စိတ္တလပဗ္ဗတသို့ ဒုတိယအကြိမ်
မထင်မှတ်ဘဲ တရားထိုင်သွားတဲ့သူငယ်ချင်းများ သွားကြိုရင်း စိတ္တလပဗ္ဗတတောင်ကို ဒုတိယအ ကြိမ်ရောက်ဖြစ်ပြန်ပါတယ်။ အရင်တခါရောက်ဖြစ်တုန်းက ဒီနေရာ ဒီဒေသကို နောက်ထပ် လာဖြစ်လိမ့်မယ် လို့ ထင်မထားခဲ့ပါဘူး။ ထင်မထားတဲ့အရာတွေ ဖြစ်လာတက်တဲ့ သဘာဝအတိုင်း ၂၀၁၂ ခုနှစ်မှာ နောက်တ ကြိမ် ရောက်လာခဲ့ပါတယ်။ အခု နောက်ထပ်တစ်ခါ စိတ္တလပဗ္ဗတတောင်ကို သွားဖို့ဖန်လာတာကတော့ သူငယ်ချင်းဖြစ်သူ ဦးပညာဓဇတရားအားထုတ်ချင်တဲ့စိတ်က စလာတာပါပဲ။
စာရေးသူတို့ကိုလိုက်ပို့တဲ့ သီဟိုဠ်ဦးဇင်းတစ်ပါးကတော့ ကျောင်းတော်ရဲ့အနီးတ၀ိုက်မှာ သဘာဝလိုဏ်ဂူပေါင်း ၁၆၀ ကျော်ခန့်ရှိတယ်လို့ ပြောပြပါတယ်။ တစ်ချို့နေရာများမှာရှိတဲ့ သဘာဝကျောက် ဂူများကို တောရိုင်းတိရစ္ဆာန်များ ဘေးရန်က ကင်းအောင် အကာအရံများပြုလုပ်ထားတာ ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ တစ်ချို့ကျောက်တောင်များပေါ်မှာ စေတီများကို ဖူးမြင်ရပြီး ကျောင်းတော်ကြီးအနီးက ကျောက်တောင်ပေါ်မှာရှိတဲ့ စေတီကတော့ အကြီးဆုံးဖြစ်ပါတယ်။ အဲဒီစေတီကြီးကို က၀ံတိဿမင်း ၃ ရာစုခန့်က တည်ထားခဲ့တာဖြစ်ပြီး အနီးတ၀ိုက်မှာ ရှိတဲ့ စေတီငယ်များကိုတော့ ၀ါသဘမင်း (၆၇-၁၁၁) က တည်ထားခဲ့ပါတယ်။ ၀ါသဘမင်းဟာ စေတီပေါင်း ၁၀၀၀ တည်ခဲ့ပြီး ဒါတောပတိဿမင်းက စေတီများထိန်းသိမ်းစောင့်ရှောက်ရန်အတွက် လယ်ယာများနဲ့ အတူ ကျေးရွာများကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့သမိုင်းကြောင်းအရ အရှင်သံဃရက္ခိတမထေရ်နာမကျန်းဖြစ်ပြီး ဒီတောင်မှာ သီတင်းသုံးနေတုန်း ရဟန္တာပေါင်း ၈၀၀၀ ခန့်နဲ့အတူ သိကြားမင်းပါ လာရောက်ပြီး မထေရ်မြတ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်လို့ ဆိုကြပါသေးတယ်။
သီရိလင်္ကာအစိုးရက စိတ္တလပဗ္ဗတတောင်ဒေသကို ယလအမျိုးသားဥယျာဉ်အဖြစ်သတ် မှတ်ကာ တောရိုင်းတိရစ္ဆာန်များကို ဘေးမဲ့ပေးထားလို့ စိတ္တလပဗ္ဗတတောင်ဟာ သီရိလင်္ကာနိုင်ငံ ရဲ့အကြီးမားဆုံးတောကြီး ဖြစ်နေပါတယ်။ သီရိလင်္ကာနိုင်ငံသားများဟာ တောငှက်တိရစ္ဆာန် များကို ဘေးမဲ့ပေးထားတယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို တောကြီးတွေထဲမှာတင် မဟုတ်ဘဲ မြို့တော်ကိုလံဘိုရဲ့တစ်ချို့နေရာများမှာတောင် ကားလမ်း ဖြက်ကူးနေတဲ့ ဖွတ်စတဲ့သတ္တ၀ါများ ကို တွေ့နိုင်လို့ဖြစ်ပါတယ်။ စာရေးသူတို့မြန်မာနိုင်ငံမှာထက် အဟိံသတရားထွန်းကားတယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ စာရေးသူတို့လည်း စိတ္တလပဗ္ဗတတောင်သွားရာ တောလမ်းထဲရောက်လာတော့ လမ်းဘေးမှာ ကျက်စားနေတဲ့ တောငှက်တိရစ္ဆာန်များကို ဓာတ်ပုံရိုက်လိုက်ကြပါသေးတယ်။
ကပ္ပိယများကပ်တဲ့ Sri Lanka tea သောက်ပြီးတာနဲ့ သူငယ်ချင်းများ တရားအားထုတ်ရာ လိုဏ်ဂူများဘက် ကို လေ့လာကြပါတယ်။ သီဟိုဠ်လက်ထောက်ဘုန်းကြီးလိုက်ပို့လို့သာ ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ လိုဏ်ဂူများအားလုံးနီးပါးရောက်ခဲ့ရပြီး စာရေးသူတို့ ကိုယ်တိုင်သွားရမယ်ဆိုရင် သွားတတ်မှာ မဟုတ်ပါဘူး။
ညနေ ၅နာရီကျော်လောက်မှာ ဦးပညာဓဇတရားထိုင်ရာ လိုဏ်ဂူကိုသွားရောက်လေ့လာ ကြပြီးနောက် တောင်အောက်ကိုပြန်ဆင်းကာ ညလုံးပေါက်အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် ပြင်ဆင် ကြပါ တယ်။ ညနေ ၆ နာရီကနေ မနက် ၆နာရီအထိ ပဋ္ဌာန်းရွတ်ဖို့စီစဉ်ထားပေမဲ့ ဆင်ဟာလလက်ထောက်ဦးဇင်းက သူလည်း ပဋ္ဌာန်းရွတ်ချင်ပါတယ် သူ့ကိုစောင့်ပါဦးလို့ ဆိုတာနဲ့ ၆ နာရီခွဲမှ စဖြစ်ပါတယ်။ ၆နာရီကျော်ကျော်လောက်မှာ သင်္ကန်းလေးစုံ၊ ပဋ္ဌာန်းစာအုပ်များ၊ ဘုရားကိုဆီမီးပူဇော်ဖို့ ဆီမီးခွက်များ ဆီဗူးများနဲ့အတူ သူငယ်ချင်းတစ်စုပျော်ရွှင်စွာပဲ ဘုရားပေါ်တက်ခဲ့ကြပါတယ်။ ဦးပညာဓဇရဲ့ဒကာမကလည်း စာရေးသူတို့ပဋ္ဌာန်းရွတ်တုန်း ရင်ပြင် တော်မှာထိုင်ဖို့ ဖုံများသယ်လာပါတယ်။
ဘုရားရင်ပြင်တော်ရောက်တာနဲ့ ဘုရားရှိခိုး၊ နတ်ပင့်ကာ ပစ္စယနိဒ္ဒေသကို အားလုံးညီညာစွာရွတ်ဆို ပူဇော်ပြီး ဘုန်းကြီးဦးဝေပုလ္လက အစဆုံးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါတယ်။ ဘုန်းကြီးဦးဝေပုလ္လပဋ္ဌာန်းရွတ်ပြီး သီဟိုဠ်လက်ထောက်ဦးဇင်း ရွတ်ပါတယ်။ စာရေးသူတို့ သိသလောက်ပြောရရင် သီဟိုဠ်ကျွန်းမှာ ပရိတ်ပွဲသာရှိပြီး ပဋ္ဌာန်းပွဲကို မတွေ့ဖူးပါဘူး။ အဲဒါကြောင့် သီဟိုဠ်ဦးဇင်းရဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံဟာ စာရေးသူတို့အတွက် ထူးဆန်းနေခဲ့ပါတယ်။ ၀ိနည်းနဲ့ အဘိဓမ္မာ ကွယ်ပျောက်လုမတတ်ဖြစ်နေတဲ့ သီဟိုဠ်မြေမှာ ပထဆုံးကြားလိုက်ရတဲ့ သီဟိုဠ်ရဟန်းတော်တစ်ပါးရဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သံနဲ့အတူ “မင်းဟာ သီဟိုဠ်မြေမှာ ပထမဆုံးပဋ္ဌာန်းရွတ်ဖတ်သူပဲ” လို့ ထုတ်ဖော်ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဦးဥက္ကံသရဲ့ ရင်တွင်းစကားကလည်း စာရေးသူတို့ကို တစ်ခုခုလုပ်ဖို့ တွန်းအားပေးနေသလိုလိုပါ။
စာရေးသူတို့က ဆီမီးခွက် ၂၀၀ မီးပူဇော်ရမှာမို့ စေတီခြေရင်းနားက သီးသန့်နေရာမှာ မပူဇော် ဘဲ စေတီတက်ရာလှေကားထစ်များမှာ ပူဇော်လိုက်ကြပါတယ်။ စာရေးသူတို့ လှေကားထစ် တစ်လျှောက်မှာ ဆီမီးပူဇော်နေတဲ့အချိန်မှာ လေက တစ်ဝှီးဝှီးနဲ့မို့ ရှေ့ကမီးထွန်း နောက်က မီးငြိမ်းနဲ့ ကရွတ်ကင်းလျှောက်သ လို သံသရာလည်နေပါတော့တယ်။ နောက်ဆုံးတော့ သူငယ်ချင်းဖြစ်သူ ဦးသာသန(ဖျာပုံ)က “ကိုကိတ္တိရေ ကျုပ်တို့ ဒီလိုလုပ်နေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး၊ အဲဒီတော့ မီးငြိမ်းတဲ့ ဆီမီးခွက်တွေကို ပြန်ယူပြီး စေတီခြေရင်းနားက အကာအရံရှိတဲ့ လှေကားထစ်တွေမှာစုပြီး မီးပူဇော်မှ အဆင်ပြေမယ်နဲ့တူတယ်” လို့အကြံပေးပါတယ်။ စာရေးသူတို့လည်း ဦးသာသနအကြံပေးတဲ့အတိုင်း မီးငြိမ်းတဲ့ဆီမီးခွက်တွေပြန်ကောက်ပြီး စေတီခြေရင်းနားမှာ ဆီမီးခွက်လေးခွက်စီစုပြီး စီတန်းကာ မီးပူဇော်လိုက်ကြပါတယ်။ အဲဒီအခါကျမှပဲ အားလုံးအဆင်ပြေသွားပါတော့တယ်။
ဂေါမြို့ ကမ်းခြေနဲ့ ပေါ်တူဂီခံတပ်ကို ရောက်တော့ ၃ နာရီထိုးပြီးနေပါပြီ။ ဦးသာသနနဲ့ စာရေးသူက မကုဋာရာမမြန်မာကျောင်းရောက်မှပဲ ဆင်းတော့မယ်လို့ စိတ်နှလုံးချကာ အောက်ကိုမဆင်းတော့ဘဲ ကားပေါ်မှာ ဆက်အိပ်နေလိုက်ပါတယ်။ ကိုလံဘိုမြို့ကို နောက်ထပ်တစ်နာရီခွဲအတွင်းမှာရောက်အောင်လို့ ဟိုက်ဝေးလမ်းမကြီးက မောင်းမယ်လို့ ကားသမားပြောသံကို အိပ်ပျော်နေရင်းက အိပ်မက်လိုလို ကြားလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံ ပြည်တွင်းစစ်ပြီးတော့ ဆယ်နှစ်အတွင်းမှာ စင်္ကာပူနိုင်ငံကို မှီရမယ် လို့ကြုံးဝါးပြီး ဟိုက်ဝေးလမ်းတွေကို လိုက်ပြင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ သီရိလင်္ကာနိုင်ငံသားတွေ ကိုလည်း ကိုယ့်နိုင်ငံနဲ့ယှဉ်ပီး မနာလိုဖွယ်ရာတွေ့ခဲ့ရပါသေးတယ်။
ကားသမားပြောတဲ့အတိုင်းပါပဲ။ တစ်နာရီခွဲကျော်လောက်ကားစီးပြီးတော့ ကိုလံဘိုဘက်ကို ပြန်ရောက်လာ ပြီး ဦးပညာဓဇရဲ့ဒကာမ တည်းတဲ့အိမ်ကို အရင်ဆုံးသွားကြပါတယ်။ ထုံးစံအတိုင်း ဦးသာသနနဲ့ စာရေးသူက အောက်ကိုမဆင်းတော့ဘဲ ဆက်မှိန်းနေလိုက်ကြပါတယ်။ စာရေးသူနဲ့ ဦးသာသနကတော့ ကားပေါ်မဆင်းပဲ နေလိုက်ပါတယ်။ ကျန်တဲ့အရှင်ဘုရားများကတော့ ကားပေါ်ကဆင်းပြီး ဦးပညာဓဇရဲ့ ဒကာမအိမ်မှာ ခဏလောက် နားကြပါသေးတယ်။ အဲဒီနောက်မှ မကုဋာရာမမြန်မာကျောင်းကို ခရီးဆက်ကြပါတယ်။ ညနေ ၅ နာရီကျော်ကျော်လောက်မှာ မကုဋာရာမမြန်မာကျောင်းပြန်ရောက်ခဲ့ပြီး ဘုန်းကြီးဦးဝေပုလ္လ၊ ဦးပညာဓဇနဲ့ ဦးဇိန၀ံသတို့ရဲ့ တရားထိုင်သွားတဲ့ဓမ္မခရီးဟာလည်း အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။ ။