Sunday, February 2, 2014

ရေကြည်ရာ မြက်နုရာ







(၁)

သူ မြန်မာနိုင်ငံမှာရှိနေစဉ်က “ရေကြည်ရာ မြက်နုရာ” ဆိုသည့် စကားလုံးလေးကို တခုတ်တရ သတိမထား မိခဲ့ဟု ရိုးသားစွာဝန်ခံရမည် ဖြစ်သည်။ ထိုစကားလုံးလေးကို  သတိထားမိချိန်မှာ ၂၀၁၀ ခုနှစ်တွင် ဖြစ် သည်။ ထိုနှစ် ကျောင်းပိတ်ချိန်တွင် သူငယ်ချင်းနှင့်အတူ မလေးရှားနိုင်ငံ၊ စင်္ကာပူ နိုင်ငံတို့ကို သွားဖြစ် သည်။

(၂) 

မလေးရှားနှင့်စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်နေသည့် မြန်မာအမြောက်အမြားကို တွေ့ခဲ့ရသည်။ အထူး သဖြင့် မလေးရှားတွင် အလုပ်လုပ်နေသည့်မြန်မာများမှာ ပို၍များသည်ဟု သူ ထင်သည်။ သို့ သော် သူ သိ ရသလောက် ကာယအလုပ်သမားများမှာ  အများစုဖြစ်သည်။   ဥာဏအားဖြင့် အဆင့်မြင့်မြင့် အသက်မွေး ၀မ်းကြောင်းပြုသူများမှာ မရှိသလောက်ပင် ဖြစ်သည်။  ကာယအလုပ် သမားတို့သည် ကာယ အားကိုးဖြင့် သာ  အသက်မွေးဝမ်းကြောင်းပြုရသည့်အတွက် ဘ၀ကို ခါးသီးစွာ ဖြတ်သန်းနေရသူများဟု ပြောလျှင် မှားမည်မထင်ပါ။ မလေးရှားရောက်တုန်းရောက်ခိုက်တွင် သူတို့နှင့် ပွင့်လင်းစွာ စကားပြောဖြစ်ခဲ့သည်။ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသည့် သူတို့၏ဘ၀အမောများကို စိတ်ဝင်စားစွာ နားထောင်ဖြစ်ခဲ့သည်။

သူတို့နှင့် စကားပြောရင်း သိလာရသည်မှာ သူတို့သည် “ရေကြည်ရာ မြက်နုရာ”ရှာကြရင်း မလေးရှား ကိုလာကြခြင်းပင် ဖြစ်သည်။ သို့သော် သူတို့ရှာနေသည့် “ရေကြည်ရာမြက်နုရာ”ကို တွေ့သူမှာ အနည်းစု သာဖြစ်သည်။ အများစုမှာ ရေခြားမြေခြားတွင် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်ကြ ရပြီး ရောက်သည့်နေ ရာမှာ ကြုံရာအလုပ်ဖြင့် ဘ၀ကို ဖြစ်သလိုရုန်းကန်နေကြရသည်။ ထိုသို့ ဘ၀က ထင်ထားသလို မဖြစ်သည့် အခါ  အများစုက အရက်ယမကာများ မှီဝဲခြင်းဖြင့် မိမိတို့၏ ဘ၀ဒုက္ခများကို မေ့ဖျောက်ဖို့ ကြိုးစားကြ သည်။ 

ထိုအခါ    “စိတ်ညစ်လို့ အရက်သောက်၊ အရက်သောက်လို့ စိတ်ညစ်” ဆိုသည့် သံသရာဝဲဂယက်ထဲမှ ရုန်းမထွက်နိုင်ဖြစ်နေသည့်သူများကိုလည်း တွေ့ခဲ့ရသည်။ သူတို့ဘက်ကကြည့်လျှင်လည်း မျိုးစုံ ကြုံတွေ့နေရသည့် အခက်အခဲပေါင်းများစွာ၊ ဖိအားပေါင်းများစွာ အောက်တွင် စိတ်ညစ်သည့် သံသရာက ထွက်ဖို့ဆိုသည်မှာ အတော်ပင်မလွယ်သော အလုပ်ဖြစ် သည်။

ထို့အပြင် သူတို့မှာ အကြောက်တရားများနှင့်သာ နေ့စဉ်ရှင်သန်ရသည်။ ပတ်စ်ပို့ကိုင်ကာ တရား ၀င် နေထိုင်ခွင့်ရသော်လည်း အပြစ်မရှိအပြစ်ရှာကာ ငွေညှစ်လေ့ရှိသည့် မလေးရှားရဲကိုကြောက် ရသည်။ အော်ပရာစီ(လှည့်ကင်း)၀င်မည်ကိုလည်း ကြောက်ရသည်။ အလုပ်ရှင်ကိုလည်း ကြောက် ရသည်။ ခေါင်းပုံဖြတ်မည့် မြန်မာအချင်းချင်းကိုလည်း ကြောက်ရသည်။ ပွဲစားကိုလည်း ကြောက်ရသည်။ မည်သည့်နေရာသွားသွား လုံခြုံမှုနှင့်ပတ်သက်ပြီး အာမမခံရဲ။ 

ပြဿနာများ ဖြစ်လာပါက  မြန်မာနိုင်ငံသားအားလုံး၏ အားထားရာဖြစ်သည့်မြန်မာသံရုံးကိုလည်း ထင် သလောက် အားကိုး၍မရ၊ သတ်မှတ်ထားသည့်ဘောင်အတွင်းကသာ ကူညီနိုင်သည်။ ထိုထက်ပိုကာ မျှော် လင့်၍ မရ။  “ဆူးပေါ်ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျ လည်း ဖက်ပေါက်” ဟူသော မြန်မာစကားပုံမှာ သူတို့အတွက် ရည်ရွယ်ခဲ့သလားဟုပင် ထင်ရသည်။ တရားမ၀င်နေထိုင်ကာ အလုပ်လုပ်ရသော ပတ်စ်ပို့မ ရှိသူများဆိုလျှင် တွေးဝံ့စရာပင်မရှိ။ ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက လည်စင်းခံရုံမှတပါး ရွေးချယ်စရာ အခြားနည်းလမ်းမရှိ။ “မြန်မာနိုင်ငံမှာသာ ဒီလိုနေပူမိုးရွာမရှောင်အဆင်းရဲခံကာ အလုပ်လုပ်လျှင် ဒီထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာနိုင် တယ်” ဟု ပွင့်အံကျလာသည့် သူတို့၏ နောင်တများအတွက် ၀မ်းနည်းမိရုံကလွှဲပြီး နှစ်သိမ့်ပေးစရာ စကားလုံး သူ ရှာမတွေ့ခဲ့။ 

(၃) 

ထိုသို့ သူတို့၏ ခါးသီးလှသည့်ဘ၀အကြောင်း ထွေရာလေးပါး ပြောဆိုကြပြီးသည့်နောက် စကားဝိုင်းက ဘာသာရေးဆီသို့ ဦးတည်သွားသည်။ အကြောင်းအမျိုးအမျိုးကြောင့် နိုင်ငံရပ်ခြားတွင် စီးပွား ရှာနေကြသော်လည်း ဘာသာရေးနှင့်ပတ်သက်လာလျှင် ရေရေရာရာ တိတိကျကျ ဂဃနဏ မသိကြ၊ ဘာ သာရေးအသိအမြင် အားနည်းလွန်းလှသည်ကို သတိထားမိသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်၍ အကြမ်းဖျင်းအားဖြင့် ကုသိုလ် ကောင်းမှုများပြုလုပ်ရမည့် အကြောင်းတော့ သိသည်။ ၀ါရိတ္တသီလ ဟု ခေါ်သည့် ငါးပါးသီလ အကြောင်းများလောက်တော့ သိသည်။ သို့သော် ဘ၀ကြီးပွားတိုး တက်ဖို့ လိုအပ် သည့် ဖြည့်ကျင့်ရမည့် စာရိတ္တသီလများကိုတော့ လိုက်နာကျင့်သုံးရမှန်းပင် မသိကြ။ သံသရာခရီးသွား အချင်းချင်း ကူညီရိုင်းပင်းလျှင်လည်း စာရိတ္တသီလကျင့်သုံးခြင်းပင် ဖြစ်သည်ကို သူတို့ သဘော မပေါက်ကြ။ 

အမှန်အားဖြင့် စာရိတ္တသီလဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် အထူးအဆန်းကြီးတော့ မဟုတ်။ စာရိတ္တသီလဟုပြောခြင်းကြောင့်သာ သူတို့အတွက် နားစိမ်းနေကြခြင်း ဖြစ်သည်။ ကလေး သူငယ်များ ၏ ကျောင်းသုံးဗလာစာအုပ်နောက်ကျောတွင် ပုံနှိပ်ထားသည့် မိဘကျင့်ဝတ်၊ သားသမီး ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည် တို့မှာ စာရိတ္တသီလများပင် ဖြစ်သည်။ ထိုထိုသော ကျင့်ဝတ်များမှာ သိင်္ဂါလောဝါဒသုတ်လာ စာရိတ္တသီလ များ ကို ရှေးမြန်မာပညာရှိကြီးများက မြန်မာများနှင့်အကျွမ်းတ၀င်ဖြစ်အောင် ကဗျာစပ် ထားကြခြင်း ဖြစ် သည်။ သူ သတိထားမိသလောက်တော့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအများစုသည် ဗုဒ္ဓဘာသာတို့၏ လူမှုရေး၊ စီးပွားရေးကျင့်စဉ်ကို ထင်ဟပ်စေရုံသာမက မိမိ၏ဘ၀ရပ်တည်မှုကိုပါ အဆင့်မြင့်တင်ပေးနိုင်သည့် သိင်္ဂါလောဝါဒသုတ်လာ အဆိုပါကျင့်ဝတ်များကို လက်တွေ့ လိုက်နာသူ ရှားပါးလွန်းလှသည်။

နိုင်ငံရပ်ခြားတွင် စီးပွားရှာသူဖြစ်စေ ပညာရှာသူဖြစ်စေ အရေးအကြောင်းဆိုလျှင် မိမိတို့အနီးတွင် ကူညီစောင့်ရှောက်မည့် မိဘညီအစ်ကိုမောင်နှများများ များသောအားဖြင့် မရှိကြ။ ထို့ကြောင့် “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း” ဟူသော စကားပုံအတိုင်း မိတ်ဆွေအချင်းချင်းကိုသာ အားကိုး အားထားပြုရသည်။ ထို့ကြောင့် မိတ်ဆွေကျင့်ဝတ်များကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုလာသည်။ မိမိကိုယ်တိုင် မိတ်ဆွေကောင်းပီသမှ မိတ်ဆွေကောင်းများကိုတွေ့နိုင်မည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိတ်ဆွေကျင့်ဝတ်မှာလည်း ရိုးရိုးကလေးသာဖြစ်သည်။  ယင်းမှာ ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင် ရွက်၊ နှုတ်မြွတ်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ ကျင့်လေ မိတ်သဟာ ဟူ၍ ဖြစ်သည်။ 

ထိုတွင် ပေးကမ်းချီးမြင့်ခြင်း ဆိုသည်မှာ ငွေကြေးအားဖြင့် ပေးကမ်းမှ ပေးကမ်းသည်ဟု မ ဆိုနိုင်ပေ။ နှုတ်၏စောင်မခြင်း၊ ကိုယ်၏စောင်မခြင်းတို့မှာလည်း ပေးကမ်းခြင်းတစ်မျိုးပင်ဖြစ်သည်ဟု သူ ယူဆ သည်။ သူ သတိထားမိသလောက် မလေးရှားတွင် တစ်ချို့တစ်ချို့သော မြန်မာများ မှာ နှုတ်၏ စောင်မ ခြင်း ကိုယ်၏စောင်မခြင်းများ မရှိကြ။  အကူအညီပေးသယောင်ယောင်ဖြင့် အခွင့် အရေးရသည်နှင့် အချင်းချင်း ခေါင်းပုံဖြတ်ကြသည့်သူများပင် ရှိနေကြသည်။ ဗုဒ္ဓဘာသာအလိုအရ ထိုသူများသည်  ရှောင်ကြဉ်ရမည့် မိတ်ဆွေတုများဟု ရှင်းရှင်းလင်းလင်းပင် သတ်မှတ်ထားသည်။

စစ်မှန်သောမိတ်ဆွေတို့သည် မိမိတို့နှင့်အတူနေသူများ အခက်အခဲများနှင့် ကြုံတွေ့ကြသောအခါ အကူအညီပေးလေ့ရှိကြသည်။ မြတ်ဗုဒ္ဓက…
(၁) ကျန်းမာရေးများ မကောင်းသည့်အခါ
(၂) ငတ်မွတ်ခေါင်းပါးဘေး ဖြစ်သည့်အခါ
(၃) စီးပွားရေးများ ပျက်ပြားသွားသည့်အခါ
(၄) ရန်သူ့လက်တွင်း ကျရောက်နေသည့်အခါ
(၅) တရားရုံးတွင် အမှုကိစ္စများရင်ဆိုင်နေရသည့်အခါ
(၆) နာရေး ကိစ္စများကြုံရသည့်အခါတို့တွင် ကိုယ်ရောစိတ်ပါ အပြည့်အ၀ အကူအညီပေးများကိုသာ မိတ်ဆွေစစ်ဖြစ်သည်ဟု ခွဲခြားပေးထားသည်။  

သို့သော် အများအားဖြင့် မြန်မာများမှာ အထက်ပါဘေး ရန်များ ကြုံလာသောအခါ အချင်းချင်းဖေးမ ကူညီကာ ရှေ့မှမားမားမက်မက်ရပ်တည်ပေးလိုခြင်း မရှိကြ။ ရေနစ်သူ ၀ါးကူထိုးလိုသူများသာ အတွေ့များ သည်။ ထိုနေ့က သူတို့နှင့် ဘာသာရေးအကြောင်းများဆွေးနွေးရာတွင်လည်း ဘာသာရေးကပေးနိုင် သည့် လောကီကြီးပွားရေးအကြောင်း တို့ကိုသာ အဓိကထားပြောဖြစ်သည်။ သို့သော် သူ့တို့သည် စီးပွား ရှာနေကြသူများဖြစ်ကြသော်လည်း ဒီဃဇာနုသုတ်လာ ဗုဒ္ဓ၏ကြီးပွားရေးလမ်းညွှန်ချက်များဖြစ်သည့် စီးပွား ရှာသူတို့  မဖြစ်မနေလိုက်နာကြရမည့် -
၁။ ဥဌာနသမ္ပဒါ- အချိန်မရွေး၊ ဒေသမရွေး၊ လုပ်ငန်းမရွေး အဆင်သင့်လုပ်ကိုင်ရန် ထကြွလုံ့လ၀ီရိယ ရှိနေခြင်း
၂။ အာရက္ခသမ္ပဒါ- ရလာသည့် ပစ္စည်းများကို မပျက်စီး မပျောက်ပျက်ရအောင် ထိန်းသိမ်းထားခြင်း
၃။ ကလျာဏမိတ္တသမ္ပဒါ- ကူညီမစမည့် မိတ်ကောင်းဆွေကောင်းများ၊ အရင်းအနှီး ထုတ်ပေးမည့်သူ များ၊ ကိုယ်နှုတ်ဖြင့် စောင့်ရှောက်မည့်သူများ ရှိခြင်း
၎။ သမဇီဝိတသမ္ပဒါ- ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်ခြင်း ဟူသည့် နာမည်ကျော် သမ္ပဒါတရား လေးပါးကိုပင် မသိကြချေ။ 

ထိုလေးပါးကို ရှေးဆရာတော်များက “ရအောင်လည်းရှာ၊ ချွေတာစုဆောင်း၊ မိတ်ကောင်းရှိစေ၊ သုံးလေမျှတ၊ ဤလေးဝ မုချကြီးပွားကြောင်း” ဟူ၍ပင် လင်္ကာစပ်ခဲ့ကာ လက်ဆင့်ကမ်းခဲ့ကြသည်။ အမှန်အားဖြင့် ဤသမ္ပဒါတရားလေးပါတို့မှာ “ဥစ္စာဝင်လမ်း” ဟုခေါ်နိုင်သည်။ ထိုလေးပါးကို ကျင့်သုံး လျှင် ပစ္စည်းဥစ္စာများ အဆက်မပျက်ဝင်နိုင်သောကြောင့် “ဥစ္စာဝင်လမ်း”ဟု ခေါ်ခြင်း ဖြစ်သည်။ သို့သော် မြန်မာ အများစုမှာ “ဥစ္စာဝင်လမ်း”များကို မကျင့်သုံးဘဲ “ဥစ္စာထွက်လမ်း”များကို ကျင့်သုံး ကြသူများကို သာ တွေ့ရလေ့ရှိသည်။ “ဥစ္စာထွက်လမ်း”များမှာ
(၁) မိန်းမလိုက်စားခြင်း
(၂) အရက်သေစာ လွန်ကျူးစွာ သောက်စားခြင်း
(၃) လောင်းကစားခြင်း
(၄) အကျင့်ပျက်သူ သူယုတ်မာများနှင့် ပေါင်းသင်းခြင်း
(၅) အခြေအနေနှင့် အချိန်အခါမသိဘဲ သွားလာခြင်း
(၆) ပျင်းရိခြင်း တို့ဖြစ်သည်။  

ထို “ဥစ္စာထွက်လမ်း”များကိုသာ ကျင့်သုံးကြသည့်မြန်မာအများစုမှာ အမိမြေသို့ပြန်လာသည့်အခါ “ရေကြည်ရာမြက်နုရာ”များ ယူမလာနိုင်၊ ယူလာနိုင်သည်မှာ နောင်တများနှင့်ရောဂါများသာ ဖြစ်သည်။
သမဇီဝိတသမ္ပဒါနှင့်ပတ်သက်ပြီး မန်လည်ဆရာတော်က ဤလူတို့ဘောင်၊ အိမ်ရာထောင်တို့၊ မရှောင်ပူချမ်း၊ ကြိုးပမ်းဥစ္စာ၊ ရအောင်ရှာလျက်၊ လေးဖြာခွဲမှု၊ လေးဘို့ပြု၍၊ တစုခံစား၊ နှစ်စုအားလျှင်၊ စီးပွားယှဉ်ရာ၊ တစုမှာမူ၊ လိုခါနောင်ဘို့၊ မချို့ဆောင်ဘွယ်၊ မြေ၀ယ်မြုပ်ထား၊ ပြုအပ်ငြား၏ ဟု စတုဓာ ၀ိဘဇေ ဘောဂေ ဟူသော ဂါထာကို ဖွင့်ပြခဲ့သည်။ 

မြတ်ဗုဒ္ဓက ထိုသို့ လောကီကြီး ပွားရေးတိုးတက်ရေးနှင့်ပတ်သက်ပြီး လိုက်နာကျင့်သုံးရမည့်နည်း လမ်းများ ကို ဟောခဲ့သည်ဟု သူ ပြောပြသော အခါ ဇဝေဇ၀ါမျက်နှာများနဲ့ အံ့သြရိပ်သန်းနေသော သူတို့၏မျက်နှာ ကိုလည်း ယခုအချိန်အထိ  မြင်ယောင်မိဆဲ။ 

သို့သော် သူတို့သည် ၀ိပဿနာတရားများအကြောင်း ပြောကြသည်။ စူလသောတာပန် အကြောင်း ပြောကြသည်။ သောတာပန်အကြောင်း ပြောကြသည်။  နိဗ္ဗာန်အကြောင်းပြောကြသည်။ စီးပွားရေး လုပ်နေသည့်မအားမလပ်သည့်ကြားမှ ဒုလ္လဘရဟန်းဝတ်လိုကြသည်။ ဒုလ္လဘသီလရှင် ၀တ်လိုကြ သည်။  ဘာသာရေးအလုပ် လုပ်ချင်သူများကိုကား အားပေးပါသည်။ 

လူသည် ဘာသာရေးနှင့် ကင်းလို့မရ။ ဘာသာရေးနှင့်ကင်းသွားလျှင် ယဉ်နေသောစိတ်များပင် ရိုင်းသွားနိုင်သည်။ ထို့ကြောင့် လူသည် ဘာသာရေးကို လုပ်ကိုလုပ်ရမည်ဖြစ်သည်။ သို့သော် သာသာရေးကိုချည်း လုပ်နေ၍လည်းမရပေ။ သူ့အကန့်နှင့်သူသာ ဖြစ်သည်။  လူသည် လူအလုပ်ကို လုပ်ရမည်ဖြစ်သည်။ လူသည် လူအလုပ်ကို လုပ်မှ လူ့အသိုင်းအ၀ိုင်းတွင် လူလိုနေနိုင်မည်ဖြစ်သည်။ လူအ၀တ်ဖြင့်နေကာ ဘုန်းတော်ကြီးများလုပ်သည့် အလုပ်များကိုလုပ်နေလျှင် တနည်းနည်းဖြင့် တက်လမ်းများ ပိတ်ဆို့နေမည်သာ ဖြစ်သည်။ 

ထို့အတူ ဘုန်းတော်ကြီးများလည်း ဘုန်းတော်ကြီး အ၀တ်ဖြင့်နေလျှင် ဘုန်းတော်ကြီးများ၏ အလုပ်ကို သာ လုပ်ရမည်ဖြစ်သည်။ သို့မှသာ ဘုန်းကြီးအသိုင်းအ၀ိုင်းတွင် ဘုန်းကြီးပီသစွာ ရပ်တည်နိုင်မည် ဖြစ်သည်။ ထိုသို့ လိုက်နာကျင့်သုံးသင့်သည့်အရာများကို အချိုးကျစွာ လိုက်နာမှုမရှိခြင်းကြောင့် ယနေ့ လူ့အဖွဲ့အစည်းများတွင် “ကြက်လည်းမရောက်၊ ကျီးမမြောက်သား၊ အောက်ကလိအာ၊ အာကလိအောက်” အမျိုးအစားများဖြစ်သည့် “လူဘုန်းကြီး” နှင့် “ဘုန်းကြီးလူ” ဟူသော ကမောက်ကမများကို တွေ့နေ ရခြင်း ဖြစ်သည်။ 

အများအားဖြင့် မြန်မာအများစုမှာ ထိုသဘောတရားကို နားမလည်ကြဟုပြောလျှင် လွန်ရာကျ မည်မထင်။ ထို့ကြောင့် မလေးရှားတွင် စီးပွားရေးလုပ်ရန် လာနေသည့်အခိုက်အတန့်ကာလအတွင်းမှာ ဒုလ္လဘ ၀တ်ချင် သူများကို အားမနာစွာ ကန့်ကွက်ဖြစ်သည်။ စီးပွားရှာရန်လာသည့်ကာလအတွင်းမှာ စီးပွားရှာနေသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ အကယ်၍ ဒုလ္လဘရဟန်းဝတ်ချင်သည့် သဒ္ဓါပဗ္ဗဇိတ စိတ် အမှန်တကယ် ရှိသည်ဆိုပါက မြန်မာနိုင်ငံပြန်ကာ ရိပ်သာကျောင်းတိုက်များတွင်ဝတ်ခြင်း ထက် ကောင်းသောနည်းလမ်း မရှိဟု သူ ထင်သည်။ 

သူငယ်တော်တောရဆရာတော် မကြာခဏမိန့်တော် မူသည့် မအိုတော့ပေ၊ မနာတော့ပေ၊ မသေမဲ့ပုံ၊ ရှာပုံဓန၊ သုတစုံစုံ၊ သေမင်းဆံဆွဲ၊ ခေါ်စဲငင်ပုံ၊ မြတ်တရား၊ ရှုစားအားထုတ်ပုံ ဟူသော ဆောင်ပုဒ် ကလေးအကြောင်းကိုလည်း သူ ပြောပြဖြစ်သည်။ ဆရာတော်၏ဆိုလိုရင်းမှာ  စီးပွားရှာ၊ ပညာရှာ သည့်အခါတွင် မိမိရည်မှန်းထားသည့် ပန်းတိုင်မရောက်မချင်း မည်သည့်အခါမျှ မသေဟု သဘောထားကာ စီးပွားရှာ၊ ပညာရှာသင့်သည့်အကြောင်းနှင့် တရားအားထုတ်သည့် အခါတွင်မူ သေမင်းတမန်က မိမိ၏ဆံစကိုဆွဲကာခေါ်နေသည့်အလား ယခုချက်ခြင်းပင်သေတော့မည်ဟု သဘော ထားကာ တရားအား ထုတ်ရမည်ဟူ၍ ဖြစ်သည်။ သို့သော် အများစုမှာ ဤသဘောတရားများကို နားမလည်ကြ။ 

(၄) 

မလေးရှားတွင် သူ ခဏ ရောက်စဉ်ကာလအတွင်းမှာ ကံမကောင်းလို့ဒုက္ခရောက်သည်ဟုဆိုကာ ဘုရားမှာယတြာလာချေသူများကိုလည်း တွေ့ရသည်။ အမှန်အားဖြင့် ကံမကောင်းလို့ ဒုက္ခရောက်ခြင်း မဟုတ်ဟု သူ တော့ မြင်သည်။ မိမိလုပ်ချင်သည့်အရာများကို စိတ်လိုက်မာန်ပါလုပ်ပြီးမှ ကံအပေါ်ကို ပုံချသူများဟုသာ ပြောရမည်ဖြစ်သည်။ အများအားဖြင့် မြန်မာများမှာ ပတ်စ်ပို့မရှိဘဲ လျှောက်လည် သည်။ မသွားသင့်သည့်နေရာများသွားကြသည်။ မလုပ်သင့်သည့် အလုပ်များ လုပ်ကြသည်။ ထိုသို့ဖြင့် အော်ပရာစီဝင်သည့်အခါ ရဲ အဖမ်းခံရသည်။ ထိုအခါတွင် ကံမကောင်းဟုဆိုကာ ကံကို ပုံချကြသည်။

မဃဒေ၀လင်္ကာတွင် ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူဌာန်နှိုက်၊ ဥာဏ်ဝီရိယ၊ ပေယာဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊ နှိင်းဆအပ်တုံ၊ ကံကို ယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေး က၊ ဆိုကုန်ကြ၏၊ လုံ့လမထူ၊ ဥာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့ လ၊ ယှိအပ်စွတည့်။ (မဃဒေ၀ ၂၄၅) ဟု မန်လည်ဆရာတော်က သတိပေးဆုံးမတော်မူခဲ့သည့် အကြောင်း ပြောပြဖြစ်သည်။  

မဃဒေ၀လင်္ကာမှာဆိုထားသည့်အတိုင်း မြတ်ဗုဒ္ဓက ကံတရားကို မူလအရင်းခံအနေနှင့်ဟော ထား သော် လည်း အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပွားစေရန်နှင့် ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာစွာ နေရန်မှာ လုပ်သင့် မလုပ်သင့်၊ သွားသင့် မသွားသင့်၊ စားသင့် မစားသင့် စသည်ဖြင့် ဝေဖန်ဆုံးဖြတ်ရမည့် မိမိ၏ဥာဏ်ပညာနှင့် လုံ့လ၀ီရိယတို့အပေါ်တွင် တည် မှီကြောင်း၊ အရာရာမှာ ကံကိုချည်းပဲ ပုံချ၍မရကြောင်း၊ ကံကောင်းလျှင် မီးလောင်မည်မဟုတ် ဟု နှလုံးပိုက်ကာ မီးပုံအတွင်း ခုန်မဆင်းသင့်ကြောင်း၊ ကံကောင်းလျှင် ကျားကိုက်မည်မဟုတ်ဟုနှလုံး ပိုက်ကာ ကျားများနေသည့်တောသို့ မသွားသင့်ကြောင်း၊ အခြေအနေ အချိန်အခါတို့ကိုကြည့်ကာ လုပ်သင့် မလုပ်သင့် စသည့် စဉ်းစားဥာဏ်နှင့် လုပ်ကိုင်မှသာ ကြီးပွားနိုင်မည့် အကြောင်းများ ပြောဖြစ်သည်။ 

(၅) 

အမှန်တကယ်အားဖြင့် မြန်မာများမှာ နိုင်ငံခြားဟုဆိုလျှင် အထင်ကြီးပြီးသားပင် ဖြစ်သည်။ နိုင်ငံခြား တွင် မည်သို့နေထိုင်ရသည်၊ မည်သို့လုပ်ကိုင်ရသည်၊ မည်သို့စားသောက်ရသည်၊ မည်သို့ရှင်သန်ရ သည် စသည်တို့ကို မစဉ်းစားတော့။ နိုင်ငံခြားသို့ ထွက်ရတော့မည်ဆိုလျှင် အရှင်လတ်လက် နတ်ပြည် ရောက်တော့မည့်ပုံစံမျိုးဖြင့် မိုးမမြင်လေမမြင် ဖြစ်ကြသည်။ ပညာတော်သင် အနေဖြင့် နိုင်ငံခြားသို့ သွားခွင့်ရလျှင် မည်သည့်နိုင်ငံကိုမဆို ကောင်းပါသည်။ သွားသင့်ပါ၏။ မည်သို့မျှ အပြစ်ပြောစရာမရှိ၊ ဂုဏ်ယူဖွယ်ပင်ဖြစ်၏။ 

အသက်မွေးဝမ်းကြောင်းအတွက် အလုပ်သွားလုပ်မည်ဆိုပါက အနည်းဆုံး တရားဥပဒေစိုးမိုး သည့် နိုင်ငံများကိုသာ သွားသင့်သည်ဟု သူ ထင်သည်။ တရားဥပဒေစိုးမိုးသည့်နိုင်ငံများတွင် တင်းကြပ် သည့် စည်းမျဉ်းစည်းကမ်းများအရ လွယ်လွယ်ကူကူနှင့် ၀င်ခွင့်မပြုကြ၊ နိုင်ငံအတွင်း ၀င်ရောက် ခွင့် ပြုပြီးလျှင်လည်း လုံခြုံမှုအပြည့်အ၀ပေးနိုင်သည်။ တရားဥပဒေစိုးမိုးသည့် နိုင်ငံများတွင် “မိမိတတ် သည့်ပညာသည် မိမိ၏၀င်ငွေကို ကိုယ်စားပြုသည်” ဟူသော ဆိုရိုးအတိုင်း ပင်ဖြစ်သည်။ သိက္ခာရှိ စွာဖြင့် “ရေကြည်ရာမြက်နုရာ”ရှာနိုင်သည်။ မိမိတတ်ထားသည့်ပညာဖြင့် အသက်မွေးဝမ်း ကြောင်း ပြုလုပ်နိုင် သည်။ မည့်သည့်အနှောက်အယှက်မျှ မရှိနိုင်။ 

သို့သော် မြန်မာအများစုမှာ လွယ်လွယ်ကူကူနှင့်ဝင်ခွင့်ရသော မလေးရှား၊ ထိုင်း စသည့်နိုင်ငံတို့ကိုသာ အသွားများသည်။ မလေးရှား၊ ထိုင်းတို့ရောက်သွားသည့်အခါ မိမိတို့ထင်ထားသည့် နိုင်ငံခြားနှင့် တခြား စီပင် ဖြစ်သည်။ စိတ်ကူးယဉ်အိပ်မက်ထဲကနိုင်ငံခြားနှင့် လက်တွေ့လုပ်ကိုင်နေ ထိုင် စား သောက်ရသော နိုင်ငံခြားမှာ ပြဒါးတလမ်း သံတလမ်းပင် ဖြစ်သည်။ သို့သော် နောက်ဆုတ်၍မရတော့။ ဤကဲ့သို့သော နိုင်ငံခြားရောက်ဖို့ပင် လယ်ရောင်း၊ ယာရောင်း၊ လယ်ပေါင်၊ ယာပေါင် လုပ်ထားရ သည် မဟုတ်ပါလား။ 

ထို့သို့ဖြင့် သူတို့ရောက်သည့် နိုင်ငံခြားမှာပင် “ရေကြည်ရာမြက်နုရာ” ရှာကြရသည်။ သို့သော် “ချောင်းကို ပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့သည့်ပမာ”  သူတို့ရှာဖွေနေသည့် “ရေကြည်ရာ မြက်နုရာ” ရှာမတွေ့ကြ။ သူတို့နေထိုင်ခဲ့ရာ သူတို့အမိနိုင်ငံကိုလည်း “ရေကြည်ရာ မြက်နုရာ”ဖြစ် အောင် လုပ် မပေးနိုင်ကြတော့။ သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါတင့်ရမပေါ့  ဟူသော စိတ်ထား လည်း မထားနိုင်ကြတော့။ 

(၆)

အကြောင်းအမျိုးမျိုးကြောင့် မိမိဇာတိရပ်ရွာကို အခိုက်အတန့်စွန်ခွာကာ “ရေကြည်ရာမြက်နုရာ” နေ ရာဒေသများ သွားရောက်လုပ်ကိုင်ကြသူများကို သူ အပြစ်မမြင်ရက်ပါ။ “တရွာမပြောင်း သူကောင်း မ ဖြစ်” ဟူသော မြန်မာစကားပုံအတိုင်း “သူကောင်း” ဖြစ်ရန် “တရွာပြောင်း”ကြခြင်းကို ကြိုဆိုပါသည်။ သို့သော် လုံခြုံစိတ်ချမှုရှိသော၊ တရားဥပဒေစိုးမိုးသော၊ မိတ်ဆွေစစ်များရှိသော “ရေကြည်ရာမြက် နုရာ”နေ ရာဒေသများကိုရွေးချယ်၍ ပြောင်းစေလိုခြင်းသာ ဖြစ်ပါ၏။ ထိုထက်ပိုပြီး မျှော်လင့်ခွင့်ရှိမည် ဆို လျှင် အခိုက်အတန့်အားဖြင့် စွန့်ခွာခဲ့သော မိမိတို့ဇာတိရပ်ရွာကိုလည်း “ရေကြည်ရာမြက်နုရာ” ဒေသ ဖြစ်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော “ရေကြည်ရာမြက်နုရာ” ရှာဖွေသူများ ဖြစ်ပါစေဟုသာ ………။   

Read More...

Saturday, January 4, 2014

လောကတ္ထစရိယ


(၁)

“လောကတ္ထစရိယ” ဆိုတဲ့စကားလုံးလေးကို ဗုဒ္ဓဘာသာဝင်အများစု ကြားဖူးနားဝရှိကြပါတယ်။ စာရေးသူဟာ မြန်မာ နိုင်ငံမှာ ပရဟိတအလုပ် လုပ်နေသူများကိုတွေ့ဖူးမြင်ဖူးကြားဖူးနေပေမယ့် “လောကတ္ထစရိယ”ဆိုတဲ့ စကားလုံးနဲ့တွဲ ပြီး မမြင်မိဖူးပါဘူး။ အဲဒီလိုမမြင်မိတာဟာ စာရေးသူကိုယ်တိုင် အတွေ့အကြုံနည်းလို့ ဒါမှမဟုတ် စာရေးသူကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်က ကျဉ်းလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ 

သီရိလင်္ကာနိုင်ငံရောက်ပြီးနောက်မှာတော့ စာရေးသူနေတဲ့ ဆင်ဟာလဘုန်းကြီးကျောင်းမှာ အပတ်စဉ် စနေ တနင်္ဂနွေ နေ့များမှာ ကလေးသူငယ်များကို ဘုန်းတော်ကြီးများဦးစီးဦးဆောင်ကာ ပညာသင်ကြားပေးနေတာများကို တွေ့ရတဲ့ အခါမှသာ “လောကတ္ထ စရိယ”ဆိုတဲ့ စကားလုံးလေးကို ပရဟိတသမားများနဲ့ တွဲပြီးမြင်မိခဲ့တာ ဖြစ်ပါတယ်။

(၂)

သီရိလင်္ကာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာ (၅)နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။ တတိယသင်္ဂါယနာ တင်ပြီးနောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓသာသနာ လူသိထင်ရှားရောက်လာခဲ့ပြီး သာသနာဟာလည်း နေလိုလလိုထွန်းကားခဲ့ပါတယ်။ ဆရာဒကာ လက်တွဲညီခဲ့တဲ့ သီရိလင်္ကာနိုင်ငံဟာ သူ့ကျွန်အောက်မှာ နှစ်ပေါင်း ၃၀၀ လောက် နေခဲ့ရပေမဲ့ ဘုန်းတော်ကြီးများရဲ့ ဘာသာရေးကို ပညာရေးနဲ့ထိန်းကွပ်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းမှုအောက်မှာ ဗုဒ္ဓဘာသာဟာ ယနေ့အချိန်အထိ ထွန်း လင်းတောက်ပနေဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုအခြေပြုတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများဟာလည်း အားကောင်းနေဆဲဖြစ်ပါ တယ်။

သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းလင်းတောက်ပနေမှုအကြောင်းကို ပြောတဲ့အခါဘုန်းတော်ကြီးကျောင်းပညာရေး အကြောင်း ကိုထည့်ပြောမှပြည့်စုံမယ်လို့ ယူဆမိပါတယ်။ တကယ်တော့ သီရိလင်္ကာနိုင်ငံကခေတ်ဦး ဘုန်းတော်ကြီးများဟာ မြန်မာနိုင်ငံက ဘုန်းတော်ကြီးများလိုပဲ ဘုန်းတော်ကြီးကျောင်းပညာရေးများနဲ့ နိုင်ငံသူနိုင်ငံသားများကို မျက်စိဖွင့်ပေးခဲ့သူများ ဖြစ်ကြပါ တယ်။ လောကဓာတ်ကျောင်းများပေါ်ထွက်မလာခင်က ဘုန်းတော်ကြီးကျောင်းက ပညာရပ်များကို သင်ကြား တတ်မြောက်ပြီး သူများဟာ လှုမှုနယ်ပယ်မှာ ကောင်းစွာရပ်တည်နိုင်စွမ်း ရှိပါတယ်။ လောကဓာတ်ကျောင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း မှာတော့ ဘုန်းတော်ကြီးကျောင်းက သင်ပေးလိုက်တဲ့ပညာရပ်များဟာ သူတို့ဘ၀ရဲ့အာမခံချက်ကို အပြည့်အ၀မပေးနိုင်တော့ ပါဘူး။

ဒီတော့ သူတို့ဟာ ဘုန်းတော်ကြီးကျောင်းများကို ကျောခိုင်းပြီး သူတို့ဘ၀ရဲ့ထောက်တည်ရာ ပညာကိုပေးစွမ်းနိုင် တဲ့ လောက ဓာတ်ကျောင်းများကိုသာ သွားကြပါတော့တယ်။ ဒါကလည်းအပြစ်တော့ မဆိုသာပါဘူး။ ဒီလိုနဲ့ နိုင်ငံ ရဲ့ ခေတ် ဦးကာလမှသည် နယ်ချဲ့လက်အောက်ကျရောက်တဲ့အချိန်အထိ တစ်ကြောင်းတည်းသွားခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်း ပညာရေး ဟာ လောက ဓာတ်ကျောင်းများပေါ်ထွက်လာချိန်မှာတော့ တဖြည်းဖြည်းနဲ့ ယိမ်းယိုင်ပြိုကျလာခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို အခြေအနေ ကို ခေတ်ကိုမျက်ခြေအပျက်မခံတဲ့ ဘုန်းတော်ကြီးများက သတိပြုမိ လာကြပါတယ်။

ခေတ်ကိုမျက်ခြေအပျက်မခံတဲ့ ဘုန်းတော်ကြီးမျာထဲမှာ အထင်ရှားဆုံးရဟန်းတော်ကတော့ “ဒေါက်တာ ၀ါပိုလ်ရာ ဟုလာ” အရှင်သူမြတ်ပဲ ဖြစ်ပါတယ်။ အရှင်မြတ်ဟာ သာမဏေဘ၀ကအစပြုပြီး ရဟန်းဖြစ်တဲ့အထိ ခေတ်အလိုက် ကျင်းပတဲ့ စာမေးပွဲ အဆင့်ဆင့်ကိုအောင်ပြီး စာချဘုန်းကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။ စာချဘုန်းကြီးဖြစ်ပြီး စာပေကို အပတ်တ ကုတ်ပို့ချဖို့လုပ်ပေ မယ့် ဘုန်းတော်ကြီးကျောင်းများမှာစာပေသင်ယူ မယ့် ကျောင်းသားကိုရင် မရှိလောက် အောင် ကို ဖြစ်နေ ခဲ့ပါတယ်။ တကယ်တော့ မိဘတိုင်းဟာ သူတို့ရဲ့သားသမီးများကို ဘ၀ရဲ့အာမခံချက် များ ပေးနိုင်တဲ့ ပညာများကို သင်ကြားပေးနိုင်တဲ့နေ ရာကိုသာ ပို့ချင်ကြတာဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဘုန်းတော်ကြီး ပညာရေး ကျောင်းများကို ယှဉ်ပြိုင်လာတဲ့ လောက ဓာတ်ကျောင်းများကို အပြစ်ပြောနေရုံ ဒါမှမဟုတ် လောကီပညာရေး ကျောင်းများကိုသာ သားသမီး များကိုပို့တဲ့မိဘများကို အပြစ်ပြောနေရုံနဲ့ ကလေးငယ်များဟာ ကျောင်းသား ကိုရင် အဖြစ်နဲ့ ဘုန်းတော်ကြီးကျောင်း များကို ရောက်လာမှာမဟုတ်ဘူး ဆိုတာကိုလည်း အရှင်မြတ်က သတိပြုမိသွားပါ တယ်။ 

အရှင်မြတ်ဟာ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး ဘုန်းတော်ကြီးအနေနဲ့ ခေတ်ပညာများကို သင်တင့်တယ်လို့ ကောက်ချက် ချကာ ရဟန်း ၃ ၀ါအရမှာ အင်္ဂလိပ်စာနဲ့တကွ ၁၀ တန်းပြဋ္ဌာန်းစာများကို ကျောင်းဆရာငှားကာ သင်ယူခဲ့ပါတယ်။ ဆရာတော် ဟာ ဆယ်တန်းအောင်ပြီးနောက် လန်ဒန်တက္ကသိုလ်ရဲ့လက်အောက်ခံဖြစ်တဲ့ သီဟိုဠ်ယူနီဗာစတီ ကောလိပ်မှာတက်ရောက်ကာ ပညာသင်ယူခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပထမဆုံးလောကီပညာရေးကိုသင်ယူပြီး တက္ကသိုလ်တက်ရောက်တဲ့ဘုန်းတော်ကြီး အဖြစ် ဟိုးလေးတကျော်ဖြစ်ကာ ဝေဖန်ပုတ်ခတ်မှုများကိုလည်း အလူးအလဲခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ရဲ့ အမြော်အမြင်ကြီးမားမှု၊ သည်းခံမှု၊ ဇွဲလုံ့လရှိမှုများ ကြောင့် ဒီနေ့ခေတ်မှာ သီရိလင်္ကာနိုင်ငံရဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေး ဟာ အလဲထိုးမခံရဘဲ လောကီပညာရေးကျောင်းများနဲ့ ယှဉ်ကာ ရှေ့ သို့ချီတက်နေတယ်ဆိုရင် မမှားပါဘူး။

( ၃ )

ဒီလိုမျိုးခေတ်ပညာသင်ကျောင်းများနဲ့ တန်းတူယုဉ်ပြိုင်သွားလာနေတဲ့ သီရီလင်္ကာနိုင်ငံဘုန်းတော်ကြီးသင်ပညာရေးများ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ယခုလက်ရှိ သီရိလင်္ကာနိုင်ငံဘုန်းတော်ကြီးကျောင်းပညာရေး မှာအဆင့် ၃ဆင့်ရှိပါတယ်။ အဲဒီအဆင့်တွေကတော့-

(1)   မူလိက ပရိဝေဏ (Mulika Pirivenas)
(2)   မဟာ ပရိဝေဏ (Maha Pirivenas)
(3)   ပရိဝေဏ ၀ိဒ်ယ ယတန (Pirivena Vidyayathana) တို့ဖြစ်ပါတယ်။

အဆင့်သုံးဆင့်လုံးအတွက် ပြဋ္ဌာန်းကျမ်းစာများကတော-့

1.     ဆင်ဟာလ (Sinhala)
2.     သင်္ချာ (Mathematics )
3.     သိပ္ပံ (Science )
4.     အင်္ဂလိပ် (English)
5.     လှုမှုဗေဒ (Sociology)
6.     ဗုဒ္ဓဘာသာ (Buddhism)
7.     ပါဠိ (Pali)
8.     သက္ကတ (Sanskrit)တို့ဖြစ်ပါတယ်။

မူလိကပရိဝေဏမှာ အဆင့် (၅) ဆင့်ရှိပါတယ်။ အစိုးရကျောင်းအဆင့် (၇) ရောက်တဲ့ကျောင်းသားများလည်း မူလိကပရိ ဝေဏ အဆင့် (၁) မှာ တက်ရောက်နိုင်ပါတယ်။ ကျောင်းသူများကိုတော့ တက်ရောက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။ တစ်နည်းပြောရရင် ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့အဆင့် (၁) ဟာ အစိုးရကျောင်းပညာရေးရဲ့ အဆင့် (၇) နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက် အစဉ်အတိုင်း ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့ အဆင့် (၂)ဟာ အစိုးရကျောင်းအဆင့် (၈)၊ ဘုန်းတော် ကြီးကျောင်းပညာရေးရဲ့အဆင့် (၃) ဟာ အစိုးရကျောင်းပညာရေးရဲ့ အဆင့် (၉)၊ ဘုန်းတော်ကြီးကျောင်းပညာရေးရဲ့ အဆင့် (၄) ဟာ အစိုးရကျောင်းပညာရေးရဲ့အဆင့် (၁၀)နဲ့  ဘုန်းတော်ကြီးကျောင်း ပညာရေးရဲ့နောက်ဆုံးအဆင့် (၅) ဟာ အစိုး ရကျောင်း ပညာရေးရဲ့ အဆင့် (၁၁) (Oridnary Level) နဲ့ အသီးသီးညီမျှတယ်လို့ သိရပါတယ်။

မူလိကပရိဝေဏပြီးသွားတဲ့ စာသင်သားရဟန်းသာမဏေများနဲ့ ကျောင်းသားများဟာ မဟာပရိဝေဏမှာရှိတဲ့ နောက်ထပ် အဆင့် (၃) ဆင့်ကိုထပ်ပြီးတော့ တက်ရောက်ကြရပါတယ်။ အဲဒီအဆင့်တွေကတော့

(1)   ပရချေန ပထမနှစ်(Pracheena Primary)
(2)   ပရချေန ဒုတိယနှစ် (Pracheena Medium)
(3)   ပရချေန နောက်ဆုံးနှစ် (Pracheena Final) တို့ဖြစ်ပါတယ်။

Pracheena Medium ပြီးသွားတဲ့ ရဟန်းသာမဏေကျောင်းသားများဟာ အစိုးရကျောင်းပညာရေးရဲ့ အထက်တန်း အဆင့်ဖြစ် တဲ့ Advence Level အဆင့် (၁၂) နဲ့ အဆင့် (၁၃) တို့ကို တက်ရောက်ပညာသင်ကြားနိုင်ပါတယ်။ Advence Level မှာ အမှတ်ကောင်းရင်ကောင်းသလို ကိုလံဘိုတက္ကသိုလ်၊ ပေရာဒနိယတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်နဲ့ ဇေယျဝဏ္ဍနပူရ တက္ကသိုလ်စတဲ့ အဆင့်မြင့်တက္ကသိုလ်များမှာလည်း တက်ရောက်ပညာသင်ကြားခွင့်ရနိုင်ပါ တယ်။ အမှတ်မကောင်းရင်တော့  နာမည်ကြီးတက္ကသိုလ်များကိုတက်ရောက်ခွင့်မရနိုင်ပါဘူး။

သီရိလင်္ကာနိုင်ငံရဲ့ပညာရေးမူအရ Pracheena Final ပြီးမှ “Royal Pandits”ဘွဲ့ကိုရယူနိုင်မှာဖြစ်ပါတယ်။ သီရိလင်္ကာ နိုင်ငံသား အများစုကတော့ ရဖို့ရာခက်ခဲတဲ့ Royal Panditsဘွဲ့ကိုသိပ်ပြီးတော့ မယူကြပါဘူး။ Royal Pandits ဘွဲ့မရ ပေမဲ့ Advence Level ပြီးအောင်တက်ရင် အလုပ်အကိုင်ရဖို့အတွက် မခက်ခဲတော့တာမို့ ပညာရေးကိုလိုက်စားတဲ့ သူအနည်းစုသာ Royal Pandits ဘွဲ့ကိုယူကြတယ်လို့ ဆိုပါတယ်။

Pirivena Vidyayathanaမှာတော့ မူလိကပရိဝေဏနဲ့ မဟာပရိဝေဏများပါမှာတဲ့ ပညာရေးမူများအားလုံးကို တစ်နေ ရာတည်း မှာ သင်ကြားခွင့်ရတဲ့တက္ကသိုလ်လို အ၀န်းအ၀ိုင်း တစ်ခုဖြစ်ပါတယ်။ PirivenaVidyayathanaမှာ တစ်ခုထူး လာတာက ရဟန်း သာမဏေ ကျောင်းသား ကျောင်းသူအားလုံး သင်ယူခွင့်ရရှိခြင်းပဲ ဖြစ်ပါတယ်။ Pirivena Vidyayathana မှာတက်ရောက် ပညာ သင်ကြားကြတဲ့ ရဟန်းသာမဏေများဟာ Painting, Computer programming, Techonologyစတဲ့ ၀ိဇ္ဇာဘာသာရပ်များကို သင်ကြားခွင့်ရကြပါတယ်။ အခြား Commerce, Science တို့လို သိပ္ပံဘာသာရပ်များကိုတော့ သင်ကြားခွင့်မရှိဘူးလို့ သိရပါ တယ်။

(၄)

ဘုန်းတော်ကြီးကျောင်းပညာရေးအပြင် သီရိလင်္ကာနိုင်ငံမှာဘုန်းတော်ကြီးကျောင်းပညာရေးနဲ့ လောကီပညာရေးတို့ကို တစ်ထောင့်တစ်နေရာက ထိန်းညှိပေးတဲ့နေရာဟာ ဘုန်းတော်ကြီး ကျောင်းများမှာအပတ်စဉ်တနင်္ဂနွေနေတိုင်း ကလေး သူငယ်များတက်ရောက်ပညာသင်ကြားရာ “Dhamma Sunday School” ခေါ် တနင်္ဂနွေကျောင်း ဖြစ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။ သီရိလင်္ကာနိုင်ငံကမိဘများဟာ လူလားမြောက်လာတဲ့ သူတို့ရဲ့သားသမီးများကို တနင်္ဂနွေကျောင်းကိုပို့ရလေ့ ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကလေးသူငယ်များ ဘုန်းတော်ကြီး ကျောင်းကိုမပို့မနေရလို့ ဥပဒေပြဋ္ဌာန်း မထားပေမယ့် သီရိလင်္ကာနိုင်ငံသားအများစုဟာ ဥပဒေပြဋ္ဌာန်းထား သလိုလိုက်နာကြပါတယ်။ 
 
သီရိလင်္ကာသားများကိုအဲဒီလိုဖြစ်အောင် လုပ်ထားတဲ့အရာကတော့ Dhamma Sunday School အောင်လက်မှတ်ပါပဲ။  အရွယ်ရောက်လာတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်အနေနဲ့ အလုပ်လျှောက်လွှာတင်တော့မယ်ဆိုရင် Dhammma Sunday School အောင်လက်မှတ်ဟာ မရှိမဖြစ်နီးပါး လိုအပ်လာပါတယ်။ အဲဒီအောင်လက်မှတ်ပါရင် အကျင့်စာရိတ္တကောင်းတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ ဒါကြောင့် ကျောင်းပြီးလို့အလုပ်ခွင်ထဲဝင်တော့မယ့် ကလေးတစ်ယောက်အတွက် အလုပ်ရဖို့ အထောက်အကူပြုတဲ့ Dhamma Sunday  School ကို မိဘတိုင်းလိုလို သူတို့ရဲ့သားသမီးများကိုပို့ကြတာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာDhamma Sunday School စခဲ့တာ နှစ်ပေါင်းတစ်ရာကျော်နေပြီ ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ အမေရိ ကန်နိုင်ငံသား ဗိုလ်မှူးကြီးဟင်နရီစတီးလ်အောလ်ကော့ထ် (Col. Henry Steele Olcott) ဟာ သီရိလင်္ကာ နိုင် ငံ ရောက်လာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း သီရိလင်္ကာနိုင်ငံဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာဝင်များ အကြား ယှဉ်ပြိုင်စကားနိုင်လုပွဲအကြောင်း သတင်းစာမှာဖတ်မိရာကနေ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကာ သီရိလင်္ကာနိုင်ငံ ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ 

သူရောက်လာပြီးသိပ်မကြာခင်မှာပဲဗုဒ္ဓဘာသာအဖြစ်ခံယူကာ (၁၈၈၆) ခုနှစ်မှာတော့ သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံး Dhamma Sunday School ကို Galle မြို့မှာရှိတဲ့ VijayanandaPirivena ကျောင်းမှာ စတင်ခဲ့ပါတယ်။ Dhamma Sunday School ကို စတင်ခဲ့တဲ့အချိန်က ပြဋ္ဌာန်းစာအုပ်သီးသန့်မရှိပေမယ့် ယနေ့အချိန်မှာတော့ Dhamma Sunday School ဟာ အတန်း (၁၂) တန်းအထိရှိပြီး ပြဋ္ဌာန်းစာအုပ်များလည်း သီးသန့်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Dhamma Sunday School ပြဋ္ဌာန်းစာအုပ်များကိုတော့ သာသနာရေးဝန်ကြီးဋ္ဌာနက အခမဲ့ရိုက်နှိပ် လှူဒါန်းပါတယ်။ လက်ရှိ သီရိလင်္ကာနိုင်ငံသမ္မတကိုယ်တိုင်လည်း Dhamma Sunday School ကျောင်းထွက်ဖြစ်တယ်လို့ သိရပါတယ်။ သတင်းစာထဲ မှာလည်း အခါအားလျှော်စွာ သမ္မတကိုယ်တိုင် Dhamma Sunday School များသွားရောက်ကာ အားပေးချီးမြှောက်လေ့ ရှိတဲ့အကြောင်း ဖော်ပြလေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်လောက်ကတည်းကစခဲ့တဲ့ Dhamma Sunday School ဟာ အခုအခါမှာတော့ သီရိလင်္ကာနိုင်ငံ မှာ အခြေခိုင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံသား ကလေးသူငယ်များဟာ Dhamma Sunday School တက်ဖို့ တနင်္ဂနွေနေ့ မှ ဘုန်းတော်ကြီးကျောင်းကို လာရတာမဟုတ်ဘဲ စနေနေ့များမှာလည်း အင်္ဂလိပ်စာအခမဲ့ သင်တန်းတက်ဖို့ လာလေ့ရှိပါတယ်။ အခမဲ့အင်္ဂလိပ်စာသင်တန်းများရဲ့ကျေးဇူးကြောင့် သီရိလင်္ကာနိုင်ငံသားအများစုဟာ အင်္ဂလိပ်စာနဲ့ ပတ်သက်ရင်စိမ်းမနေတော့ ဘဲ အင်္ဂလိပ်စကားပြောတဲ့အကျင့်ကိုလည်း ငယ်ငယ်ကတည်းက ရရှိလာခဲ့ ကြပါတယ်။

ကျောင်းသားကျောင်းသူလေးများဟာ Dhamma Sunday School သင်တန်းများကို Ordinary Level ပြီးတဲ့ အထိ တက်ရောက်လေ့ ရှိကြပါတယ်။ လောကီကျောင်းမှာ Ordinary Level ပြီးသွားချိန်မှာ ဘုန်းတော်ကြီးကျောင်းကလည်း Dhamma Sunday School ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာကလေးများရဲ့အသက်ကလည်း (၁၇) နှစ်ခန့်ရှိသွားပါပြီ။ အသက် (၆) နှစ်အရွယ်လောက်ကနေ (၁၇) နှစ်အရွယ်အထိ (၁၂) နှစ်နီးပါး ဘုန်းတော်ကြီး ကျောင်းက သင်ပေးလိုက်တဲ့ Dhamma Sunday School အသိဥာဏ်များဟာကလေးများရဲ့စိတ်ထဲမှာ စွဲခိုင်သွားပြီလို့ ဆိုနိုင်ပါတယ်။ 

စာရေးသူအမြင်ကိုပြောရရင် အသက်ကြီးသူများဥပုသ်စောင့်လာအောင် ဆွဲဆောင်တာထက် အသက်ငယ်သေးတဲ့ ကလေး ငယ်များ Dhamma Sunday School သင်တန်းတက်လာအောင် ဆွဲဆောင်တာက ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှလည်း ကလေးငယ်များဟာ နိုင်ငံအတွက် ပိုလှပတဲ့အနာဂတ်များကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အသက်အရွယ်ငယ်သေးတဲ့အချိန်မှာ ကလေးငယ်များရဲ့ စိတ်ထဲဘာသာရေး အသိဥာဏ်များ ပေးထားသင့်ပုံကို မဟာဂန္ဓာရုံဆရာတော်က “အိုးမဖုတ်ခင်၊ အိုးလုပ်စဉ် ၀ယ်၊ အိုးတွင်နှိပ်ခက်၊ တံဆိပ်ခက်မှ၊ မပျက်မစဲ၊ အိုးပင်ကွဲလည်း၊ အမြဲတစေ၊ တည်ရှိနေသို့၊ ထွေထွေသွေးသား၊ ကလေးများ၌၊ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊ ခပ်နှိပ်နိုင်မှ၊ သက်ဆုံး ကျအောင်၊ ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊ ကိုယ်စီခပ်နှိပ်နိုင်စေသတည်း” လို့ လွတ်လပ်ရေးခေတ်ကတည်းက မိန့်တော်မူခဲ့ပါတယ်။

(၅)

တကယ်တော့ မြန်မာဘုန်းတော်ကြီးများလည်းခေတ်အဆက်ဆက်ကနေ သီပေါမင်းပါတော်မမူမီအချိန်အထိ ဘုန်း တော် ကြီးကျောင်းပညာရေးနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ ပညာမျက်စေ့များကိုဖွင့်ပေးခဲ့ဖူးကြပါတယ်။ အဲဒီအချိန်က ဘုရင်ကိုယ်တိုင် ကအစ ဘုန်းကြီးကျောင်းထွက်ဖြစ်ကာ ၀န်ကြီး၊ မှူးမတ်၊ သေနာပတိစတဲ့သူများလည်း ဘုန်းကြီး ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်များနဲ့ ဘ၀ရဲ့အာမခံချက်များရပြီး အမျိုးဘာသာသာသနာအတွက် အမှန်တကယ် အားကိုးရသူများဖြစ်ခဲ့ကြပါတယ်။ သီပေါမင်းပါတော်မူပြီး (၁၈၈၅) ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာလည်း သီရိလင်္ကာနိုင်ငံမှာလိုပဲ ဘုန်းတော်ကြီးကျောင်း ပညာရေးကို လောကဓာတ်ကျောင်းများကယှဉ်နိုင်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာသီရိလင်္ကာနိုင်ငံလို ပြောင်းလဲမှုများကိုလက်မခံခဲ့တာကြောင့် လောကီပညာရေးကျောင်း များရဲ့ အလဲထိုးမှုကိုခံလိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးပညာရေးနဲ့ လောကီ ပညာရေးဟာ အတူယှဉ်တွဲပြီးမသွားနိုင်ခဲ့ပါဘူး။ ဘုန်းတော်ကြီး ကျောင်းပညာရေးနဲ့ လောကဓာတ်ပညာရေးဟာ သီးသန့်စီသွားနေကြရပြီး ဗုဒ္ဓဘာသာဝင်အများစုဟာလည်း ဘုန်းတော်ကြီးများတတ်သိထားတဲ့ လောကုတ္တရာပညာ ရပ်များဟာ လောကီလူသားများ အတွက် လက်တွေ့နယ်ပယ်မှာ အသုံးမ၀င်ဘူးလို့ ယူဆကြပါတယ်။

(၆)

သီရိလင်္ကာနိုင်ငံမှာဘွဲ့တစ်ခုခုရပြီးတဲ့ ဘုန်းတော်ကြီးအများစုဟာကျောင်းဆရာများ အဖြစ်ဆိုင်ရာကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များမှာစာသင်ကြရပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာလည်း သီရိလင်္ကာနိုင်ငံဘုန်းတော်ကြီး များဟာ ပညာရေးနဲ့ ထိန်းကွပ်ပြီး နိုင်ငံရဲ့ဘာသာရေးကို တိုးတက်ပြန့်ပွားအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဘုန်းတော်ကြီးများဟာ သံသရာဝဋ်ကထွက်မြောက်ရေးကိုသာဦးစားပေးလုပ်ရမယ်ဆိုတဲ့ ပေတံနဲ့ တိုင်းတာမယ်ဆိုရင်တော့ သီရိလင်္ကာနိုင်ငံသားဘုန်းတော်ကြီးများဟာ ဘုန်းကြီးမပီသသူများလို့ ဆိုချင်ရင် ဆိုနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ပရိတ်ကြီး (၁၁) သုတ်မှာ အပါအ၀င်ဖြစ်တဲ့ ရတနသုတ်တော်အတိုင်းဆိုရင်တော့ ဘုန်းကြီးမပီသသူများလို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ ရတနသုတ်မှာ လူတစ်ယောက် လုပ်ရမယ့်အလုပ်တာဝန်သုံးမျိုးကို ပြထားတာကို တွေ့နိုင်ပါတယ်။ အဲဒီအ လုပ်များကတော့ လောကတ္ထစရိယ လောကကောင်းကျိုးကိုသည်ပိုးခြင်း၊ ညာတတ္ထစရိယ ဆွေမျိုးများ ကောင်းကျိုးကို သည်ပိုးခြင်းနဲ့ ဗုဒ္ဓတ္ထစရိယ(အတ္ထတ္ထစရိယ) ကိုယ့်ဘ၀ကောင်းကျိုးကို သည်ပိုးခြင်းတို့ ဖြစ်ပါတယ်။ တကယ်တော့ စရိယသုံး ပါးလုံးမှာ ပဓာနထားလုပ်တဲ့အလုပ်ကိုမူတည်ပြီး ကျန်နှစ်ပါးကလည်း တစ်ဆက်တည်းလိုက်ပါလုပ်ဆောင်နေတာဖြစ်လို့ တစ်ခုနဲ့ တစ်ခုဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။ 

လောကတ္ထစရိယဆိုတဲ့ စကားလုံးလေးကို လိုက်နာကျင့်သုံးသူများရှိလာမယ်ဆိုရင် ယခုလက်ရှိဘ၀မှာ ဘ၀ရဲ့ လွတ်မြောက်မှု မရနိုင်သေးရင်တောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုအကြောင်းပြုပြီး အေးချမ်းမှုရသွားမှာတော့ မလွှဲပါဘူး။ အဲဒီစကား လုံးလေးကို လက်တွေ့လိုက်နာကျင့်သုံးနေကြတဲ့ စာရေးသူနေထိုင်ရာ ဆင်ဟာလ ဘုန်းတော်ကြီးကျောင်းက Dhamma Sunday School ကျောင်းအုပ် ဆရာတော်နဲ့ ကျောင်းဆရာ ဆရာမများကို မြင်ရတိုင်း ရင်ထဲမှာ ကြည်နူးမိတာအမှန်ပါပဲ။ အမိမြန်မာနိုင်ငံမှာလည်း လောကတ္ထစရိယဆိုတဲ့ စကားလုံးလေးကို လိုက်နာကျင့်သုံးကြတဲ့ Dhamma Sunday School လို ပရဟိတကျောင်းများ များများပေါ်ပေါက်လာပြီး အရှည်တည်တံ့ပါစေကြောင်းလည်း အကြိမ်ကြိမ် ဆန္ဒပြုမိပါသည်။ ။

Read More...