သွားကြိုတဲ့အခါ လိုက်ဖြစ်အောင်လိုက်ခဲ့ဖို့ ပြောပါတယ်။ ဦးပညာဓဇကလည်း ဦးဝိလာသဂ္ဂ လာရင် စာရေးသူပါလိုက်ခဲ့ဖို့ ဖုန်းဆက်ပြီး အကြိမ်ကြိမ်သတိပေးပါတယ်။ စာရေးသူလည်း ဒီတစ်ခါတော့ မပျက်မကွက်လိုက်ခဲ့ပါမယ်လို့ပြောပြီး သူငယ်ချင်းများနဲ့အတူ လိုက်သွားဖြစ်ခဲ့ပါတယ်။

ဦးပညာဓဇရဲ့အသိ စင်္ကာပူက ဒကာမတစ်ယောက်လည်း စာရေးသူတို့နဲ့အတူ လိုက်ခဲ့မှာမို့ ၂၂.၁.၂၀၁၂ ရက်နေ့ နံနက်  ၅ နာရီခွဲမှာ ဒကာမတည်းခိုရာအိမ်ကို သူငယ်ချင်း ၆ ပါးသွားကြပါတယ်။ အိမ်ရောက်မှ ရှမ်းခေါက်ဆွဲအာရုံဆွမ်း ကပ်ပါတယ်။ အာရုဏ်ဆွမ်းဘုန်းပေးပြီး စိတ္တလပဗ္ဗတတောင်ကို ခရီးစထွက်ခဲ့ကြ ပါတယ်။ ရတနပူရမြို့ကိုရောက်တော့ ၁၀ နာရီကျော်ကျော်ပဲရှိသေးတာမို့ အဲဒီနားမှာ နှစ်ပေါင်း ၂၃၀၀ ကျော်က ဆောက်လုပ်ခဲ့တဲ့ကျောက်လိုဏ်ဂူကိုသွားချင်ရင် အချိန်ရတယ်ပြောတာနဲ့ သွားရောက်လေ့ လာခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ အဲဒီနေရာဟာလည်း စတုတ္ထသံဂါယနာတင်ရာ အာလုဝိဟာရလို့ ထင်ရှားတဲ့နေရာတစ်ခုဖြစ်တယ်လို့ ကားသမားက ပြောပြပါတယ်။ မနက် ၁၁နာရီခွဲမှာ အမ်ဗိလိပိတိယ မြို့ရောက်ပြီး နေ့လည်ဆွမ်းကို ဆိုင်မှာပဲ ဦးပညာဓဇရဲ့ဒကာမက ကပ်ပါတယ်။ နေ့ခင်းဆွမ်းဘုန်းပေးပြီး ခရီးဆက်ကြရာ ၃ နာရီကျော်ကျော်လောက်မှာ စိတ္တလပဗ္ဗတတောင်တည်ရှိရာ တောထဲရာက်လာ ခဲ့ပါတယ်။

စိတ္တလပဗ္ဗတတောင်ဟာ သီရိလင်္ကာနိုင်ငံရဲ့အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိပြီး Sithulpawwa, Cittalapabbata, Sitrupauwa လို့အမည်အမျိုးမျိုးနဲ့ခေါ်ဝေါ်ကြပါတယ်။ အမည်အပြည့်အစုံကတော့ Sithulpauva Rajamaha Viharaya (စိတုပါဥ၀ ရာဇမဟာဝိဟာရ) ဖြစ်ပါတယ်။ အခြားနေ့တွေမှာ လူသူ အရောက်နည်းပါးပေမဲ့ စနေ တနင်္ဂနွေနေ့တွေမှာ တောင်ခြေက ကျောင်းအရောက်အထိ လိုင်းကား ရောက်အောင်စီစဉ်ထားပါတယ်။ စိတ္တလပဗ္ဗတဟာ အတိက်တစ်ချိန်က သီရိလင်္ကာနိုင် ငံ၊ ရောဟဏဒေသရဲ့ ဗုဒ္ဓသာသနာ ထွန်းကားရာ အလယ်ဗဟိုဋ္ဌာနဖြစ်ခဲ့ပါတယ်။ ၀ါလဂမ်ဘမင်း(ဘီစီ၁၀၃-၈၉, ၇၇)လက်ထက်က စိတ္တလပဗ္ဗတဒေသတ၀ိုက်မှာ ရဟန်းတော်ပေါင်း ၁၂၀၀၀ ခန့် သီတင်းသုံးခဲ့ကြပြီး ပင်မကျောင်းတော်ကြီးရဲ့ ပတ်ဝန်းကျင်မှာ ကျောက်တောင်များနဲ့ သဘာဝကျောက်လိုဏ်ဂူများကိုလည်း တွေ့ရပါတယ်။ 


စာရေးသူတို့ကိုလိုက်ပို့တဲ့ သီဟိုဠ်ဦးဇင်းတစ်ပါးကတော့ ကျောင်းတော်ရဲ့အနီးတ၀ိုက်မှာ သဘာဝလိုဏ်ဂူပေါင်း ၁၆၀ ကျော်ခန့်ရှိတယ်လို့ ပြောပြပါတယ်။ တစ်ချို့နေရာများမှာရှိတဲ့ သဘာဝကျောက် ဂူများကို တောရိုင်းတိရစ္ဆာန်များ ဘေးရန်က ကင်းအောင် အကာအရံများပြုလုပ်ထားတာ ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ တစ်ချို့ကျောက်တောင်များပေါ်မှာ စေတီများကို ဖူးမြင်ရပြီး ကျောင်းတော်ကြီးအနီးက ကျောက်တောင်ပေါ်မှာရှိတဲ့ စေတီကတော့ အကြီးဆုံးဖြစ်ပါတယ်။ အဲဒီစေတီကြီးကို က၀ံတိဿမင်း ၃ ရာစုခန့်က တည်ထားခဲ့တာဖြစ်ပြီး အနီးတ၀ိုက်မှာ ရှိတဲ့ စေတီငယ်များကိုတော့ ၀ါသဘမင်း (၆၇-၁၁၁) က တည်ထားခဲ့ပါတယ်။ ၀ါသဘမင်းဟာ စေတီပေါင်း ၁၀၀၀ တည်ခဲ့ပြီး ဒါတောပတိဿမင်းက စေတီများထိန်းသိမ်းစောင့်ရှောက်ရန်အတွက် လယ်ယာများနဲ့ အတူ ကျေးရွာများကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့သမိုင်းကြောင်းအရ အရှင်သံဃရက္ခိတမထေရ်နာမကျန်းဖြစ်ပြီး ဒီတောင်မှာ သီတင်းသုံးနေတုန်း ရဟန္တာပေါင်း ၈၀၀၀ ခန့်နဲ့အတူ သိကြားမင်းပါ လာရောက်ပြီး မထေရ်မြတ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်လို့ ဆိုကြပါသေးတယ်။

စိတ္တလပဗ္ဗတတောင်ဟာ တိဿမဟာဝိဟာရနဲ့ ၂၄ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပါတယ်။ သမိုင်းမှတ်တိုင်များရဲ့အလိုအရ တိဿမဟာဝိဟာရဟာ ပရိယတ္တိသာသနာတော်ထွန်းကားခဲ့ရာ ဗဟိုဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့ပြီး စိတ္တလပဗ္ဗတတောင်ကတော့ ပဋိပတ္တိသာသနာတော်ထွန်းကားခဲ့ရာ ဗဟိုဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိတ္တလပဗ္ဗတတောင်သွားရာ တောထဲရောက်လာတယ်ဆိုရင်ပဲ လမ်းဘေးဝဲယာမှာ သွားလာကျက်စားနေကြတဲ့ တောဝက်၊ သမင်၊ ဖွတ်၊ ရစ်၊ ဥဒေါင်းစတဲ့ တောငှက် တိရစ္ဆာန်များကိုတွေ့ရပါတယ်။ 


သီရိလင်္ကာအစိုးရက စိတ္တလပဗ္ဗတတောင်ဒေသကို ယလအမျိုးသားဥယျာဉ်အဖြစ်သတ် မှတ်ကာ တောရိုင်းတိရစ္ဆာန်များကို ဘေးမဲ့ပေးထားလို့ စိတ္တလပဗ္ဗတတောင်ဟာ သီရိလင်္ကာနိုင်ငံ ရဲ့အကြီးမားဆုံးတောကြီး ဖြစ်နေပါတယ်။ သီရိလင်္ကာနိုင်ငံသားများဟာ တောငှက်တိရစ္ဆာန် များကို ဘေးမဲ့ပေးထားတယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို တောကြီးတွေထဲမှာတင် မဟုတ်ဘဲ မြို့တော်ကိုလံဘိုရဲ့တစ်ချို့နေရာများမှာတောင် ကားလမ်း ဖြက်ကူးနေတဲ့ ဖွတ်စတဲ့သတ္တ၀ါများ ကို တွေ့နိုင်လို့ဖြစ်ပါတယ်။ စာရေးသူတို့မြန်မာနိုင်ငံမှာထက် အဟိံသတရားထွန်းကားတယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ စာရေးသူတို့လည်း စိတ္တလပဗ္ဗတတောင်သွားရာ တောလမ်းထဲရောက်လာတော့ လမ်းဘေးမှာ ကျက်စားနေတဲ့ တောငှက်တိရစ္ဆာန်များကို ဓာတ်ပုံရိုက်လိုက်ကြပါသေးတယ်။
တောင်ခြေမှာရှိတဲ့ကျောင်းကို စာရေးသူတို့ရောက်တော့ ၄နာရီထိုးပါတော့မယ်။ ဘုန်းကြီးဦးဝေပုလ္လနဲ့ ဦးပညာဓဇတို့က စောင့်နေပြီး စာရေးသူတို့ကို ကျောင်းထိုင်ဘုန်းကြီးနဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ကပ္ပိယများက အာရုံဆွမ်းကပ်ဖို့အတွက် စာရေးသူတို့ ၀ယ်လာတဲ့ ခရမ်းချဉ်သီး၊ ခါကြက်ဥ၊ အုန်းသီး၊ ပဲသီး၊ ဖရုံသီး၊ ပန်းသီး၊ စပျစ်သီး၊ ငှက်ပျောသီး စတဲ့ပစ္စည်းများ ဆွမ်းစားကျောင်းကို ပို့ကြပါတယ်။ ဟင်းသီးဟင်း ရွက်များလာယူတဲ့ ကပ္ပိယတွေအနားမှာ အဖွဲ့ခေါင်းဆောင် ဦးဝိလာသဂ္ဂ မရှိတော့ မျောက်ကျွေးဖို့ဝယ်လာတဲ့ ငှက်ပျောခိုင်လည်း ဆွမ်းစားကျောင်းထဲ ပါသွားပါတော့တယ်။ ဒါနဲ့ပဲ မျောက်တွေကို ငှက်ပျောသီးမကျွေးခဲ့ ရလိုက်ပါဘူး။


ကပ္ပိယများကပ်တဲ့ Sri Lanka tea သောက်ပြီးတာနဲ့ သူငယ်ချင်းများ တရားအားထုတ်ရာ လိုဏ်ဂူများဘက် ကို လေ့လာကြပါတယ်။ သီဟိုဠ်လက်ထောက်ဘုန်းကြီးလိုက်ပို့လို့သာ ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ လိုဏ်ဂူများအားလုံးနီးပါးရောက်ခဲ့ရပြီး စာရေးသူတို့ ကိုယ်တိုင်သွားရမယ်ဆိုရင် သွားတတ်မှာ မဟုတ်ပါဘူး။
ပထမဆုံး ဘုန်းကြီးဦးဝေပုလ္လတရားထိုင်တဲ့ လိုဏ်ဂူကိုကြည့်ရှူကြပြီး လိုဏ်ဂူရှေ့မှာ အမှတ်တရ စုပေါင်းပြီးဓာတ်ပုံရိုက်ကြပါတယ်။ အဲဒီနောက် ဦးဇိန၀ံသတရားထိုင်တဲ့လိုဏ်ဂူကိုကြည့် ရှူ လေ့လာကြပြီး လမ်းမပေါက်သေးတဲ့ တောများကိုနင်းပြီး တောတောင်လိုဏ်ဂူများဆီသွားခဲ့ကြပါ တယ်။ လိုဏ်ဂူများကို လှည့်ပတ်ကြည့်ရင်းနဲ့ ကျောက်တောင်များပေါ်မှာထိုင်ပြီး ပတ်ဝန်းကျင်က သဘာဝတောတောင်များ ကို တွေ့ရတာကလည်း စိတ်ကြည်နူးစရာ တစ်မျိုးပါပဲ။ သန့်ရှင်းလတ်ဆက် တဲ့ လေကိုရှူရိုက်ရလို့ ညစ်ညူးနေတဲ့စိတ်များတောင် လွှင့်ပျောက်သွားပါတယ်။ 


ညနေ ၅နာရီကျော်လောက်မှာ ဦးပညာဓဇတရားထိုင်ရာ လိုဏ်ဂူကိုသွားရောက်လေ့လာ ကြပြီးနောက် တောင်အောက်ကိုပြန်ဆင်းကာ ညလုံးပေါက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် ပြင်ဆင် ကြပါ တယ်။ ညနေ ၆ နာရီကနေ မနက် ၆နာရီအထိ ပဋ္ဌာန်းရွတ်ဖို့စီစဉ်ထားပေမဲ့ ဆင်ဟာလလက်ထောက်ဦးဇင်းက သူလည်း ပဋ္ဌာန်းရွတ်ချင်ပါတယ် သူ့ကိုစောင့်ပါဦးလို့ ဆိုတာနဲ့ ၆ နာရီခွဲမှ စဖြစ်ပါတယ်။ ၆နာရီကျော်ကျော်လောက်မှာ သင်္ကန်းလေးစုံ၊ ပဋ္ဌာန်းစာအုပ်များ၊ ဘုရားကိုဆီမီးပူဇော်ဖို့ ဆီမီးခွက်များ ဆီဗူးများနဲ့အတူ သူငယ်ချင်းတစ်စုပျော်ရွှင်စွာပဲ ဘုရားပေါ်တက်ခဲ့ကြပါတယ်။ ဦးပညာဓဇရဲ့ဒကာမကလည်း စာရေးသူတို့ပဋ္ဌာန်းရွတ်တုန်း ရင်ပြင် တော်မှာထိုင်ဖို့ ဖုံများသယ်လာပါတယ်။
 
ဘုရားရင်ပြင်တော်ရောက်တာနဲ့ ဘုရားရှိခိုး၊ နတ်ပင့်ကာ ပစ္စယနိဒ္ဒေသကို အားလုံးညီညာစွာရွတ်ဆို ပူဇော်ပြီး ဘုန်းကြီးဦးဝေပုလ္လက အစဆုံးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါတယ်။ ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်ပြီး သီဟိုဠ်လက်ထောက်ဦးဇင်း ရွတ်ပါတယ်။ စာရေးသူတို့ သိသလောက်ပြောရရင် သီဟိုဠ်ကျွန်းမှာ ပရိတ်ပွဲသာရှိပြီး ပဋ္ဌာန်းပွဲကို မတွေ့ဖူးပါဘူး။ အဲဒါကြောင့် သီဟိုဠ်ဦးဇင်းရဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံဟာ စာရေးသူတို့အတွက် ထူးဆန်းနေခဲ့ပါတယ်။  ၀ိနည်းနဲ့ အဘိဓမ္မာ ကွယ်ပျောက်လုမတတ်ဖြစ်နေတဲ့ သီဟိုဠ်မြေမှာ ပထဆုံးကြားလိုက်ရတဲ့ သီဟိုဠ်ရဟန်းတော်တစ်ပါးရဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံနဲ့အတူ “မင်းဟာ သီဟိုဠ်မြေမှာ ပထမဆုံးပဋ္ဌာန်းရွတ်ဖတ်သူပဲ” လို့ ထုတ်ဖော်ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဦးဥက္ကံသရဲ့ ရင်တွင်းစကားကလည်း စာရေးသူတို့ကို တစ်ခုခုလုပ်ဖို့ တွန်းအားပေးနေသလိုလိုပါ။

ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်နေတဲ့အချိန်မှာ စာရေးသူတို့က တောင်တက်လမ်းတစ်လျှောက် လှေ ကားထစ်များမှာ ဆီမီးခွက် ၂၀၀ ဆီမီးထွန်းပြီး ဘုရားကိုမီးပူဇော်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်ဗုဒ္ဓ တာဝတိံသာနတ်ပြည်ကနေ သန္တုဿိတနတ်သားအမှူးပြုတဲ့ နတ်များ ကို အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ပြန်ကြွလာတဲ့အထိမ်းအမှတ်အဖြစ် မီးပူဇော်ပွဲကျင်းပကြ တာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ မီးပူဇော်တာဟာ အလင်းရောင်လှူတာဖြစ်လို့ မျက်လုံးအားကောင်းတယ် လို့ ယုံကြည်ပြီး သီတင်းကျွတ်လပြည့်မဟုတ်တဲ့အချိန်တွေမှာလည်း မီးပူဇော်ကြပါ တယ်။ မြန်မာနိုင်ငံက စေတီအများစုမှာတော့ ဘုရားမီးပူဇော်ဖို့ နေရာသီးသန့်ပေးမထားလို့ စေတီခြေရင်း က အောက်ပစ္စယံမှာပဲ မီးပူဇော်ကြပါတယ်။ အဲဒါကြောင့် စေတီရဲ့အောက်ခြေများဟာ သန့်ရှင်းမှုအတော် နည်းပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ စေတီ သို့မဟုတ် ဗောဓိပင်အနီးမှာ ဆီမီးပူဇော်ဖို့ နေရာသီးသန့်ပေး ထားတာမို့ စေတီရဲ့အောက်ခြေများဟာ သန့်ရှင်းနေပါတယ်။ မြန်မာနိုင်ငံမှာလည်း စေတီခြေရင်းမှာ မီးပူဇော်ဖို့ သီးသန့်နေရာပေးထားမယ်ဆိုရင် စေတီအောက်ခြေတွေမှာ သန့်ရှင်းနေမှာ မလွဲပါဘူး။ 


စာရေးသူတို့က ဆီမီးခွက် ၂၀၀ မီးပူဇော်ရမှာမို့ စေတီခြေရင်းနားက သီးသန့်နေရာမှာ မပူဇော် ဘဲ စေတီတက်ရာလှေကားထစ်များမှာ ပူဇော်လိုက်ကြပါတယ်။ စာရေးသူတို့ လှေကားထစ် တစ်လျှာက်မှာ ဆီမီးပူဇော်နေတဲ့အချိန်မှာ လေက တစ်ဝှီးဝှီးနဲ့မို့ ရှေ့ကမီးထွန်း နောက်က မီးငြိမ်းနဲ့ ကရွတ်ကင်းလျှာက်သ လို သံသရာလည်နေပါတော့တယ်။  နောက်ဆုံးတော့ သူငယ်ချင်းဖြစ်သူ ဦးသာသန(ဖျာပုံ)က  “ကိုကိတ္တိရေ ကျုပ်တို့ ဒီလိုလုပ်နေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး၊ အဲဒီတော့ မီးငြိမ်းတဲ့ ဆီမီးခွက်တွေကို ပြန်ယူပြီး စေတီခြေရင်းနားက အကာအရံရှိတဲ့ လှေကားထစ်တွေမှာစုပြီး မီးပူဇော်မှ အဆင်ပြေမယ်နဲ့တူတယ်” လို့အကြံပေးပါတယ်။ စာရေးသူတို့လည်း  ဦးသာသနအကြံပေးတဲ့အတိုင်း မီးငြိမ်းတဲ့ဆီမီးခွက်တွေပြန်ကောက်ပြီး စေတီခြေရင်းနားမှာ ဆီမီးခွက်လေးခွက်စီစုပြီး စီတန်းကာ မီးပူဇော်လိုက်ကြပါတယ်။ အဲဒီအခါကျမှပဲ အားလုံးအဆင်ပြေသွားပါတော့တယ်။

စာရေးသူတို့ ဆီမီးပူဇော်ရင်းနဲ့   ဆီမီးခွက်ထဲ ဆီထည့်ရင်း ဆီများသန့်ရှင်းနေတဲ့လှေခါးတလျှောက်မှာ ဖိတ်စင်ကုန်ပါတယ်။ ဖိတ်စင်သွားခဲ့တဲ့ဆီစက်တွေကို သန့်ရှင်းနေတဲ့လှေကားပေါ်မှာ ပျောက်မသွားတော့မဲ့ အမည်းစက်များအဖြစ်မြင်ယောင်ရင်းနဲ့ ဘ၀မှာ ပြင်လို့မရတဲ့အမည်းစက်များအကြောင်း စိတ်ကရောက်သွား ပါသေးတယ်။  ဦးသာသနကတော့ ဖိတ်ကျခဲ့တဲ့ဆီစက်တွေကို သင်္ကန်းစုတ်နဲ့ လိုက်ပြီးသုတ်ပါတယ်။ စာရေးသူက ဘုရားရင်ပြင်တော်ပေါ်မှာရှိတဲ့ သဲများယူပြီး ဆီကွက်များကို လိုက်ပြီးတော့ ဖုံးလိုက်ပါတယ်။ ဦးဝိလာသဂ္ဂနဲ့ ဦးစန္ဒိမာကတော့ ရင်ပြင်တော်ပေါ်မှာ သဲရှိတာကို သတိမထား မိတော့ တောင်အောက်အထိဆင်းပြီး သဲများ သွားယူပါတယ်။ လှေကား တစ်လျှောက်မှာ လင်းထိန်နေတဲ့ ဆီမီးခွက်များမြင်တော့ စာရေးသူ့စိတ်က မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ သီတင်းကျွတ် မီးထွန်းပွဲတွေဆီ ကိုတောင် ရောက်သွားလိုက်ပါသေးတယ်။

တရားထိုင်ကြွတဲ့အရှင်သုံးပါးနဲ့ ဦးဥက္ကံသတို့  စောစောစီးစီးနားလို့ရအောင်ဆိုပြီး ပထမဦးဆုံးပဋ္ဌာန်းရွတ်ဖို့ စီစဉ်လိုက်ပြီး စာရေးသူတို့ကတော့ ညလုံးပေါက် မအိပ်ဘဲရွတ်ဖတ်ကြဖို့ စီစဉ်ကြပါတယ်။ ည ၁ နာရီကျော်လောက်မှာ ဘုရားရင်ပြင်တော်ပေါ်ကို ဆတ် ၂ကောင် တက်လာပါတယ်။ လူနဲ့အတော်ကို ယဉ်ပါးနေတဲ့ တိရစ္ဆာန်များဖြစ်နေတာမို့ လူနားကပ်လာပြီး တိုးဝှေ့ကာ အစာတောင်းနေပါတယ်။ ဦးဝဏ္ဏသီရိနဲ့ စာရေးသူတို့လည်း တောင်အောက်ကိုဆင်းပြီး မျောက်ကျွေးဖို့ဝယ်လာတဲ့ မုန့်ထုပ်များသွား ယူပါတယ်။ တောင်ပေါ်ပြန်တက်ခါနီးမှာ တောင်ခြေရင်းက ဗောဓိပင်နားမှာနေနေတဲ့ ယုန်ဖြူလေး သုံးကောင်က အစာတောင်းရင်း နောက်ကလိုက်လာတာကို တွေ့လိုက်ရပါတယ်။  အဲဒါနဲ့ စာရေးသူတို့ လည်း ယုန်လေးသုံးကောင် ကိုအစာကျွေးပြီးမှ တောင်ပေါ်ကို ပြန်တက်ကြပါတယ်။ ဘုရားရင်ပြင်တော်ပေါ် မှာ စာရေးသူတို့ကျွေးတဲ့မုန့်ကို အငမ်းမရစားနေတဲ့ဆတ်ကိုကြည့်ပြီး ပီတိဖြစ်ရ ပါသေးတယ်။

ဦးဝဏ္ဏသီရိပဋ္ဌာန်းရွတ်နေတုန်း ဗုဒ္ဓဘာသာမှာရွတ်ဖတ်မှုနဲ့ပတ်သက်ပြီး တဖက်သတ်ရှုတ်ချပြော ဆိုနေကြတဲ့အကြောင်းကို စာရေးသူတို့လေးပါး ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာမှာ ကျင့်ကြံမှုအပိုင်း က ပဓာနကျတယ်ဆိုတာ ငြင်းစရာမလိုတဲ့အမှန်တရားဖြစ်ပါတယ်။ ဒါပေမဲ့ ရွတ်ဖတ်မှုကလည်း တစိပ် တပိုင်းအနေနဲ့လိုအပ်တဲ့အရာဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ဦးသာသနကတော့ ရွတ်ဖတ်မှုကို တဖတ်သက်ကြီးရှုတ်ချပြောဆိုဖို့ မသင့်တဲ့အကြောင်းပြောရင်းနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အနုဿတိ(၁၀)ပါးကို လက်ခံတယ်ဆိုရင် ရွတ်ဖတ်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ လက်ခံရမှာဖြစ်တဲ့အကြောင်း ပြောပါတယ်။

စာရေးသူတို့ လေးစားလောက်တဲ့စာသင်တိုက်ဆရာတော်ကြီးတစ်ပါးကတော့ ပရိတ်ပဋ္ဌာန်းတွေကို ရွတ်ဖတ် ပူဇော်တဲ့အပြင် ပဋိပတ္တိကိုလည်း အချိန်ရလျှင်ရသလို အားထုတ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့နောက်ဆုံး ပန်းတိုင်ကိုသွားဖို့ရာအတွက် ကျင့်ကြံမှုအပိုင်းဟာ ရေအလျဉ်ကြီးတစ်ခုဖြစ်မယ်ဆိုရင် ရွတ်ဖတ်မှုက အဲဒီရေအလျဉ်ကြီးမှာ ပိတ်ဆို့နေတဲ့အမှိုက်သရိုက်လေးတွေကို ဖယ်ရှားပေးတဲ့အရာဖြစ်တယ်လို့ ဆရာတော်ကြီးက အမြဲတမ်းမိန့်တော်မူပါတယ်။ သူငယ်ချင်းများက အတော်ထိမိတဲ့ ဥပမာပဲလို့ မှတ်ချက်ပေးကြပါတယ်။  အဲဒီနောက် မြတ်ဗုဒ္ဓလက်ထက်က သံဃာတော်များ ရတနသုတ်၊ အင်္ဂုလိမာသုတ် တို့ကို သစ္စာပြုရွတ်ဆိုလိုက်လို့ ပစ္စုပ္ပန်ချမ်းသာရရှိသွားကြတဲ့လူများ အကြောင်းနဲ့ မေတ္တသုတ်ရွတ်ဖတ်လိုက် လို့ တရားအားထုတ်ကြတဲ့ရဟန်းတော်များကို နတ်များက မနှောက်ယှက်တဲ့အပြင် ကူညီစောင့်ရှောက်ပေး တဲ့အကြောင်းကိုလည်း  ပြောဖြစ်ကြပါသေးတယ်။

သူငယ်ချင်းလေးပါး ရွတ်ဖတ်မှုအကြောင်းများ ပြောနေတုန်း ည ၂ နာရီကျော်လောက်မှာ ဦးဝဏ္ဏသီရိအလှည့်ပြီးသွားပါတယ်။ သူလည်း ခဏနားကာ တောင်အောက်ကို ပြန်ကြွသွားပါတယ်။  ဒါနဲ့ပဲ ဦးသာသန၊ ဦးဝိလာသဂ္ဂ၊ ဦးစန္ဒိမာနဲ့ စာရေးသူတို့ကတော့ မနက် ၅နာရီခွဲအထိ တစ်လှည့်စီ ဆက်လက်ရွတ်ဖတ်နေခဲ့ကြပါတယ်။ ဦးစန္ဒိမာပဋ္ဌာန်းရွတ်နေတုန်း စာရေးသူက ဘုရားရင်ပြင်တော်မှာ လမ်းလျောက်ရင်း ပစ္စယနိဒ္ဒေသ၊ ပရိတ်၊ ဓမ္မစကြာတို့ကိုရွတ်ကာ ၃၁ ဘုံမေတ္တာပို့ကာ အမျှအတန်းပေးဝေခဲ့ပါတယ်။ ပဋ္ဌာန်းရွတ်သံကလွဲလို့ အရပ်လေးမျက်နှာက တိတ်ဆိတ်ငြိမ်သက်နေတာမို့ ဘုရားရင်ပြင်တော်ပေါ်မှာ လမ်းလျှောက်ရတာကလည်း စိတ်ကြည်လင်အေးမြမှုတစ်မျိုးရတာပါပဲ။ မနက် ၅ နာရီကျော်လောက်မှာ ဘုန်းကြီးဦးဝေပုလ္လကြွလာပြီိး စာရေးသူတို့လေးပါးကို ခဏလောက် သွားအိပ်ကြဦးလို့ပြောတာနဲ့စာရေးသူတို့လည်း တောင်အောက်ကို ပြန်ဆင်းခဲ့ကြပါတယ်။ တောင်အောင်က ကျောင်းမှာ ၁ နာရီကျော်ကျော်လောက်အိပ်ပြီး ပဋ္ဌာန်းပွဲသိမ်းတော့မှာမို့ ဘုရားရင်ပြင်တော်ပေါ်ကို ပြန် တက်ခဲ့ကြပါ တယ်။ ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်ပြီးတာနဲ့ အနေကဇာတင်၊ ဘုရားရှိခိုးပြီး အသံမစဲပဋ္ဌာန်း ပွဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

ပဋ္ဌာန်းပွဲပြီးတာနဲ့ စာရေးသူတို့အားလုံး တောင်အောက်ကို ပြန်ဆင်းကာ အာရုဏ်ဆွမ်းဘုဉ်းပေးကြပါတယ်။ ဒီနေ့မနက်အာရုံဆွမ်းကို တရားထိုင်ကြွတဲ့ သူငယ်ချင်းသုံးပါးက လှူတာဖြစ်ပါတယ်။ သူငယ်ချင်းသုံးပါးက အာရုံဆွမ်းကပ်ချင်တယ်လို့ပြောတာနဲ့ ဦးဝိလာသဂ္ဂက လိုအပ်သမျှဟင်းသီးဟင်းရွက်များကို ကိုလံဘိုက ၀ယ်လာပေးပါတယ်။ ဆွမ်းစားပြီးတော့ တရားထိုင်ကြွတဲ့ ဘုန်းကြီးဦးဝေပုလ္လ၊ ဦးပညာဓဇနဲ့ ဦးဇိန၀ံသတို့က ကျောင်းထိုင်ဆရာတော်နဲ့ လက်ထောက်ဦးဇင်းကို မြန်မာသင်္ကန်း၊ နို့ဗူးနဲ့ န၀ကမ္မ၀တ္ထုများ လှူဒါန်းကြပါတယ်။ဦးပညာဓဇရဲ့အသိဒကာမကတော့ ကျောင်းထိုင်ဘုန်းကြီးကို မြန်မာသင်္ကန်းတစ်စုံလှူဒါန်းပါတယ်။ ပြန်ခါနီးကျောင်းထိုင်ဘုန်းကြီးကို ကန်တော့ကြတော့ ဘုန်းကြီးက သီရိလင်္ကာနိုင်ငံရဲ့ထုံးစံအတိုင်း “ဘ၀တု သဗ္ဗမင်္ဂလံ” စတဲ့ ဂါထာများကို ရွတ်ဆိုပေးပါတယ်။ အဲဒီနောက် ကျောင်းထိုင်ဘုန်းကြီးက next coming လို့ ပြောလို့ စာရေးသူတို့နားလည်တဲ့အတိုင်း နှစ်တိုင်းလာခဲ့ပါမယ်လို့ လျှောက်ခဲ့ပါတယ်။

မနက် ၇ နာရီကျော်ကျော်လောက်မှာ စိတ္တလပဗ္ဗတတောင်ကနေ ထွက်လာခဲ့ကြပါတယ်။ စိတ္တလပဗ္ဗတတောင်ကနေအပြန် ဟိုက်ဝေးလမ်းပေါ်မရောက်ခင်မှာ အသွားတုန်းကလိုပဲ တောငှက် တိရစ္ဆာန်များကို တွေ့ရပြန်လို့ ဓာတ်ပုံရိုက်ကြပါသေးတယ်။ အပြန်ကားပေါ်မှာတော့ စာရေးသူတို့လေးပါးက အိပ်ပြီးလိုက်လာခဲ့လို့ လမ်းမှာနားခဲ့တဲ့နေရာတွေကို တိတိကျကျ မသိပါဘူး။့  ၉ နာရီကျော်ကျော်လောက်မှာ တိဿမဟာဝိဟာရစေတီကိုရောက်ပါတယ်။ စာရေးသူတို့လေးပါးက ကားပေါ်ကမှာနေခဲ့ပြီး ကျန်တဲ့အရှင်ဘုရားများနဲ့ ဒကာမကတော့ စေတီကိုသွားရောက်ဖူးမြော်ကြပါတယ်။ အပြန်လမ်းမှာတော့ ရတနပူရမြို့ဘက်က မဟုတ်ဘဲ ဂေါမြို့ဘက်ကနေ မောင်းမယ်လို့ ပြောပါတယ်။ ၁၁ နာရီခွဲလောက် မှာ ဂေါမြို့နားက ဆိုင်တစ်ဆိုင်မှာ နေ့ဆွမ်းကပ်ပါတယ်။ အိပ်ရေးမ၀ တ၀နဲ့မို့ နေ့ဆွမ်းမစား ချင်ပေမယ့် (ညနေဗိုက်ဆာမှာကြောက်တာနဲ့) နည်းနည်းပါးပါး စားလိုက်ပါတယ်။


ဂေါမြို့ ကမ်းခြေနဲ့ ပေါ်တူဂီခံတပ်ကို ရောက်တော့ ၃ နာရီထိုးပြီးနေပါပြီ။ ဦးသာသနနဲ့ စာရေးသူက မကုဋာရာမမြန်မာကျောင်းရောက်မှပဲ ဆင်းတော့မယ်လို့ စိတ်နှလုံးချကာ အောက်ကိုမဆင်းတော့ဘဲ ကားပေါ်မှာ ဆက်အိပ်နေလိုက်ပါတယ်။ ကိုလံဘိုမြို့ကို နောက်ထပ်တစ်နာရီခွဲအတွင်းမှာရောက်အောင်လို့ ဟိုက်ဝေးလမ်းမကြီးက မောင်းမယ်လို့ ကားသမားပြောသံကို အိပ်ပျော်နေရင်းက အိပ်မက်လိုလို ကြားလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံ ပြည်တွင်းစစ်ပြီးတော့ ဆယ်နှစ်အတွင်းမှာ စင်္ကာပူနိုင်ငံကို မှီရမယ် လို့ကြုံးဝါးပြီး ဟိုက်ဝေးလမ်းတွေကို လိုက်ပြင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ သီရိလင်္ကာနိုင်ငံသားတွေ ကိုလည်း ကိုယ့်နိုင်ငံနဲ့ယှဉ်ပီး မနာလိုဖွယ်ရာတွေ့ခဲ့ရပါသေးတယ်။


ကားသမားပြောတဲ့အတိုင်းပါပဲ။ တစ်နာရီခွဲကျော်လောက်ကားစီးပြီးတော့ ကိုလံဘိုဘက်ကို ပြန်ရောက်လာ ပြီး ဦးပညာဓဇရဲ့ဒကာမ တည်းတဲ့အိမ်ကို အရင်ဆုံးသွားကြပါတယ်။ ထုံးစံအတိုင်း ဦးသာသနနဲ့ စာရေးသူက အောက်ကိုမဆင်းတော့ဘဲ ဆက်မှိန်းနေလိုက်ကြပါတယ်။ စာရေးသူနဲ့ ဦးသာသနကတော့ ကားပေါ်မဆင်းပဲ နေလိုက်ပါတယ်။  ကျန်တဲ့အရှင်ဘုရားများကတော့ ကားပေါ်ကဆင်းပြီး ဦးပညာဓဇရဲ့ ဒကာမအိမ်မှာ ခဏလောက် နားကြပါသေးတယ်။ အဲဒီနောက်မှ မကုဋာရာမမြန်မာကျောင်းကို ခရီးဆက်ကြပါတယ်။ ညနေ ၅ နာရီကျော်ကျော်လောက်မှာ မကုဋာရာမမြန်မာကျောင်းပြန်ရောက်ခဲ့ပြီး ဘုန်းကြီးဦးဝေပုလ္လ၊ ဦးပညာဓဇနဲ့ ဦးဇိန၀ံသတို့ရဲ့ တရားထိုင်သွားတဲ့ဓမ္မခရီးဟာလည်း အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။ ။

1 comments:

Buddha Dhamma said...

သာဓု၊ သာဓု၊ သာဓုပါ ဘုရား
ကိုယ်တိုင်ရောက်သွားသလိုပါ ဘုရား

Post a Comment