Thursday, March 6, 2014

မရိဟာန ရဲစခန်းသို့ တစ်ခေါက်





ကတ္တဗ္ဗမေ၀ိဒန္တိ အရိယဘာဝံ နိဿာယ ပ၀တ္တိတံ ပဏီတံ” “ဤကဲ့သို့သော ကုသိုလ်ကောင်းမှုများမှာ လူကောင်းသူကောင်းများ ပြုသင့်ပြုထိုက်သည့် အမှုများဖြစ်သည်” ဟု နားလည်သဘောပေါက် လက်ခံကာ ပြုမှသာ အထွဋ်အမြတ်ဆုံး ပဏီတကုသိုလ်ဖြစ်သည်။ (၀ိသုဒ္ဓိမဂ်၊ပ၊ ၁၃၊ ဥတ္တမပုရိသဒီပနီ ၁၃)

(၁)

ထိုနေ့က မထင်မှတ်ဘဲ မရိဟာနရဲစခန်းသို့ ရောက်သွားခဲ့သည်။ အမှန်အားဖြင့် ရဲစခန်း၊ ရုံးကန်ကလနား၊ တရားရုံး၊ ရပ်ကွက်ရုံး စသည့်နေရာများမှာ ရှောင်လွှဲ၍မရသည့်အခါမှသာ သွားလေ့ သွားထရှိ သည့် နေရာများဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုနေရာများကို မသွားလိုကြ။ ရုံးဝန်ထမ်းများမှ အပ စိတ်အားထက် သန်စွာဖြင့် ရဲစခန်းကို မည်သူမျှ သွားချင်ကြမည် မဟုတ်ပေ။ သို့သော်…သူ ကတော့ ထိုနေက မရိဟာနရဲစ ခန်းသို့ စိတ်အားထက်သန်စွာ သွားဖြစ်ခဲ့သည်။

(၂)

သံရုံးဝန်ထမ်းများ၏ ပြောပြချက်အရ သီရိလင်္ကာနိုင်ငံ မရိဟာနရဲစခန်း တွင် မြန်မာငါး ဖမ်း ရေလုပ်သား များရောက်ရှိနေသည်ဟု သိရသည်။ ငါဖမ်းရေလုပ်သားများမှာ ပင်လယ်ပြင် တွင် တစ်လကျော်မျောနေခဲ့ပြီး သီရိလင်္ကာနိုင်ငံရေလုပ်သားများက ကယ်တင်ထားခဲ့ကြသူများ ဖြစ် သည်။ သူတို့သည် ပင်လယ်ပြင်တွင် ၂၄ ရက်တိတိ မည်သည့်အစားအစာမျှ မစားခဲ့ရ။  ဆာလွန်းမက ဆာလာသည့်အခါ ပင်လယ်ရေ ကို ပေါင်းခံ၍သောက်ကာ အသက်ဆက်ခဲ့သူများ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ ရေပိုင်နက်ထဲရောက်လာ သည့်အခါမှသာ မိုးရေသောက်ခွင့်ရခဲ့သည်။

သို့သော် ထိုမိုးရေကိုလည်း လွယ်လွယ်ကူကူနှင့်ရခဲ့သည်တော့ မဟုတ်။ မိုးရွာနေသည့်အချိန် ဖာင်ခေါင် မိုးပေါ်တက်ကာ သက်စွန့်ဆံဖျား မိုးရေခံရသည်။ မိုးရေခံနေစဉ် ခေါင်းမိုးပေါ်က ပြုတ်ကျလျှင် ပင်လယ်ပြင် ကြီးထဲ သို့သာ။ ဖောင်ဘေးသို့ ငါးမန်းကြီးများ တကြိမ်တကြိမ်ပေါ်လာ တတ်သော်လည်း သူတို့အ တွက် ရွေးချယ်စရာနည်းလမ်းမရှိ။ သူတို့ကြုံတွေ့ခဲ့ရသည့် ဒုက္ခများကို စာဖွဲ့လျှင်ပင် မပြည့်စုံဟု တစ်ယောက် ကပြောသေးသည်။ ထိုသို့ဖြင့် ကမ်းမမြင်ရသည့် ပင်လယ်ပြင်တွင် တစ်လကျော်ကြာပြီးနောက် သူတို့သည် မသေကောင်း မပျောက်ကောင်း သီရိလင်္ကာနိုင်ငံ ရောက်လာခဲ့ကြသည်။ 

(၃)

သီရိလင်္ကာနိုင်ငံရောက်လာသည့် ရေမျောငါးဖမ်းလုပ်သားများမှာ ၇ ယောက်တိတိဖြစ်သည်။ လေးယောက် မှာ သီရိလင်္ကာနိုင်ငံ တောင်ဘက်ပိုင်း ဂေါမြို့ဆိပ်ကမ်း ရောက်လာခြင်း ဖြစ်သည်။ ကျန်သည့် သုံးယောက် မှာ သီရိလင်္ကာနိုင်ငံ၏ အရှေ့မြောက်ပိုင်း ထရန်ကိုမာလီဆိပ်ကမ်းရောက် လာခြင်း ဖြစ်သည်။ ထရန်ကို မာလီကမ်းရောက်လာသည့် သုံးယောက်ထဲမှ တစ်ယောက်မှာ နောက်ထပ်သုံးရက်ခန့် ပင်လယ်ပြင်တွင် ဆက်မျောနေပါက မျှော်လင့်ချက်မရှိတော့ဟု သိရသည်။ ကံကောင်းထောက်မစွာ ထရန်ကိုမာလီ ကမ်းရောက်ပြီး ရဲစခန်းမှ ဆေးရုံသို့ပို့ပေးခဲ့သည်။ သက်သာ လာသည့်အခါမှ ထရန်ကိုမာလီထောင်ထဲတွင် ထိန်းသိမ်းစောင့်ရှောက်ကာ မြန်မာသံရုံးကို အကြောင်းကြားခဲ့သည်ဟု သိရသည်။

ထိုအခါမှ တာဝန်ရှိသူများက ရေမျောငါးဖမ်းလုပ်သားများမှာ မြန်မာစစ် မစစ် သွားရောက်စစ် ဆေးခဲ့သည်။ ယနေ့အချိန်တွင် မြန်မာစစ် မစစ် စစ်ဆေးရန်မှာ လည်း လွန်စွာလိုအပ်နေသည့် အချိန်ပင် ဖြစ်သည်။ အ မည်အမျိုးမျိုးဖြင့် မြန်မာနိုင်ငံသားဖြစ်လို သူများ များစွာရှိသည်မဟုတ်ပါလား။ သံရုံးအရာရှိများ စစ်ဆေး ပြီးနောက်  မြန်မာများ စစ်မှန်သည့်အတွက် လိုအပ်သည့် အကူအညီများ ပေးအပ်ခဲ့သည်။ ထရန်ကိုမာ လီ ထောင်နှင့် ဂေါမြို့ရဲစခန်း တွင်ရောက်နေသည့် ရေမျောငါးဖမ်းလုပ်သားများကို ကိုလံဘိုမြို့အနီး တွင်ရှိ သည့် မရိဟာန ရဲစခန်းသို့ ပြောင်းနေခွင့်ရအောင် သံရုံးမှ ကူညီပေးခဲ့သည်။ 

မရိဟာနရဲစခန်း ရောက်လာသည့်အခါ သံရုံးမှ မြန်မာ့ရိုးရာအစားအစာများ၊ ကော်ဖီမစ်၊ ဆေးလိပ်၊ ကွမ်း၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ နှင့် လိုအပ်သည့်အခါသုံးနိုင်ရန် သီရိလင်္ကာရူပီး တစ်ထောင် နှုန်း ဖြင့် သွားရောက်ကူညီကြသည်။ ထို့နောက် မြန်မာနိုင်ငံ အမြန်ဆုံးပြန်ခွင့်ရအောင် ကူညီဆောင်ရွက် ပေးကြသည်။ သို့သော် ရဲစခန်းတွင်လည်း မြန်မာရေမျောငါးဖမ်းလုပ်သားများ ကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်နေကြသူများမှလည်း ဒုနှင့်ဒေးပင်။

ထို့ကြောင့် ရဲစခန်းရောက်နေသူများမှာ ထမင်းဝအောင် မစားရကြ။ ပိုက်ဆံရှိသူများမှာ ထမင်းမ၀သော် လည်း ပူစရာမလို။ ကိုယ်တိုင် ထွက်ဝယ်ကာ စားရုံသာ။ မြန်မာရေမျောငါးဖမ်းလုပ်သားများမှာ ပင်လယ်ပြင် တွင် မျောလာကတည်းက အ၀တ်တစ်ထည် ကိုယ်တစ်ခုကလွဲလို့ ပိုက်ဆံဆိုသည်မှာ ဗလာနတ္ထိ။ “မြေနိမ့်ရာလှံစိုက်” “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုသည့်စကားပုံများမှာ သူတို့အတွက် တမင်ရည်ရွယ် ကာ စပ်ခဲ့သလားဟုပင် ထင်ရသည်။
(၄)

မြန်မာရေမျောငါးဖမ်းလုပ်သားများ ထမင်းဝလင်အောင် မစားရသည့်အကြောင်း သံရုံးဝန်ထမ်းများ တဆင့် ကြားသိရသည့်အခါ သူ့ ဇာတိရပ်ရွာတွင် ပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသည့် မိဘဆွေမျိုးများကို သတိရဖြစ်သည်။ အကယ်၍များ..ရေမျောလုပ်သားများမှာ သူ၏ ဆွေမျိုး ဖြစ်ခဲ့လျှင်…..။ သူ တစ်ညလုံးလိုလို အိပ်မပျော်ခဲ့။ ကုတင်ပေါ်ဟိုဘက်လှည့် ဒီဘက်လှည့်နှင့် အ ချိန်ကုန်သွားခဲ့သည်။ မနက်လင်းကာနီးမှ အိပ်ပျော်သွားခဲ့သည်။ မနက်စောအိပ်ရာထပြီး ခေါင်းထဲ ချက်ချင်းရောက်လာသည်မှာ  ရေမျောငါးဖမ်းလုပ် သားများ ထမင်းဝအောင် မစားရသည့် အကြောင်းပင် ဖြစ်သည်။ 

ထိုအကြောင်းကို သူငယ်ချင်းများအား ပြောဖြစ်သည်။ ထို့နောက် သူငယ်ချင်းများနှင့် အတူ ကာလဒါန ငါးမျိုးအကြောင်းပြောဖြစ်သည်။ ကာလဒါနဆိုသည်မှာ ဂုဏ်ပကာသန ထည့်မတွက်ဘဲ လိုအပ်သည့်အရာ ကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့်သူများအား လှူဒါန်း ခြင်းဟု ဖွင့်ဆိုလျှင် မှားမည်မထင်ပေ။ ကာလ ဒါနငါးမျိုးတွင် “ဒုဗ္ဘိက္ခဒါန” ဟူသောဒါနတစ်မျိုးလည်း ပါဝင်သည်။ ဆိုလိုရင်းမှာ အစာရေစာရှားပါးနေ သည် ကို သိသည့်အခါ ပေးကမ်းလှူဒါန်းခြင်းဟူ၍ ဖြစ်သည်။ သူငယ်ချင်းများ နှင့် ကာလဒါနအကြောင်း များ ပြောဖြစ်ပြီးနောက် ရေမျောငါးဖမ်း လုပ်သားများအား တက်နိုင်သရွှေ့ စုပေါင်းကာ လှူဒါန်းကြမည်ဟု ပုဗစေတနာပြဌာန်းကာ ဆုံးဖြတ်ခဲ့ကြသည်။ 

ထို့သို့ဆုံးဖြတ်ပြီး အခြားသော သူငယ်ချင်းများကို ချက်ချင်း အကြောင်းကြား ဖြစ်သည်။ အများစု မှာ စေတနာထက်သန်စွာ လှူဒါန်းကြသည်။ အလှူငွေများ မျှော်လင့်ထားသည် ထက်ပိုကာ မြန်မာငွေ ကိုးသိန်းခန့်နှင့်ညီမျှသည့် သီရိလင်္ကာရူပီး(၉၀၀၀၀)တိတိ ရလာသည်။ ရလာသည့်အလှူငွေများကို မြန် မာရေမျောငါးဖမ်းသမားများအား  တစ်ယောက်တစ်သောင်းနှုန်းစီ (မြန်မာငွေ တစ်သိန်းနှုန်း စီခန့်) ၀မ်းမြောက်ဝမ်းသာစွာ လှူဖြစ်ကြသည်။ တစ်ယောက်တစ်သောင်းစီလှူပြီး ပိုသည့်သီရိလင်္ကာရူပီး (၂၀၀၀၀) တိတိကို မြန်မာသံရုံးမှ အရာရှိအား ပေးအပ်ခဲ့သည်။ ထိုငွေများဖြင့် အရာရှိမှ ရေမျောငါးဖမ်း လုပ်သားများ အပြန်လေယာဉ်ပေါ်တွင် ၀တ်ဆင်ရန် ဘောင်းဘီ စသည်များ ၀ယ်ယူလှူဒါန်းမည် ဖြစ်သည်။ 

အလှူငွေများ လှူဒါန်းစဉ် ကိုရင်ငယ်ဘ၀က သင်ခဲ့ဖူးသည့် လောကနီတိ၊ မိတ္တကဏ္ဍလာ မိတ် ဆွေစစ် မိတ်ဆွေကောင်းအဖြစ်တိုင်းတာရန် သတ်မှတ်ထားသည့် “ရောဂါတုရေစ ဒုဗ္ဘိက္ခေ ဗျသနေစ သတ္တုဂ္ဂဟေ၊ ရာဇဒွါရေ သုဿာနေစ ယေ တိဋ္ဌန္တိ သုမိတ္တကာ” ဟူသော ဂါထာကို သတိရဖြစ်သည်။ ဆိုလိုရင်းမှာ အနာရောဂါဖြစ်နေသည့်အခါ၊ အစာရေစာရှားပါးနေသည့်အခါ၊ ဗျသနတရာများနှိပ်စက်ခံနေရသည့်အခါ၊ ရန်သူ့လက်အတွင်းကျရောက်ကာ ခိုကိုးရာမဲ့ဖြစ်နေသည့် အခါ၊ အမှုရင်ဆိုင်နေရသည့်အခါ နှင့် နာရေးကိစ္စ များကြုံလာသည့်အခါ ဖေးမကူညီကာ မားမားမတ်မတ်ရပ်တည်ပေးသူများသာ မိတ်ဆွေကောင်းမည် သည်ဟူ၍ ဖြစ်သည်။  

ဘ၀၏လွတ်မြောက်မှုမရသေးသည့် သံသရာခရီးသွားဖော်အချင်းချင်း မိတ်ဆွေကောင်းဖြစ်ခွင့် ရခြင်း အတွက် သူ ၀မ်းသာရသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း မိတ်ဆွေကောင်းနှင့် သာ ပေါင်းသင်းဆက် ဆံ ခွင့်ရပါက လောကီကောင်းကျိုးချမ်းသာများ ရာနှုန်းပြည့် ပြည့်စုံနိုင်သည်ဟု သံယုတ္တနိကာယ်၊ ကလျာဏ မိတ္တသုတ်တွင် မိန့်တော်မူခဲ့သည် မဟုတ်ပါလား။

(၅)

အလှူရေစက် လက်နှင့်မကွာပြုလုပ်လေ့ရှိသော မြန်မာများမှာ လှူရတန်းရမည်ဆိုလျှင် အတင်းအကြပ်တိုက် တွန်းစရာမလိုကြ။ ရက်ရောစွာ ပေးလှူလေ့ရှိကြသည်။ သို့သော်လည်း အများစုမှာ သဒ္ဓါနှင့် ပညာကို မျှတ စွာကျင့်သုံးလေ့မရှိကြ။ မဏ္ဍပ်တိုင်တက်ပြရန်နှင့် မိမိတို့နာမည် ကောင်းရရေး၊ ဂုဏ်သတင်းကျော်စောရေး အတွက်သာ လှူလိုကြသည်။ ထိုကဲ့သို့ ဂုဏ်သတင်း ကျော်စောခြင်းကို မျှော်လင့်တောင့်တကာ ပြုလုပ် သည့်ကုသိုလ်များအား ယသကာမတာယ ပ၀တ္တိတံ ဟီနံ” အညံ့စား အနိမ့်စား ကုသိုလ်သာဖြစ်သည်” ဟု ပါဠိစာပေများတွင် ဖော်ပြထား သည်။  

သို့သော်လည်း မြန်မာအများစုမှာ ထိုသဘောတရားများကို နားမလည်ကြ။ နာမည်ကြီး ဆရာတော်များမှ လှူချင်သည်။ နှစ်လုံး သုံးလုံးချဲဂဏန်းပေးသည့်ဘုန်းကြီးများနှင့် ဗေဒင်ယတြာ ဘုန်းကြီးများကိုလှူမှ အကျိုးရှိ သည်ဟု အယုံလွန်ကြသည်။ သာသနာ့ရေသောက်မြစ်သဖွယ်ဖြစ် သော စာသင်သား ရဟန်းသာမဏေများ အား မလှူလိုကြ။  မိဘမဲ့ဂေဟာများတွင် မလှူလိုကြ။ ကမ္ဗည်း စာတမ်းလူမြင်သာသည့်နေရာမှသာ လှူချင် သည်။ ကမ္ဗည်းထိုးမပေးသည့်အခါ မလှူလို ကြ။  စေတီပုထိုးများလှူမှသာ ကုသိုလ်ရသည်ဟု အယူသီးကြ သည်။ စာကြည့်တိုက်အတွက် အလှူခံလျှင် မထည့်ချင်ကြ။  ဘုန်းတော်ကြီးကျောင်းဆောင် ဆောက် လုပ်သည့်အခါမှသာ လှူချင် ကြသည်။ ရပ်ရွာအတွက် အမှန်တကယ်လိုအပ်သည့် စာသင်ကျောင်းနှင့် ကုဋီအိမ်သာများ ဆောက်လုပ်ရာတွင် မလှူချင်ကြ။  ရပ်ရွာအတွင်း လမ်းတံတားများပြင်ရန်အတွက်ဆိုလျှင် လှူဒါန်းရန် ၀န်လေးကြသည်။

 မြန်မာအများစုမှာ သဒ္ဓါတရားများရှိကြသော်လည်း ပညာနည်းကြသည်။ သဒ္ဓါလွန်ကဲ ပညာနည်း အလွဲ လွဲဖြစ်တတ်သည် မဟုတ်ပါလား။   ထို့ကြောင့်ပင် ဆရာဇော်ဂျီက တို့တိုင်းပြည်ကဗျာတွင် “တို့ရွာ တို့မြေ တို့ရွာမြေ၀ယ်၊ စေတီစပါး များလည်းများ၏၊ များပါလေလဲ တမွဲမွဲနှင့်၊ ဆင်းရဲကာသာ ကာလကြာလျှင်၊ ယာစကာမျိုး တညှိုးညှိုးနှင့်၊ ပုထိုးမြင့်မောင်း ကျောင်းကြို ကျောင်းကြား၊ လှည့်လည်သွားလျက်၊ မစားလေရ ၀မ်းမ၀၍၊ ဆွမ်းမျှမတင်နိုင် ရှိမည် တည်း” ဟု ဆိုထားခဲ့ခြင်း ဖြစ်သည်။ 

(၆)

ရဲစခန်းကအပြန်တွင် သူ၏စိတ်များ လွတ်လပ်ပေါ့ပါးနေသည်။ ၀မ်းမြောက်ဝမ်းသာဖြစ်နေသည့် သူတို့၏ မျက်နှာများကို မြင်ယောင်ရင်း ကြည်နူးရသည်။ အမှန်အားဖြင့် မစည်ကားသင့်သည့် နေရာများတွင် အပါအ ၀င်ဖြစ်သော ရဲစခန်းများကို သူ မသွားချင်ပါ။ သို့သော် အမှန်တကယ် အတိဒုက္ခရောက်နေသူများကို သံသ ရာခရီးသွားဖော်မိတ်ဆွေကောင်းတစ်ယောက်အနေနှင့် သွား ရောက်ကူညီခွင့်ရမည်ဆိုပါလျှင် စိတ်အား ထက်သန်စွာဖြင့် သူ နောက်ထပ်လည်း သွားဖို့ကြိုးစား နေဦးမည်သာ ဖြစ်ပါသည်။ ။

0 comments:

Post a Comment