Thursday, January 26, 2012

လင်္ကာကြယ်ရဲ့ နှုတ်ဆက်စကား






{23.11.2011.....ရက်နေ့ကမှ သီရိလင်္ကာနိုင်ငံ၊ ကေလနိယ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရသွားတဲ့ ဘုန်းကြီး ဦးဝဏ္ဏသီရိကို မြန်မာနိုင်ငံပြန်ကြွခါနီး 9.12.2011 ရက်နေ့ည (၈) နာရီမှာ နာယကဆရာတော် ဦးအဂ္ဂ၀ံသဦးဆောင်ပြီး စာရေးသူအပါဝင် ကြွရောက်လာကြတဲ့သံဃာများက လှူဖွယ်ပစ္စည်း ၀တ္ထုဘာတစ်ခုမှ မပါဘဲ လက်အုပ်ချီမိုးကာ ကန့်တော့ခဲ့ကြပါတယ်။ ကန်တော့ ပြီးတော့ အမှတ်တရစကားများ ချီးမြှင့်ဖို့ ဘုန်းကြီးကို လျှောက်တဲ့အခါ အောက်ပါအတိုင်းမိန့်ကြားခဲ့ပါတယ်။ ဘုန်းကြီးချီးမြှင့်ခဲ့တဲ့အမှတ်တရစကား တွေကို နားထောင်ပြီး စာရေးသူမှာ မှတ်သားစရာတွေ ရလိုက်သလို၊ တွေးစရာလေးတွေလည်း ပေါ်လာပါ တယ်။ အဲဒါကြောင့် စာဖတ်သူများအတွက်လည်း တစ်ခုခုရနိုင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။}


တပည့်တော်ကို ဒီလို အထူးတလည်လာပြီး နှုတ်ဆက်ကြတာကို ၀မ်းလည်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ တပည့်တော် ထူးထူးထွေထွေတော့ သိပ်ပြီးပြောစရာလိုမယ် မထင်ပါဘူးဘုရား။ တပည့်တော်တို့ အရှင်ဘုရားတို့ဟာ ကံကောင်းလို့ ဒီမှာ လာဆုံကြတယ်ပဲ ဆိုပါတော့။ နယ်အမျိုးမျိုးက လာကြတာ။ တပည့်တော်တို့ အားလုံးရဲ့ Background ကလည်း အမျိုးမျိုးရှိတယ်။ လူမျိုးရေး Background၊ ဒေသ Background၊ ပညာရေး Background စသည်ဖြင့်ပေါ့။ အားလုံးတူချင်မှ တူကြမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တပည့်တော်တို့ ဒီမှာ စုပေါင်းပြီးနေကြတဲ့အခါမှာ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းပြီးတော့ လုပ်ဖို့လိုတယ်။

စုပေါင်းပြီးတော့ လုပ်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတော့ တစ်ယောက်အားနဲ့ မထန်းနိုင်တဲ့ဝန်ကို အားလုံးဝိုင်းပြီးထမ်းကြတဲ့သဘောပဲ။ ဆိုလိုတာက ကျယ်ပြန့်တဲ့ အလုပ်တစ်ခုကို တစ်ယောက်တည်း လုပ်တာနဲ့စာရင် စုပေါင်းလုပ်လိုက်ရင် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက် သွားမယ်၊ အောင်မြင် သွားမယ်။ စုပေါင်းပြီးလုပ်ခြင်းရဲ့ ရည်ရွယ်ချက်က အဲဒါပဲ။ ဒါပေမဲ့ တပည့်တော်တို့ရဲ့ လူ့ပတ်ဝန်းကျင်ဟာ ဒါကို အဆိုးမြင်နဲ့ ပြောင်းပြန်တွေးတတ်ကြတယ်။ စုပေါင်းလုပ်ရင် စိတ်ဝမ်းကွဲမယ်ပေါ့။ ဒီလိုစိတ်ဝမ်းကွဲတာက စုပေါင်းလုပ်လို့ မဟုတ်ပါဘူး။ အမြင်ကျဉ်းမြောင်းသူတွေ၊ ကိုယ့်အတ္တကိုထိပါးလာမှာ ကြောက်ရွံ့ သူတွေကြောင့် ဖြစ်ရတာပါ။

အဲဒါလေးကို တပည့်တော် နည်းနည်း ပြောချင်သေးတယ်။ တပည့်တော် လောလောလတ်လတ် ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးကို အခြေခံလို့ပေါ့။ အခု တပည့်တော်က ပညာရေးပြီးဆုံးသွားတော့ အလုပ်စခန်းဘက် ခြေလှမ်း စနေပြီးပေါ့ဘုရား။ တပည့်တော်သာ မဟုတ်ပါဘူး၊ ပညာရေးရည်မှန်းချက် ပြည့်စုံသွားရင် အရှင်ဘုရားတို့လည်း မြန်မာနိုင်ငံကိုပြန်ပြီး ဒေသအသီးသီးမှာ အလုပ်တွေ လုပ်ကြမှာပါ။ အဲဒီလိုလုပ်ကြတဲ့ အခါမှာ ကြုံလာနိုင်တဲ့၊ တွေ့လာတတ်တဲ့ သဘောလေးတွေကို တပည့်တော် အသိပေးခဲ့ချင်ပါတယ်။

တပည့်တော်တို့ရဲ့ လူ့အသိုင်းအ၀ိုင်းမှာ အမြင်ကျဉ်းမြောင်းတာတွေ၊ အတ္တစွဲကြီးလွန်းတာတွေ ကြုံရတယ်ဘုရား။ တပည့်တော်တို့ဆီမှာက အဖွဲ့အစည်းမှာ အပြင်လူ၊ အတွင်းလူ၊ သူ့လူ၊ ကိုယ့်လူဆိုပြီး သတ်မှတ် ထားတတ်ကြတယ်။ အပြင်လူဝင်လာရင် စိတ်ဝမ်းကွဲကုန်မယ် ဆိုတဲ့အမြင်တွေ ရှိကြတယ်ဘုရား။ အဲဒီလို အမြင်ကျဉ်းမြောင်းတာတွေ၊ အတ္တစွဲကြီးလွန်းတာတွေက ကိုယ့်ကျောင်းတိုက်မှာ ကိုယ့်ဟာကို တစ်မိန့်တစ်သြဇာ တစ်အာဏာတည်းဘဲ အုပ်ချုပ်တဲ့နေရာမျိုးဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ တပည့်တော်တို့က အဖွဲ့အစည်းတွေနဲ့လုပ်ကြမယ် ဆိုရင်တော့ အဲဒီလိုအမြင်မျိုးထားလို့ မရဘူး။

အများနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ ပညာရေးဌာနတစ်ခုခုပဲဖြစ်ဖြစ် အဲလိုအတွေးတွေ ၀င်နေပြီး ဆိုရင် ဒီဌာနဟာ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တပည့်တော် ကြားခဲ့ရတယ်။ ဘာသာရေးတက္ကသိုလ်တစ်ခုမှာ ဆရာခန့်ဖို့ကိစ္စပါ။ အဲဒီမှာ တာဝန်ရှိသူတစ်ပါးက -အပြင်လူတွေခန့်လိုက်ရင် စိတ်ဝမ်းကွဲတာတွေ ဖြစ်လာလိမ့်မယ်တဲ့။ အဲဒီလိုဌာနမှာနေပြီး ဒီလိုကျဉ်းမြောင်းတဲ့ အမြင်ရှိနေတာကို တပည့်တော်အံ့သြပါတယ်။

သူတို့တွေးသလို သူတို့မြင်သလို ဘေးကလူတွေ၊ အပြင်ကလူတွေ ၀င်လာရင် စိတ်ဝမ်းတွေ ကွဲကုန်မယ်ဆိုရင် နိုင်ငံတကာက တက္ကသိုလ်ကြီးတွေ ဘယ်လိုလုပ်မလဲ၊ သူတို့လို အမြင်မျိုးသာ ရှိမယ်ဆိုရင် အဲဒီတက္ကသိုလ်ကြီးတွေဟာ အစိပ်စိပ်အမွှာမွှာ ကွဲကုန်မှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနိုင်ငံတကာ တက္ကသိုလ်တွေမှာ အပြင်လူ အတွင်းလူဆိုတာ မခွဲခြားဘူး။ သူ့လူမျိုးကိုသာ ဆရာခန့်တာ မဟုတ်ဘူး။ နိုင်ငံခြားသားဆိုလည်း ခန့်တာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဆရာတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း၊ သတ်မှတ်ချက်တွေ ပြည့်စုံရင် ခန့်လိုက်တာပဲ။

တပည့်တော်တို့ မြန်မာနိုင်ငံက လူအများစုတွေးတဲ့ အတွေးမျိုး ဆိုရင်ပေါ့နော်။ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ကြီးတွေ အစိပ်စိပ်အမွှာမွှာ ကွဲကုန်လို့ အမှုန့်တောင်မှ မြင်ရမှာ မဟုတ်တော့ဘူး။ အဲတော့ ဒီလို အတွေးမျိုးတွေက သဘာဝမကြဘူး ဘုရား။ အများနဲ့စုပေါင်းပြီးတော့ လုပ်ကိုင်ကြတဲ့အခါမှာ ဒီလိုမျိုးအတွေးတွေ၊ ဒီလိုမျိုးအမြင်တွေ တပည့်တော်တို့ အရှင်ဘုရားတို့ ဖယ်ထုတ်ပြစ်ရမယ် ဘုရား။ ဒါမှသာ ကိုယ်နဲ့ဆိုင်တဲ့ အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းဟာ တိုးတက်လာမယ်။ အဲလို မဟုတ်ရင် ၀ါးလုံးခေါင်းထဲကဟာ ၀ါးလုံးခေါင်းထဲပဲ ဖြစ်နေမှာ။

အခုဟာက တပည့်တော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အနေအထားက ဘာလဲဆိုရင် အဲဒီလို စုပေါင်းပြီးလုပ်ရတဲ့ ဟာဆိုရင် အကုန်ကွဲတာပဲ။ အဲဒီလို ကွဲရခြင်းအကြောင်းက ဘာလဲဆိုရင် အခုနက တပည့်တော်ပြောတဲ့ အမြင်ကျဉ်းလို့ဘုရား။ ပြီးတော့ ကိုယ့်ရဲ့အတ္တထိပါးခံရမှာ ကြောက်လို့ဘုရား။ သူ့လူ ကိုယ့်လူ သူ့လူမျိုး ငါ့လူမျိုး၊ အတွင်းလူ၊ အပြင်လူဆိုတဲ့ အတ္တအစွဲစိတ်တွေကြောင့်ပဲ။ အဲဒီတော့ တပည့်တော် တို့ သဘောပေါက်ထားရမှာက ဘာလဲဆိုရင် စုပေါင်းလုပ်ခြင်းရဲ့အနှစ်သာရက တစ်ယောက်အားနဲ့ မလုပ်နိုင်တဲ့ ကျယ်ပြန့်တဲ့လုပ်ငန်း တစ်ခု မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူပြီးဖို့ပဲ။ ဒါကြောင့်မို့ တပည့်တော်တို့ စုပေါင်းပြီးလုပ်ကြတာပဲ။

တပည့်တော်တို့ စကားပုံလည်း ရှိတယ်လေ။ ခေါင်းတစ်လုံးနဲ့ စာရင် ခေါင်းဆယ်လုံးက ပိုပြီးတော့ ကြီးတယ်ဆိုတာ။ နွံထဲမှာလှည်း ဘီးကျွံနေသည်၊ လေးလွန်၍ မရွေ့နိုင်ဘူးလား၊ အများနှင့်တွန်းရင် ရွေ့နိုင်ပါသည် ဆိုတာမျိုးပေါ့၊ တစ်ယောက်တည်း လုပ်မဲ့အလုပ်ကို စုပေါင်းပြီး လုပ်လိုက်တော့ ပိုပြီးတော့ အလုပ်ပြီးလွယ်တယ်ပေါ့။ စုပေါင်းပြီးလုပ်မယ်ဆိုရင် အလုပ်က မြန်မြန်ပြီးမယ်၊ လွယ်လွယ်ပြီးမယ်။ အဲလို စုပေါင်းပြီးလုပ်နိုင်အောင် ဘာဖြစ်ရမှာလည်း။ အမြင်ကျယ်ရမယ်။ ပြီးတော့ ကိုယ့်အတ္တကိုချည်းပဲ ဦးစားမပေးနဲ့။

နောက်ပြောပြချင်တာတစ်ခု ရှိသေးတယ်ဘုရာ့း၊ ဆိုပါတော့ တပည့်တော်တို့၊ အရှင်ဘုရားတို့ အားလုံးက ဒီကို ရောက်လာပြီ။ ဒီ သီဟိုဠ်တင် မဟုတ်ပါဘူး။ ပြည်ပကို ရောက်လာတဲ့ မြန်မာတွေအားလုံး တပည့်တော်တို့ရဲ့ အမြင်က ဘာလဲဆိုရင် ပြည်တွင်းမှာရှိတဲ့ သူတွေ့ရဲ့ ပညာရေးထက်သာတယ်လို့ တော်တော်များများ ခံယူထား ကြတာပါပဲ။ အကုန်လုံး မဟုတ်ရင်တောင်မှ အများစုပေါ့နော်။

အဲဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးပါဘုရား။ ဘယ်လိုမေးရမှာလည်းဆိုတော့ တပည့်တော် အရင်က လည်း ပြောခဲ့ဖူးပါပြီ။ အခုငါတို့က ပြည်တွင်းထက်သာတဲ့ ပညာရေးကို ရနေပြီးတော့ ပြည်တွင်းကလူတွေထက် သာနေပြီလား။ အဲဒါ ကိုယ့်ကိုကိုယ် ပြန်မေးဖို့ လိုတယ်။ အဲလို မေးပြီးတော့ သူက ပြည်တွင်းကလူတွေထက် မသာသေးဘူးဆိုရင် သာအောင် လုပ်ရမယ်။ မကျော်သေးဘူးဆိုရင် ကျော်အောင် လုပ်ရမယ်။ အဲတော့ တပည့်တော် သုံးသပ်ပြမယ်အရှင်ဘုရားတို့ ။ တပည့်တော် ပြောလေ့ပြောထရှိပါတယ်။ ဒါပေမဲ့ အများရှေ့မှာ ချပြလို့ သိပ်ပြီးတော့ မကောင်းလှဘူး။ ဒါ အရှင်ဘုရားတို့ကို တပည့်တော် စေတနာနဲ့ ပြောတာပါ။ ဘယ်သူကိုမှ နှိမ်ချင်လို့ ပြောတာ မဟုတ်ပါဘူး။

အခု တပည့်တော်တို့က ဆိုပါတော့ ဘီအေတန်းတက်တယ်၊ အမ်အေတန်းတက်တယ်၊ အမ်ဖီးလ်တန်းတက်တယ်၊ ပီအိတ်ခ်ျဒီတန်းတက်တယ်။ ကိုယ်တက်နေတဲ့အတန်းနဲ့ ညီမျှတဲ့၊ ကိုယ်တက်နေတဲ့အ တန်းကို မှီအောင်လိုက်နိုင်တဲ့အရည်အချင်းတော့ ရှိသင့်တယ်။ ဒါ အနည်းဆုံးရှိသင့်တာကို ပြောတာပါ ဘုရား။ ဖြစ်နိုင်ရင် ဘွဲ့ဒီဂရီ ရတာချင်းအတူတူ ကိုယ်က သူများထက်သာတဲ့၊ သူများထက်ပိုတဲ့ အဆင့်မှာ ရှိနိုင်ရင် ပိုကောင်းတယ် ဘုရား။

ဥပမာတစ်ခုဆိုပါတော့ အခုန တပည့်တော်ပြောခဲ့တဲ့ တပည့်တော်တို့ ဒီ သီဟိုဠ်မှာပညာသင်နေတဲ့ သူတွေရှိ တယ်။ အိန္ဒိယမှာရှိတယ်။ ထိုင်းမှာတစ်ချို့ရှိတယ်။ အဲတော့ ဒီ သံဃာတွေရဲ့စိတ်ထဲမှာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးဟာ သွားပြီ၊ အရည်အသွေးတွေကျသွားပြီ၊ အရည်အချင်းတွေ မမှီတော့ဘူးပေါ့နော်၊ ဒီလိုမျိုးအတွေးရှိတတ်ကြတယ်။ ကဲ ဟုတ်ပြီ၊ အဲဒါဆိုရင် တပည့်တော်တို့ကရော အရည်အချင်းတွေမှီပြီလား။ တပည့်တော်တို့က မြန်မာပြည်ရဲ့ပညာရေးကို ကျော်ပြီးတော့ ဒီဘက်ကို ထွက်လာခဲ့တာ။ အခုတပည့်တော် တို့ကရော ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိပြီလား။ တပည့်တော်တို့ ကိုယ့်ကိုကိုယ် ပြန်မေး ဖို့လိုတယ်။ မေး လည်း မေးကြည့်စေချင်တယ် ဘုရား။

တပည့်တော်အမြင်ကတော့ မမှီသေးဘူးဘုရား။ မမှီသေးဘူးလို့ပြောတာ များတောင် များနေသေးတယ်။ ဒါ တပည့်တော် ဘယ်သူ့ကိုမှ နှိမ်ပြီးပြောတာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆိုပါတော့ ပြည်တွင်းက အငယ်တန်းသမားတစ်ယောက်ဟာ အငယ်တန်းစာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်။ အကြီးတန်းသမား တစ်ယောက်က အကြီးတန်းစာ ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်။ အခု ဘီအေတက်နေတယ်၊ အမ်အေတက် နေတယ်၊ အမ်ဖီးလ်လုပ်နေတယ်၊ ပီအိတ်ခ်ျဒီလုပ်နေတယ်ပေါ့။ ဒါပေမဲ့ တပည့်တော်တို့အများစုက ကိုယ်တက်နေတဲ့ အတန်းစာဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြဘူး။ လက်ချာတောင်မှ မလိုက်တတ်သူကများမယ်။

အဲဒီတော့ တပည့်တော်တို့ရဲ့ အရည်အချင်းတွေ မြှင့်ဖို့လိုသေးတယ်။ ကိုယ်က ဘီအေတက်နေတယ်ဆိုရင် ဘီအေနဲ့ ညီမျှတဲ့အရည်အချင်းရှိအောင် တပည့်တော်တို့ ကြိုးစားဖို့လိုသေးတယ်ဘုရား။ ကြိုးလည်း ကြိုးစားရဦးမယ်။ အရှင်ဘုရားတို့ကိုလည်း ကြိုးစားစေချင်တယ်။ လွယ်လွယ်လေးရတယ်ဆိုပြီး အလွယ်လမ်းတော့ မလိုက်မိစေနဲ့။ အဲလို အလွယ်လမ်းလိုက်ချင်တဲ့စိတ်ကို ပျောက်နိုင် သမျှပျောက်အောင်ဖျောက်ရမယ်။ တပည့်တော်တို့ မြန်မာနိုင်ငံရဲ့အနေအထားက ဘာလဲဆိုရင် အခြေအနေအရဆိုတဲ့ စကားလုံးကို လက်ခံပြီး လက်သုံးဖြစ်နေတယ်။ ပြည်တွင်းမှာဆိုရင် ဟုတ်တယ်။ အခြေအနေရ လုပ်ရတာ တပည့်တော်တို့က။ ကိုယ်က ဒီလိုပုံစံနဲ့ စနစ်တကျနဲ့ သွားချင်တယ် ဒါပေမဲ့ သွားလို့မရတဲ့အနေအထားတွေရှိတယ်။ အဲဒါကြောင့် အခြေအနေအရ လုပ်ရတာ။

အဲဒါကြီးက တပည့်တော်တို့က ဒီထိလာပြီးတော့ အကျင့်ပါနေတာ။ အခြေအနေအရပဲကွာ၊ အခြေအနေအရပဲကွာဆိုတာ။ တပည့်တော်တို့နိုင်ငံရဲ့ လက်ရှိအနေအထားက ဘာလဲဆိုရင် ရှေ့ဆက်ပြီး ဘာလုပ်မယ် ဘယ်လိုလုပ်မယ်ဆိုတာ တပည့်တော်တို့မှာ ရေရှည်ပလန်ချဖို့ခက်တယ်။ ဘာဖြစ်လို့လည်းဆို တော့ အားလုံးက မတည်ငြိမ်သေးဘူး။ နိုင်ငံရေးပဲပြောပြော၊ လူမှုရေးပဲပြောပြော၊ ပညာရေးပဲပြောပြောပေါ့။ ဒါတွေက မတည်ငြိမ်သေးတဲ့အခါကျတော့ ရှေ့ကို ဘာလုပ်မယ်၊ ငါ ဘယ်လောက်ရောက်အောင်လုပ် မယ်ဆိုတာမျိုး အစီအစဉ်ချလို့ကို မရဘူး။

အဲတော့ မနက်ဖန်ဘယ်လိုတွေ့မလဲ၊ မနက်ဖန်တွေ့လာတဲ့အခြေ အနေအားလျော်စွာ တပည့်တော်တို့က လှုပ်ရှားရတယ်။ သဘက်ခါ ဘယ်လိုတွေ့ လာမလဲ တွေ့လာတဲ့အခြေ အနေအားလျှော်စွာ တပည့်တော်တို့က လှုပ်ရှားရတယ်။ အခု တပည့်တော်တို့ကျောင်းမှာ ဆန်းဒေးဓမ္မစကူး လုပ်တယ်။ ဖြစ်သင့်တဲ့ပုံစံမျိုး စနစ်တကျ သွားလို့မရသေးဘူး၊။ အဲဒါကြောင့် လက်ရှိအနေအထားကို ကြည့်ပြီး အခြေအနေအရ သွားနေရတယ်။

အဲဒါကြောင့်မို့လို့ အခုနပြောတဲ့ အခြေအနေအရပဲ အခြေအနေအရပဲ ဆိုတာ တပည့်တော်တို့ အခုအချိန်အထိ ဒီစကားလုံးကို သုံးနေကြရတုန်း။ ဒါတွေကတော့ ဒီ အများနဲ့ဖြစ်နေတဲ့အခါဆိုတော့ တပည့်တော်တို့ တစ်ဦးတည်း တစ်ယောက်တည်း ပြင်လို့လည်းမရဘူး။ တပည့်တော်တို့ ပြုပြင်လို့ရတာက ကိုယ့်ကိုကိုယ်ပဲ။ ကိုယ့်ကိုကိုယ် ကတော့ ကိုယ်ပြုပြင်လို့ရတယ်။ အရည်အချင်းမရှိသေးဘူး၊ မမှီသေးဘူးဆိုရင် မှီအောင်လုပ်ရမယ်။ မပြည့်သေးဘူး ပြည့်အောင်ဖြည့်ရမယ်။ ဒီလိုခံယူချက်မျိုးရှိဖို့တော့လိုတယ်။ တပည့်တော်တို့ က ပြောနေတာ ပြည်တွင်းက ပညာရေးက အရည်အချင်းမရှိတော့ဘူး။ မမှီတော့ဘူး။ ဒီလိုမျိုး ပြောနေပြီးတော့ ကိုယ်ကိုယ်တိုင်ကျတော့ အရည်အချင်းမမှီဘူးဆိုလို့ရှိရင် ရယ်စကြီး ဖြစ်နေမှာပေါ့။

အဲဒီတော့ ပြည်တွင်းကရှိတဲ့သူက မေးမယ်။ ကိုယ်တော်တို့ကရော ဘယ်လောက်အရည်အချင်း ရှိ နေလို့လည်းလို့ ပြန်မေးလိုက်ရင် တပည့်တော်တို့မှာ ဘာမှဖြေစရာမရှိဘူးဖြစ်နေမယ်။ အဲလိုဖြစ်သွားမယ်။ ထားပါတော့ တပည့်တော်တို့ အခု မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်နေပြီ။ ကဲ အဲဒီတော့ ဟုတ်ပြီ။ နောင်တချိန်မှာ တပည့်တော်တို့ ပညာရေးက တက္ကသိုလ်ပညာရေးရှိမယ်။ စာသင်တိုက်ပညာရေးရှိမယ်။ ဒါတွေကို ဒို့က တိုးတတ်အောင် ဘယ်လိုပြုပြင်ရမလဲ ပြုပြင်ဖို့အတွက် အခြေအနေပေးလာပြီဆိုရင်ပေါ့။

ကဲ အဲဒါဆိုလို့ရှိရင် စာသင်တိုက်ပညာရေးကို ပြုပြင်ဖို့ရာ စာသင်တိုက်က လက်ရှိစာသင်တိုက်လုပ်နေတဲ့ စာသင်တိုက်ဆရာတော်များ တာဝန်ယူကြမယ်။ တက္ကသိုလ်ပညာရေးစနစ်ကိုတော့ ဘီအေ၊ အမ်အေ၊ ပီအိတ်ခ်ျဒီပြီးလာတဲ့သူတွေ လက်ထဲကို ထည့်လိုက်မယ်။ အဲဒီအချိန်ကျရင် တပည့်တော်တို့ က တာဝန်ယူရ မယ်။ အဲဒီအချိန်ကျမှ တက္ကသိုလ်ပညာရေးကတော့ ငါ့လူတို့ ဘီအေတို့ အမ်အေတို့ ဒေါက်တာတို့ ဆိုတဲ့ ကိုယ်တော်တွေလုပ်ကြကွာလို့ ခိုင်းလိုက်တဲ့အချိန်ကျမှ ခွေးအ လှည်းနင်းသလို အိ အ နဲ့ ဖြစ်နေမယ်ဆိုရင် သွားပြီဘုရား။ အဲဒီမှာ ဒီထက်ဆိုးလာနိုင်တာတစ်ခုက ဘာလဲဆိုတော့ အဲဒီလို အနေအထားမျိုးမှာ ကိုယ့်အကြောင်းကိုယ်သိပြီး နောက်ဆုတ်နေတဲ့သူရှိရင် တော်သေးရဲ့။ ကိုယ့်ပမာဏကို နားမလည်ဘဲနဲ့ အခွင့်အရေးရတာပဲဆိုပြီးတော့ အဲဒါကြီးကို ယူပြီးလုပ်လိုက်ရင် သွားရော၊ ပျက်ရော။ မျိုးဆက်တစ်ခုလုံး သွားမည့်ကိစ္စ ဘုရား။ အဲလိုလူမျိုးတွေကလည်း ရှိတတ်တယ်ဘုရား။ တပည့်တော်တို့ အနေအထားကလေ။

အဲဒီအခါကျတော့ တပည့်တော်တို့က ဘာလည်းဆိုတော့ အဲဒီအခြေအနေမျိုးကိုပါ မှန်းပြီးတော့ အခုကတည်းက ကိုယ်ကိုယ်တိုင် အရည်အချင်းရှိအောင် အရည်အသွေးပြည့်အောင် လုပ်ထားဖို့လိုတယ်။ အဲတော့ အများကြီးသိပ်လုပ်စရာမလိုဘူး။ အခုန တပည့်တော်ပြောခဲ့တဲ့ ဘီအေတတ်တဲ့ကျောင်းသား တစ်ယောက်က ဘီအေနဲ့တန်တဲ့ အရည်အချင်းရှိရင် တော်ပြီ။ အမ်အေတတ်တဲ့ကျောင်းသားတစ်ယောက်က အမ်အေနဲ့ညီတဲ့၊ အမ်အေနဲ့တန်တဲ့ အရည်အချင်းရှိရင် တော်ပြီ။ အခု ဒါ တပည့်တော်တို့က ဒီလူတွေမှ မဟုတ်ဘူး ဘုရား။ တပည့်တော်တို့အရင်ကလူတွေရော၊ တပည့်တော်တို့လက်ထက်က လူတွေရော အခုလက်ရှိလူတွေရော အများစုမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးရှိကြသလားလို့မေး၊ အဖြေပေးဖို့ အတော်ခက်တယ် ဘုရား။ သေချာပေါက်ပြောရဲတယ်။

ဘာဖြစ်လို့လည်း ဆိုတဲ့အခါကျတော့ တပည့်တော်တို့ အမ်အေအောင်လာတယ်။ ဘယ်လိုအောင်တာလဲ။ အများစုက မြန်မာ့နည်း မြန်မာ့ဟန်ပဲ၊ ပို့ချချက်ကို အာဂုံဆောင်ကြတာပဲ။ ဒီလိုပဲ အောင်ကြတာများတယ်။ အဲဒီမှာ တစ်ချို့က ပြောဦးမယ်။ ဟာ အမ်အေက မူလတန်းလောက် မခက်ပါဘူး။ ဟုတ်ပြီ ကိုယ်တော် ဘယ်လို လုပ်အောင်တာလဲ။ အဲဒီအပေါ်မှာမူတည်တယ်ဘုရား။ ကိုယ်က သူများရေးပေးထားတာတောင်မှ မနည်းကုန်း ပြီးကျက်။ ပြူးပြဲကြည့်ပြီး ဘာမှနားလည်တာမဟုတ်ဘဲနဲ့ အလွတ်ရအောင် အာဂုံကျက်ထားရတာ။ အဲဒီလို လုပ်ပြီးတော့ အောင်လာတာ။ အဲဒါပြီးရင် ပြောဦးမယ် မူလတန်းလောက် မခက်ပါဘူးကွာလို့။ ဒီလိုလူမျိုးတွေ မရှိသင့်တော့ဘူး ဘုရား။ ကိုယ်က စနစ်တကျနဲ့ ကောင်းကောင်းလုပ်ခဲ့မှ ကိုယ့်အလုပ်ကို တန်ဖိုးထား တတ် မယ် ဘုရား။

တကယ်တော့ အမ်အေကျောင်းသားတစ်ယောက်ဟာ အခုတပည့်တော်တို့ အများစုလုပ်သလို လုပ်ရတာမ ဟုတ်ဘူး ဘုရား။ တပည့်တော်တို့က လမ်းလွဲလိုက်နေတယ်။ အခုတပည့်တော်တို့က ကျောင်းသား အများစု ရှိနေလို့။ ရှိတဲ့အခါကျတော့ စွမ်းနိုင်တဲ့သူတွေက ရေး။ အဲဒါကို ကိုယ်က အာဂုံကျက်။ အဲဒါ တပည့်တော်တို့ ကံ ကောင်းတာ။ ပြောရရင် စာမေးပွဲအောင်ဖို့အတွက် ကံကောင်းတာပါ။ ဒါပေမဲ့ အဲဒီကံကောင်းခြင်းကပဲ တပည့်တော်တို့ကို ကံဆိုးတဲ့ဖက်ကို တွန်းပို့လိုက်တယ်လို့ တပည့်တော် ခံစားမိတယ်။ ဘာဖြစ်လို့လည်းဆို တော့ မြန်မာနည်းမြန်မာဟန်နဲ့ စာမေးပွဲတော့ အောင်သွားပါရဲ့ ကိုယ်တက်နေတဲ့အတန်းမှာ လုပ်သင့်လုပ်ထိုက် တာတွေ မလုပ်လိုက်ရဘူး၊ တတ်သင့်တတ်ထိုက်တာတွေ၊ သိသင့်သိထိုက်တာတွေ မသိလိုက်ရဘူး။ ဘာပညာမှ မရလိုက်ဘူး။ တက္ကသိုလ်ပညာရေး အကြောင်းနားလည်ဖို့ဆိုတာ အဝေးကြီးပဲ။ lecture လိုက်တဲ့ သဘောတောင် မသိလိုက်ဘူး။ အဲဒီတော့ ဘယ်သူနစ်နာသလဲဆိုတော့ ကိုယ်ပဲ နစ်နာတာ။

ထားပါတော့ တပည့်တော် ပြောချင်တာက တက္ကသိုလ်ကျောင်းသားတစ်ယောက် ဆိုတာက အဲဒီလို ကျက်ကျူ ကေးရှင်းနဲ့ စခန်းသွားရတာမဟုတ်ဘူး ဘုရား။ ဒီနှစ်ဆိုရင် ဘီအေကျောင်းသားတွေ အတော်စာလုပ်ရတယ်၊ အတန်းမပျက်ရဘူး၊ assignment-တွေ ပုံမှန်ရေးတင်ရတယ်လို့ ကြားတယ်။ ဒီလိုကြားရတာ တပည့်တော် ၀မ်းသာတယ်။ ဒါဟာ တက္ကသိုလ်ကျောင်းသားတွေ လုပ်ရမည့် အလုပ်တွေပဲဘုရား။ အမ်အေကျောင်းသား ဆိုရင် ဒီထက်ပိုလုပ်ရတယ်။ ကိုယ်ယူတဲ့ ဘာသာရပ် သင်တန်းကို မပျက်မကွက်တက်။ ဆရာတွေ ညွှန်းတဲ့ စာအုပ်တွေကို စာကြည့်တိုက်မှာ ၀င်ဖတ်။ မှတ်စုထုတ်။ ပြီးရင် ကိုယ်ပိုင် အင်္ဂလိပ်စာနဲ့ lecture ပြန်ရေး။ ကိုယ်တိုင်ရေးထားတဲ့ မှတ်စုဆိုတော့ စာမေးပွဲအတွက်လည်း ပိုပြီးလွယ်သွားမယ် ဘုရား။

နောက်တစ်ခုက အမ်အေကျောင်းသားတွေက Term Paper တင်ရမယ်။ ဒါကိုလည်း စွမ်းနိုင်သလောက် ကိုယ်တိုင် လုပ်သင့်တယ်။ အရင်ကထက် အခု ပိုပြီး ဆုတ်ယုတ်လာတယ်လို့ ဆိုရမလိုပဲ။ တစ်ချို့ လုပ်ရပ်တွေက ရှက်စရာတောင် ကောင်းပါတယ်။ မြန်မာကျောင်းသားအားလုံးအတွက် ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့တောင် တပည့်တော် ခံစားမိတယ်။ တကယ်ဖြစ်သင့်တာက အနည်းဆုံးတော့ Term Paper-လေး ဘာလေးလောက်တော့ ကိုယ့်ဟာကိုပေါ့နော်။ data collection ဆိုရင်တောင်မှ အဲဒီအချက်အလက်လေးကို အကြောင်းအကျိုး အဆက်အစပ်နဲ့ စနစ်တကျ စီစဉ်ပြီး ကိုယ်ပိုင်ရေးတတ်တဲ့ အဆင့်လေးတော့ ရှိသင့်တယ်။ ဒါအမ်အေကျောင်းသား တစ်ယောက်အတွက်ပေါ့နော်။

အခု တပည့်တော် Temporary Certificate ယူဖို့သွားတာ။ အဲဒီမှာ Register က ဘာပြောလဲဆိုတော့ ငါ့စိတ်ကူးတစ်ခုရှိတယ်တဲ့။ ပြောပါဦး ဘာလဲဆိုတော့။ မြန်မာကျောင်းသားတွေနဲ့ Communicate လုပ်ရတာ သိပ်ခက်ခဲတယ်။ သူတို့က ငါပြောတာလည်း နားမလည်။ သူတို့ပြောတာလည်း ငါကနားမလည်ဘူး။ အဲတော့ ငါဘာစိတ်ကူးလဲဆိုတော့ သူတို့ကို သိစေချင်တဲ့ အချက်တွေကို မြန်မာလို ဘာသာပြန်ပြီးတော့ ဒီNotice Board မှာ ကပ်ထားရင် ကောင်းမလားလို့ တဲ့။ အဲဒါ Register က ပြောလိုက်တာပါ။ တပည့်တော်က ပြန်ပြောခဲ့တယ်၊ ဒီလောက်ထိ မလိုပါဘူးလို့။ မြန်မာကျောင်းသားတွေထဲမှာ ကောင်းကောင်းနားလည်တဲ့သူတွေ အများကြီး ရှိပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါက စကားစပ်လို့ပြောပြတာပါ ဘုရား။

တပည့်တော် ဆိုလိုချင်တာက ဒီလိုပါ တပည့်တော်တို့ ဘာပဲဖြစ်ဖြစ် လက်ရှိ ကိုယ့်ရဲ့အနေအထားကို ကိုယ်သိပြီးတော့ ငါဟာ ဘယ်လိုလဲဆိုတာ သိပြီးတော့ အရည်အချင်းပြည့်ပြီဆိုရင်လဲ ပြည့်သထက် ပြည့်အောင်၊ အရည်အချင်းမပြည့်သေးဘူးဆိုရင်လဲ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းရှိအောင် ဖြည့်ကြပါ။ ဖြည့်ဖို့လဲပဲ လိုအပ်နေတယ်။ တပည့်တော်တို့က နောင်တချိန်မှာ ဒီကနေ ပြီးသွားပြီး အလုပ်တွေ လုပ်ကြမယ်။ အဲဒီလို လုပ်ကြတဲ့အခါမျိုးမှာ တွင်တွင်ကျယ်ကျယ်နဲ့ အောင်အောင်မြင်မြင်ဖြစ်အောင်လုပ်နိုင်ဖို့။ တွင်တွင်ကျယ် ကျယ် အောင်အောင်မြင်မြင်ဆိုတာက နာမည်ကြီးတာ၊ ဘုန်းကြီးတာကို ပြောတာမဟုတ်ပါဘူး ဘုရား။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ကိုယ့်လူ့အသိုင်းအ၀ိုင်းကို ဘယ်လောက်အကျိုးပြုသလဲ အဒါကို ပြောတာပါ။ အဲလိုမျိုးတွေ လုပ်နိုင်အောင် အခု တပည့်တော်တို့က ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပြည့် အောင့်ဖြည့်ထား ဖို့လိုတယ် ဘုရား။ ဒါမှ တပည့်တော်တို့ရဲ့ ဒကာ၊ ဒကာမတွေက ထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေတွေ ကုန်ရကျိုးနပ်မယ်။ တပည့်တော်တို့ကိုယ်တိုင်ပေးဆပ်ရတဲ့ အချိန်တွေ၊ လုပ်အားတွေအတွက် ထိုက်တန်တဲ့ အကျိုးရလာဘ် ပေါ်ထွန်းလာမယ်။

အချုပ်ပြောရရင်တော့ အခုကတည်းက လမ်းလွဲမလိုက်မိစေဘဲနဲ့ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိ အောင်ကြိုးစားပြီး ဖြည့်ထားကြပါ။ ပြီးတော့ အခု ဒီမှာ တပည့်တော်တို့ ကံကောင်းလို့ ဆုံလာကြတဲ့အခိုက် အတန့်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့၊ သည်းခံဖို့ ဒါကလဲပဲ အလွန်အရေးကြီးတယ်။ ပြီးတော့ စုပေါင်းလုပ်ခြင်းရဲ့ အနှစ်သာရက ညီညီညွတ်ညွတ်နဲ့ အလုပ်တစ်ခု မြန်မြန်နဲ့ လွယ်လွယ်ပြီးဖို့။ စိတ်ဝမ်းကွဲဖို့ မဟုတ်ဘူး ဘုရား။ အဲဒီတော့ ကျဉ်းမြောင်းတဲ့ အမြင်တွေကိုဖျောက်။ ကိုယ်အတ္တကို ရှေ့တန်းမတင်ကြနဲ့။ လူရည်လည်ပါ လူလည်မကျမိစေနဲ့၊ ပါးနပ်ပါ လူပါးမ၀မိစေနဲ့၊ အဲဒါဆိုလို့ရှိရင် တပည့်တော်တို့က ဘယ်လိုဖြစ်မလဲဆိုရင် ညီညီညွတ်ညွတ်နဲ့နေပြီး ကိုယ့်ရဲ့ရည်မှန်းချက်အောင်မြင်နိုင်ပါလိမ့်မယ်။

အရှင်ဘုရားတို့အားလုံး ကိုယ့်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပညာရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီးတော့ တပည့်တော်တို့ရဲ့ ဘာသာရေးရှုထောင့်ကပြောရင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရကြရောက်ကြ ပါ စေဘုရား။

သာဓု သာဓု သာဓုပါဘုရား။

{Record လုပ်ပေးထားတဲ့ လောကုဟာမူးတရူးဦးအဂ္ဂ၀ံသကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာ ကနေ ပြောကြားလိုက်ပါတယ်။}

Read More...

Monday, December 5, 2011

လင်္ကာမြေက မြန်မာကြယ်တစ်ပွင့် (ခ) အရှင်ဝဏ္ဏသီရိ


သိပ်မကြာခင်အချိန်များဆီက ညဦးပိုင်းတွေရောက်လာပြီဆိုရင် အခန်းရှေ့က ကွပ်ပျစ်ကလေးပေါ် ထိုင်ရင်း ရဟန်းညီအစ်ကိုတွေ စကားဝိုင်းဖွဲ့ကြဖူးတယ်။ စကားဝိုင်းကို ဦးဆောင်သူကအခုလင်္ကာကျွန်းကနေ ထူးထူးခြားခြားဒေါက်တာဘွဲ့ရသွားတဲ့အရှင်ဝဏ္ဏသီရိပါ။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မှာ ကျွန်ုပ်တို့ နေခဲ့စဉ်က နောင်တော်ကြီး အရှင်ဝဏ္ဏသီရိ နဲ့ ရင်းရင်းနှီးနှီး မရှိခဲ့ပါဘူး။ သူက အင်္ဂလိပ်စာဌာနက နည်းပြဆရာ၊ ကျွန်ုပ်တို့က စာသင်နေသောကျောင်းသား။ အလှမ်းဝေးလွန်းတယ်။ မြင်ဖူး တွေ့ဖူးနေပေမယ့် စကားပြောဖူးတဲ့အထိကို မရောက်ခဲ့ရပါဘူး။ သူ့ရဲ့ အနေအထိုင် တည်ကြည် ငြိမ်သက်မှုကြောင့်လည်း ပါမယ် ထင်ပါတယ်။ အခု … လင်္ကာကျွန်းပေါ်ကို ကျွန်ုပ်တို့ ရောက်လာခဲ့မှ ရင်းရင်းနှီးနှီး စကားပြောဖြစ်တဲ့ အဆင့်ကို ရောက်ခဲ့ရော ဆိုပါတော့။ အမှန်က ကျွန်ုပ်တို့ရဲ့ နောင်တော်ကြီးဟာ အစောပိုင်း အချိန်များအတွင်း ကျွန်ုပ်တို့နဲ့ အတူနေတာတော့ မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ Ph.D ဘွဲ့အတွက် တစ်နေရာမှာ နေထိုင်ရင်း ပညာရေးအတွက် လုပ်ဆောင်နေခဲ့တာပါ။

၂၀၁၁-နှစ်ဦးပိုင်းမှာ PhD အတွက် dissertation အပြီးသတ်ရန် မကုဋာရာမမြန်မာကျောင်းသို့ ကြွလာခဲ့ပါတယ်။ ဒီတော့မှ ကျွန်ုပ်တို့နဲ့ စကားတွေ ပြောဖြစ်ကြရင် ခင်မင်မှုတွေလည်း ပိုခဲ့ကြတာပေါ့ နောင်တော်ကြီးနဲ့ စကားပြောဖြစ်ကြတဲ့အခါများ ရောက်လာတဲ့အခါ … ကျွန်ုပ်တို့တတွေ သူ့ဆီကနေ ရလိုက်တာတွေ အများကြီးမှ အများကြီးပါ။ လင်္ကာကျွန်းရဲ့ ဗဟုသုတတွေ၊ လင်္ကာကျွန်းပေါ်က စာပေပညာရှင်တွေအကြောင်း၊ လင်္ကာကျွန်းပေါ်က ထင်ရှားတဲ့ တက္ကသိုလ်ကြီးများရဲ့ ပညာရေး၊ ဗုဒ္ဓစာပေများထဲက တိမ်မြုပ်ကွယ်ဝှက်နေတဲ့ မနှိုက်ထုတ်နိုင်သေးတဲ့ အကြောင်းလေးတွေ စသည် စသည် များစွာပါပဲ။

တစ်ခါတလေ သူ့ရဲ့ ပညာရေး ခရီးလမ်းကြီးကိုလည်း တီးခေါက်ကြည့်မိသေးတယ်။ ပညာရေးအတွက် လာခဲ့ရတဲ့ ခရီးလမ်းဟာ သူ့အတွက် ရှည်လွန်းလှပါလား။ဟိုး … စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အတွင်းမှာရှိတဲ့ မန်ကျည်းဖြူရွာမှာ မွေးဖွားခဲ့တဲ့ နောင်တော်ကြီးဟာ အချိန်တန်တော့ စစ်ကိုင်းတောင်ရိုးမှာ ရှိတဲ့ မန်းကျည်းဖြူရွာမြောက်ကျောင်းကြီးတိုက် ဆရာတော် ဦးညာဏိန္ဒ၊ ဦးဓမ္မိဿရ စတဲ့ ဆရာအရှင်မြတ်များထံ ပညာများ ဆည်းပူးရင်း၊ နေနည်းထိုင်နည်းနှင့်တကွ စိတ်ဓာတ် ဇွဲသတ္တိတွေပါ ကူးစက်ခွင့် ရခဲ့ပါတယ်။ ဒီ့နောက် ပါဠိကာရီ သုံးခွဆရာတော် ဦးမဟောသဓာဘိဝံထံတွင် ပညာသင်ခွင့် ရရှိခဲ့ပြီး ဆက်တိုက် ဆက်တိုက် ဆိုသလို ရန်ကုန်မြို့ ဘီးလင်းတိုက်သစ်ဆရာတော် ဦးပညောဘာသ၊ တစ်ဖန် သဇ္ဇနောဒယကျောင်းတိုက် ဆရာတော်ဘုရား ဦးသဇ္ဇနာဘိဝံသဆီ ပညာသင်ခွင့် ရရှိခဲ့ပါတယ်။

ပညာရေးအတွက် ရေမြေကောင်း၊ ဝမ်းစာပြည့်ဝလာတဲ့အခါ နိုင်ငံတော်အစိုးရက အပ်နှင်းတဲ့ သာသနဓဇဓမ္မာစရိယဘွဲ့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ကနေ အပ်နှင်းတဲ့ သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism) ဘွဲ့၊ အဲဒီ့နောက်ပိုင်း နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှာပဲ မဟာဓမ္မာစရိယ အတွက် ၂ နှစ်တိုင်တိုင် ပြီးမြောက်အောင် တက်ရောက်ခဲ့ပါသေးတယ်။ ပညာရေးမှာ ထူးချွန်၊ အနေအထိုင် တည်ငြိမ်မှု ရှိနေတဲ့ နောင်တော်ကြီးကို ရန်ကုန် သာသနာ့တက္ကသိုလ်က အင်္ဂလိပ်စာဌာန နည်းပြအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပါတော့တယ်။ 
 
ဒီလောက်နဲ့ ကျွန်ုပ်တို့ရဲ့ နောင်တော်ကြီးဟာ ပညာရေးမှာ အားရတင်းတိမ်တယ် မရှိပါဘူး။ အခွင့်ကောင်းကို မျှော်ရင်း ကြိုးစားရင်းနဲ့ ၂၀၀၂ မှာ သီရိလင်္ကာကို ကြွရောက်ပြီး ပညာသင်ပါတော့တယ်။ ၂၀၀၃ ကို ရောက်လာတဲ့အခါ Social Aspect of Theravada Buddhism ဆိုတဲ့ စာတမ်းကို တင်သွင်းပြီး ကေလနီယ တက္ကသိုလ်ကနေ M.A ဘွဲ့ကို ရရှိခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ လင်္ကာကျွန်းပေါ်မှာလည်း အင်္ဂလိပ်စာပေနဲ့ ပတ်သက်ရင် နာမည်ကျော်နေတဲ့ ကောလိပ်တွေ ရှိသေးတယ်။ ဒီ ကောလိပ်တွေကိုလည်း ကျွန်ုပ်တို့ရဲ့ နောင်တော်ကြီးဟာ လက်လွတ်မခံပါဘူး။ မရ ရအောင်ကို တက်လိုက်သေးတယ်။ Aquainas , Royal institute American College တွေကနေ အင်္ဂလိပ်စာ ဒီပလိုမာတွေ ထပ်ရလာတယ်။ နောင်တော်ကြီးရဲ့ ပညာရေး အာသာမပြေမှုဟာ ဒီမှာတင် ကိစ္စမပြီးခဲ့သေးပါဘူး။ 
 
ခက်ခက်ခဲခဲ ရယူရတဲ့ လင်္ကာကျွန်းပေါ်က Ph.D ဘွဲ့ကို နောင်တော်ကြီးဟာ ထပ်မျှော်လင့်ပြန်ပါရော။ တစ်ခုရှိတာက လင်္ကာကျွန်းရဲ့ Ph.D ဘွဲ့ဆိုတာ M.A ရပြီးတာနဲ့ တန်းပြီး တက်လို့ မရသေးဘူး။ သူတို့ နှစ်ခုကြားမှာ Mphil ဆိုတဲ့ အတန်းတစ်ခုက ပေါင်းကူးထားသေးတယ်။ အဲဒီ့ Mphil ကို အောင်မြင်ပါမှ Ph.D ကို ဆက်လက် လုပ်ဆောင်ခွင့် ရှိတာပါ။ ၂၀၀၅ မှာ Mphil ကို စတင်တက်ရောက်ပြီး ၂၀၀၆ ရောက်တော့ ပြီးသွားပါတယ်။ ဒီနောက်တော့ doctoral student ပေါ့။

နောင်တော်ကြီးဟာ Ph.D ဘွဲ့ ရဖို့အတွက် ၅ နှစ်တိတိ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ရပါတယ်။ Ph.D အတွက် နောင်တော်ကြီးရဲ့ Dissertation ဟာ An Annotated Translation of the Pattamaparajika kanda of the Samantapasadilca Together with a General introduction ပါ။ တစ်ခု ထူးခြားတာက အဲဒီ Dissertation ကို တင်ပြီး viva ထိုင်တဲ့အချိန်မှာ တက္ကသိုလ်ဘုတ်အဖွဲ့က အားရကျေနပ်စွာ အတည်ပြုပေးလိုက်တာပါ။ပိုပြီးဂုဏ်ယူစရာကောင်းတာက နောင်တော်ကြီးရေးတဲ့ကျမ်းဟာ ဒေါက်တာဘွဲ့အတွက် အလွန်ထိုက်တန်တဲ့ ကျမ်းတစ်စောင် ဖြစ်ကြောင်း ဒါရိုက်တာကိုယ်တိုင်က ချီးကျူး ဂုဏ်ပြုလိုက်တာပါပဲ။

လင်္ကာမှာ PhD ဘွဲ့အတွက် ပညာသင်ယူနေရင်း တစ်ဖက်ကလည်း ပညာဖြန့်ဝေးခဲ့ပုံကိုလည်း တင်ပြချင်ပါသေးတယ်။ ကိုလံဘိုမြို့၊ ဒုဂေဂေါဓရှိ Sunday Dhamma School မှာ အခြေခံပါဠိနဲ့ အဘိဓမ္မာတို့ကို အင်္ဂလိပ်ဘာသာဖြင့် သုံးနှစ်တိုင်တိုင် သင်ကြားပေးခဲ့ပါတယ်။ သီရိလင်္ကာရောက်လာပြီး B.A, M.A တက်ရောက်ကြမယ့် ညီတော်နောင်တော်တို့ အတွက်လည်း အင်္ဂလိပ်စာ မွမ်းမံသင်တန်းကို တနင်္ဂနွေနေ့တိုင်း ပို့ချပေးခဲ့ပါတယ်။ ပြီးတော့ M.A, M.phil, PhD တက်ရောက်ကြမယ့် ညီတော် နောင်တော်များ အတွက်လည်း ဘွဲ့ယူ သုတေသနကျမ်းရေးနည်း စာအုပ်ကို ရေးသားခဲ့ပါတယ်။

ကျွန်ုပ်တို့ရဲ့နောင်တော်ကြီးဟာ ပါဠိနှင့် ဗုဒ္ဓစာပေ လေ့လာမှုဆိုင်ရာ ဘွဲ့လွန်တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ကို ရခဲ့ပါပြီ။ ဒီလို ဒေါက်တာဘွဲ့ရတဲ့ မြန်မာရဟန်းတော်များဟာဆိုရင် လင်္ကာကျွန်းပေါ်မှာ ၂- ပါးထက် ပိုမရှိခဲ့သေးပါဘူး။ ဒါကြောင့် ရှားရှားပါးပါးလို့ ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။
နောင်တော်ကြီးရဲ့ ပညာရေးခရီး၊ သူတက်ရောက်တဲ့ တက္ကသိုလ်တွေအကြောင်း တစ်စွန်းတစ်စ သိရပြီးတဲ့အခါ … ကျွန်ုပ်တို့ နောင်တော်ကြီးဟာ ဘာတွေများ လုပ်ဆောင်နေပါသေးသလဲလို့ ထပ်ပြီး တီးခေါက်ကြည့်မိပါသေးတယ်။ ဒီတော့မှ … သူဟာ စာလည်းရေးတယ်၊ စာလည်း သင်တယ်ဆိုတာကို သိလိုက်ရပါတယ်။
 
အရှင်ဝဏ္ဏသီရိ (လင်္ကာ)၊ မဟော်သဓာ (ဘီးလင်း)၊ မင်းမဟော်၊ ဒေါက်တာဝဏ္ဏ (လင်္ကာ) ဆိုတဲ့ ကလောင်တွေနဲ့လည်း စာရေးသေးတယ်။ အဘိဓမ္မာမိတ်ဆက်၊ သုတေသန? ၊ အင်္ဂလိပ် - မြန်မာ သုတေသန ဘာသာပြန်ဆောင်းပါးများ စတာတွေကိုရေးခဲ့ဖူးပါတယ်။ လင်္ကာကျွန်းကနေ မြန်မာပြည်ကိုပြန်ရောက်တဲ့အခါ နောင်တော်ကြီး လုပ်ဆောင်မှာတွေ ထပ်ပြီး ရှိသေးပါသေးတယ်။ ရန်ကုန်မြို့ ဘီးလင်းတိုက်သစ်မှာ အင်္ဂလိပ်စာ သင်တန်းများ၊ Sunday School တနင်္ဂနွေ ဗုဒ္ဓစာပေသင်ကြားမှု သင်တန်းတွေကို ဖွင့်လစ်ထားပြီး သင်တန်းများကို ပို့ချပေးနေပါတယ်။ ဆက်လက်ပြီး ပညာရေးဆိုင်ရာ စာပေဆောင်းပါးများကို ဆက်လက် ရေးသာမည်ဖြစ်ကြောင်း သိလိုက်ရပါတယ်။

ပညာရေးမှာ စွမ်းအားမြင့်ပြီး၊ အလုပ်လုပ်နိုင်စွမ်း ရှိတဲ့ ကျွန်ုပ်တို့ရဲ့ နောင်တော်ကြီးကို ဂုဏ်ယူမိပါတယ်။ ရင်းရင်းနှီးနှီး ခင်မင်ခွင့်ရခဲ့တာကိုလည်း ကျေနပ်မိပါတယ်။ ညတွေ ညတွေမှာ နောင်တော်ကြီးနဲ့ စကားတွေ ပြောဖြစ်ခဲ့တာကိုလည်း တစ်သက်တာ အမှတ်တရပါပဲ။ နောင်တော်ကြီးဆီက ရလိုက်တဲ့ ဗဟုသုတတွေလည်းမနည်းမနောပါ။ ဒီ့အတွက်နောင်တော်ကြီးကို ကျးဇူးတင်မိပါတယ်။ ကျးဇူးတင်မိသည့်အလျောက် နောင်တော်ကြီးကို ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါကြောင်း …။

ကျွန်ုပ်တို့ရဲ့ နောင်တော်ကြီး ဒီ့ထက်မက အများအကျိုး၊ သာသနာ့အကျိုးကို စွမ်းအားကြီးစွာ ရွက်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း … ရိုသေစွာ ဦးတင်လိုက်ပါတယ်။

http://www.lankamsma.org/2011/12/blog-post_8939.html မှ ကူးယူဖော်ပြပါသည်။

Read More...

Tuesday, January 11, 2011

ဒီမိုကရေစီရရင်တော့…………


ဒီမိုကရေစီရရင်တော့ လို့ ခေါင်းစဉ်တပ်ထားပေမယ့် နိုင်ငံရေးအကြောင်းတော့ မဟုတ်ပါဘူး။ စာရေးသူ တတ်နေတဲ့ ( Buddhist and Pali University of Sri Lanka ) ဘီပီယူ တက္ကသိုလ် စာမေးပွဲဖြေပြီး နောက်ဆုံးနေ့မှာ သူငယ်ချင်းတစ်ပါးထံက ပွင့်အန်ကျလာတဲ့ အကြောင်းလေးကို မျှဝေချင်လို့ သူ့စကားအတိုင်းပဲ ခေါင်းစဉ်တပ်လိုက်တာပါ။

တက္ကသိုလ်တွေရဲ့ ထုံးစံအတိုင်း စာသင်နှစ်ရဲ့ နောက်ဆုံးနေ့မှာ မေဂျာပေါင်းစုံ စုပေါင်းပြီး ဓာတ်ပုံရိုက်ကြပါတယ်။ စာရေးသူတို့ တတ်ရောက်ရာ( Buddhist and Pali University of Sri Lanka ) ဘီပီယူ တက္ကသိုလ်လည်း စုပေါင်းပြီး ဓာတ်ပုံရိုက်ဖို့ရန် ဆင်ဟာလ ကျောင်းသူတစ်ယောက်က ဦးဆောင်ပြီး ဆင်ဟာလတွေရော နိုင်ငံခြားသားတွေကိုရော တစ်ယောက်ကို ရူပီး ၁၀၀၀ စီ ကောက်ပါတယ်။ အများစုကတော့ ဆင်ဟာလမီဒီယံသမားများသာ ဖြစ်ပြီး အင်္ဂလိပ်မီဒီယံသမားများကတော့ အနည်းစုဖြစ်တဲ့ မြန်မာရဟန်းတော်များနဲ့ ကမ္ဗောဒီးယားရဟန်းတော်များသာ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာရဟန်းတော်များကတော့ မနက် ၈ နာရီ အရောက် ချိန်းထားလို့ နောက်ကျမှာ ကြောက်တာနဲ့ သုံးဘီးကားနဲ့ သွားကြပါတယ်။ စာရေးသူတို့ ကျောင်းကို ရောက်ချိန်မှာတော့ ဆင်ဟာလမီဒီယံသမား အနည်းစုသာ ရောက်ပါသေးတယ်။ အင်္ဂလိပ် မီဒီယံသမားများဖြစ်တဲ့ စာရေးသူတို့ မြန်မာရဟန်းတော်များနှင့် အခြားကမ္ဗောဒီးယား ရဟန်းတော်များသာ စောစီးစွာ ရောက်နေကြပါတယ်။ သို့သော် မိမိနိုင်ငံသားများကို ဦးစားပေးလေ့ရှိသောသူတို့ရဲ့ ထုံးစံအတိုင်း ဆင်ဟာလမီဒီယံသမားများကို ဦးစားပေးပြီး ပထမဆုံး ဓာတ်ပုံရိုက်ပါတယ်။ နောက်ကျမှ ရောက်လာသူများနဲ့ ကျန်နေသေးတဲ့ ဆင်ဟာလမီဒီယံသမားများကို ဒုတိယအကြိမ် ဓာတ်ပုံရိုက်ပေးပြန်ပါတယ်။ စာရေးသူတို့ အင်္ဂလိပ်မီဒီယံသမားများကတော့ သူတို့အားလုံးပြီးမှ ဓာတ်ပုံရိုက်ရပါတယ်။

စာရေးသူတို့ နိုင်ငံခြားသားများအနေနှင့်ကြည့်ရင် စိတ်တိုစရာ၊ သည်းမခံနိုင်စရာလို့ ထင်ရပေမဲ့ သူတို့နိုင်ငံသားများအတွက်ကတော့ အတော်ကို ချစ်စရာကောင်းတဲ့ အပြုအမူဖြစ်ပါလိမ့်မယ်။ သူတို့ဓာတ်ပုံရိုက်နေတာကို ကြည့်ရင်းနဲ့ Prof. Sumanapala ပို့ချတဲ့ စာဝါတစ်ဝါကိုလည်း ပြန်ကြားယောင်မိနေပါသေးတယ်။ သူ သင်ကြားပို့ချတာ ကောင်းတာထက် သူ့စကားတစ်ခွန်းကို မှတ်မိနေလို့ပါ။

အဲဒီနေ့က Buddhism and Politic ဆိုတဲ့ ခေါင်းစဉ်နဲ့ ကူဋဒဏ္ဍသုတ်၊ စက္က၀တ္တိသီဟနာဒသုတ်တို့ကို အခြေခံပြီးတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများက တိုင်းသူ ပြည်သားများကို ထောက်ပံ့ပေးမှသာ ရာဇ၀တ်မှုများ ပပျောက်ပြီး တိုင်းပြည်အေးချမ်းသာယာမည့်အကြောင်း သင်ပါတယ်။ အဲဒီအကြောင်းအရာကို သင်ရင်းနဲ့ သီရိလင်္ကာနိုင်ငံအကြောင်းရောက်သွားပြီး သီရိလင်္ကာအစိုးရက ပညာရေးနဲ့ ကျန်းမာရေးတို့ကို အခမဲ့ဖြစ်အောင် ဆောင်ရွက်ပေးတဲ့အကြောင်းပြောပါတယ်။ နောက်ဆုံးကျမှ All these facilities are not for foreigners but for local people တဲ့။ စာရေးသူကတော့ ကြားစမှာ အတော်ကို အံ့သြသွားပါတယ်။ အားလည်း ကျမိပါတယ်။ အမျိုးကို ချစ်ပါတယ်ဆိုတဲ့ ကိုယ်တို့ ရွှေမြန်မာတွေ ဘာလုပ်ကြမလဲ လို့ အနားက သူငယ်ချင်းကိုတောင် ပြောလိုက်မိပါသေးတယ်။

နောက် မြန်မာနိုင်ငံမှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း သတိရမိပြန်ပါတယ်။ စာရေးသူ သီရိလင်္ကာကို လာဖို့ ပြင်ဆင်နေတဲ့ အချိန် ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စာရေးသူရဲ့ အစီအစဉ်တိုင်းဆိုရင် ၂၈.၁၁.၂၀၀၈ ရက်နေ့ လေယာဉ်နဲ့ ထိုင်းကနေ တဆင့် သီရီလင်္ကာကို သွားရမှာပါ။ သို့သော် ထိုင်း ရှပ်နီတွေက သုဝဏ္ဏဘူမိလေဆိပ်ကို အပိုင်စီးထားလို့ ထိုင်းကနေ သွားရမယ့် ခရီးစဉ်မှန်သမျှ ရက်ရွေ့ထားတယ်လို့ သိရပါတယ်။

စာရေးသူလည်း ဘယ်နေ့ သွားရမယ်ဆိုတာ အတိအကျသိရအောင်လို့ ထိုင်းအဲယားဝေးကို သွားမေးပါတယ်။ ထိုင်းအဲယားဝေးရုံးချုပ်ရှိရာ ဆာကူရာတာဝါအောက်ထပ်မှာလည်း နိုင်ငံခြားသားတွေရော မြန်မာနိုင်ငံသားတွေရော ပြည့်နေပါတယ်။ ကောင်တာကို ရောက်ဖို့ တဖြည်းဖြည်းနဲ့ တန်းစီပြီးသွားရပါတယ်။ စာရေးသူရှေ့က နိုင်ငံခြားသားတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့သိချင်တာမေးပြီး ထွက်သွားကြပါတယ်။

စာရေးသူ အလှည့်ရောက်တော့လည်း ကိုယ်သိချင်တာကို မေးလိုက်ပါတယ်။ သို့သော် လေယာဉ်လက်မှတ် အရောင်းစာရေးက စာရေးသူမေးတာကို မဖြေဘဲ နောက်က နိုင်ငံခြားသူကို What can I help you, Madam? ဆိုပြီး လှမ်းမေးလိုက်ပါတယ်။ နိုင်ငံခြားသူကလည်း ချက်ချင်းပဲ Oh! Thanks, you should serve him first because he stands before me. လို့ ပြန်ပြောလိုက်ပါတယ်။

စာရေးသူကတော့ ကိုယ့်အလှည့်ရောက်လို့ မေးတာကို မဖြေဘဲ နိုင်ငံခြားသူကို ကျော်ပြီး လှမ်းမေးတဲ့ မြန်မာနိုင်ငံသား လေယာဉ်လက်မှတ်အရောင်းစာရေးကိုရော ကိုယ်မရသင့်တဲ့ အခွင့်အရေးကို မယူတတ်တဲ့ နိုင်ငံခြားသူကိုရော တစ်လှည့်စီ အံ့သြစွာနဲ့ ကြည့်နေလိုက်ပါတယ်။ ပြီးမှ နိုင်ငံခြားသူကို Thank you so much for your understanding. လို့ အကြိမ်ကြိမ် အထပ်ထပ် ပြောလိုက်ပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံသား လေယာဉ်လက်မှတ် အရောင်းစာရေးကတော့ ဧည့်ဝတ်ကျေပွန်တဲ့ နိုင်ငံကြီးသား ဖြစ်ကြောင်း ပြချင်လို့လား ၊ စာရေးသူမို့လား ၊ ဒါမှ မဟုတ် မြန်မာမှန်သမျှကို ဒီအတိုင်းပဲ ဆက်ဆံတာလား ဆိုတာတော့ မသိပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်စေ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံသမားနဲ့တော့ အတော်လေးကို ကွာပါတယ်။

စာရေးသူကတော့ ကိုယ့်အလှည့်မရောက်သေးလို့ သူငယ်ချင်းတစ်ပါးနဲ့ အတူ လမ်းလျှောက်နေရင်းသူတို့နိုင်ငံသားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဓာတ်ပုံတွေထုတ်ကြည့်ရင်း ဆူညံနေတဲ့ အသံတွေကို ကြားမှ စာရေးသူရဲ့ စိတ်တွေက ဓာတ်ပုံဝေတဲ့ဆီကို ပြန်ရောက်လာပါတယ်။ စာမေးပွဲ ဖြေပြီးတဲ့ (၂၇.၁၂.၂၀၁၀) ရက်နေ့မှာ ဓာတ်ပုံတွေ ရပါတယ်။ ထုံးစံအတိုင်းပါပဲ သူတို့ ဆင်လာဟ လူမျိုးတွေကိုပဲ အရင်ပေးပါတယ်။ စာရေးသူတို့ နိုင်ငံခြားသားတွေကတော့ နောက်ဆုံးမှ ရပါတယ်။ အဲဒီထက် ဆိုးတာက ( သူတို့နိုင်ငံသားအနေနဲ့ ကြည့်ရင် ချစ်စရာကောင်းတာက) ဆင်ဟာလလူမျိုးမှန်သမျှ မည်သည့်မီဒီယံကို တက်သည်ဖြစ်စေ ဓာတ်ပုံအပို တစ်ပုံ ပိုပေးခြင်းပါပဲ။

ဓာတ်ပုံတစ်ပုံရဲ့ တန်ဖိုးက ဈေးကြီးလို့ ၊ ဒါမှ မဟုတ် အဲဒီလို ဓာတ်ပုံ အပိုတစ်ပုံ လိုချင်လို့ အခုလိုပြောနေတာ မဟုတ်ပါဘူး၊ သူတို့နိုင်ငံသားအချင်းချင်းအပေါ် ဦးစားပေးတတ်တဲ့ ၊ တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ကို လေးစားလို့ ၊ အားကျလို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံခြားသားတွေကတော့ စုပေါင်း ဓာတ်ပုံတစ်ပုံစီပဲ ရပါတယ်။ သူတို့လူမျိုးအပေါ် သူတို့ ချစ်တက်တဲ့ အပြုအမူလေးတွေကို မြင်ရင်း အားကျလိုက် ၊ မနာလိုဖြစ်လိုက်နဲ့မို့ သူငယ်ချင်းနဲ့ စကားတောင် မပြောဖြစ်ပါဘူး။

သူငယ်ချင်းကတော့ သူတို့နိုင်ငံသားတွေကို ဓာတ်ပုံအရင်ဝေပေးနေတာကို ကြည့်ရင်းနဲ့ အတော်ကို ဒေါသထွက်နေတယ်နဲ့တူပါတယ်။ ငါတို့နိုင်ငံ ဒီမိုကရေစီရရင်တော့ …. ငါတို့လည်း ပညာရေးကဏ္ဍရဲ့ အရေးပါတဲ့ နေရာကို ရောက်နေမှာပါကွာ၊ အဲဒီအခါကျမှ ဒီ ဆင်ဟာလ လူမျိုးတွေအတွက် သီးသန့် စည်းမျဉ်းဆွဲထားရမယ်၊ ကျောင်းဝင်ကြေးကိုလည်း သူတို့အတွက် သီးသန့် သတ်မှတ်ထားရမယ်၊ သူတို့လူမျိုးတွေကို သူတို့ချစ်တာထက် ငါတို့က ငါတို့လူမျိုးတွေကို ဆယ်ဆ ပိုပြီး ချစ်ပြမယ်…….ဆိုပြီး သူ့ရဲ့ ရင်တွင်းက စကားအချို့ ပွင့်အန်ကျလာပါတယ်။

စာရေးသူကတော့ သူငယ်ချင်းကို ငေးကြည့်ရင်း ဒီမိုကရေစီရရင်တော့………… ဆိုတဲ့ သူ့စကားလုံးလေး နားထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်နေပါတော့တယ်။ ။


Read More...

Thursday, October 7, 2010

မြတ်သော တောထွက်တော်မူခြင်း



မြတ်ဗုဒ္ဓရဲ့ ဗုဒ္ဓ၀င်ကို လေ့လာကြည့်မယ်ဆိုရင် သူ့ရဲ့တစ်ဦးတည်းသော သားဖြစ်တဲ့ သားတော်ရာဟုလာမွေးဖွားပြီး မကြာခင်မှာပဲ တောထွက်တော်မူခဲ့တယ်ဆိုတာ သိရပါတယ်။ အများလက်ခံထားတဲ့ ဗုဒ္ဓ၀င်အလိုအရ ရာဟုလာမွေးတဲ့ည နန်းတွင်းမှာ အခြားသူများ အိပ်ပျော်နေချိန်မှာပဲ တောထွက်တော်မူခဲ့ပါတယ်။

လူသားတစ်ယောက်ရဲ့ တာဝန်တွေ ပျက်ကွက်မှုကြောင့် အနောက်တိုင်း ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီအချက်ကို သိပ်ပြီးတော့ နှစ်သက်ပုံ မပေါ်ပါဘူး။ အမှန်အားဖြင့် လူတစ်ယောက်ဟာ မိသားစုတာဝန် ၊ သို့မဟုတ် ကိုယ့်ရဲ့သားသမီး အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်ရမယ့်တာဝန်တွေ မပျက်ကွက်သင့်ဘူးဆိုတာလည်း လောကနိယာမအနေနဲ့ မှန်ပါတယ်။

အရှေ့တိုင်း ဗုဒ္ဓဘာသာဝင်အများစုကတော့ ဗုဒ္ဓ၀င်တော်ရဲ့အလိုအရ သူ့ရဲ့မွေးကင်းစ သားငယ်လေးနဲ့ ဇနီးမယားထက် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်မှုကို ရှာဖွေမယ်ဆိုတဲ့ ခိုင်မာပြက်သားတဲ့ စိတ်ဓာတ်ကို မဏ္ဍိုင်ပြုထားတယ်လို့ ဆိုပါတယ်။
ဒီ တောထွက်ဖို့ရာ ဆုံးဖြက်ချက်နဲ့ ပတ်သက်ပြီး တရားမျှတမှုဆိုတာ မြတ်ဗုဒ္ဓအလောင်းတော်လက်ထက် အိန္ဒိယနိုင်ငံယဉ်ကျေးမှု အတွင်းမှာတည်ရှိနေတဲ့ အယူအဆနှစ်ရပ်မှာ မူတည်ပါတယ်။

ပထမအယူအဆကတော့ ဇနီးမယားနဲ့ သားသမီးများဟာ ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်ပါတယ်။
ဒုတိယအယူအဆကတော့ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် သားသမီးနဲ့ ဇနီးမယားဟာ ယောကျာ်းတစ်ယောက်ရဲ့ အတွယ်တာဆုံးပစ္စည်းတွေလည်း ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ဘ၀ရဲ့လွတ်မြောက်မှုကို ရှာဖွေရန်အတွက် မွေးကင်းစ ကလေးငယ်နဲ့ ဇနီးမယားကို စွန့်လွတ်ကာ တောထွက်တော်မူခဲ့တယ်ဆိုတာ ယောကျာ်းတစ်ယောက်လုပ်နိုင်တဲ့ အလုပ်တွေထဲက အခက်ခဲဆုံးအလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ဘုရားအလောင်းတော်ရဲ့ အစွဲအလမ်းမကြီးမှု ၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရိုးသားမှု၊ မှန်ကန်မှု ၊ မြင့်မြတ်မှု တို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဇာတကဋ္ဌကထာများအလိုအရ သားသမီးနဲ့ ဇနီးမယားကို စွန့်လွတ်ခြင်းဆိုတာ ဘုရားအလောင်းတော်များ မလွဲမသွေ ဖြည့်ကျင့်ရမဲ့ စွန့်ခြင်းကြီးငါးပါးထဲက တစ်ပါး ပါပဲ။ ဂေါတမဗုဒ္ဓအလောင်းတော်ဟာ ဝေဿန္တရာမင်းဘ၀မှာ သားသမီးတို့ကို ရက်စက်ကြမ်းကြုတ်တဲ့ ဇူဇကာပုဏ္ဏားထံလှူပြီး ဇနီးမယားကိုလည်း (သိကြားမင်းဖန်ဆင်းထားတဲ့) ပုဏ္ဏားထံ စွန့်လွတ်လှူဒါန်းခြင်းဖြင့်် ဒါနပါရမီကို ဖြည့်ကျင့်တော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓအလောင်းတော်ဟာ လောကသားများအတွက် သံသရာမှ လွတ်မြောက်မှုကို ရှာဖွေချင်တဲ့အတွက်ကြောင့် သူ့ရဲ့ဇနီးမယားနဲ့ သားငယ်ကို စွန့်လွတ်ခဲ့တယ်လို့ ဗုဒ္ဓဘာသာဝင်တွေက ပြောဆိုကြပါတယ်။ သို့သော် မြတ်ဗုဒ္ဓအလောင်းတော် ကိုယ်ကျိုးမငဲ့ဘဲ လောကသားအားလုံးအတွက် သံသရာမှ လွတ်မြောက်မှုကို ရှာဖွေခဲ့တယ်လို့ ရှေးဟောင်းကျမ်းစာတွေက ရှင်းလင်းတိကျစွာ ဖော်ပြမထားပါဘူး။ ဒါကြောင့် သိဒ္ဓတ္ထမင်းသားဟာ လောကသားများအတွက် သေခြင်းကင်းရာကို ရှာဖွေမယ်ဆိုပြီး ဇနီးမယားနဲ့ သားငယ်ကို စွန့်လွတ်ခဲ့တယ်ဆိုတဲ့ အချက်ကလည်း အတိအကျပြောလို့မရပါဘူး။

ဗုဒ္ဓ၀င်များမှာ ခြယ်မှုန်းဖော်ပြထားတဲ့အတိုင်း သိဒ္ဓတ္ထမင်းသားရဲ့ မူလစိတ်ဓာတ်ဟာ သူတစ်ယောက်တည်းအတွက် အိုခြင်း ၊ နာခြင်း၊ သေခြင်းများမှ လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့ပါပဲ။ သိဒ္ဓတ္ထမင်းသား တောထွက်ရာမှာ “ တစ်လောကလုံးအတွက်” ဆိုတဲ့ စေတနာ သဒ္ဓါတရားပါတယ်လို့ ပြောရတာ ခက်ခဲပါတယ်။

မြတ်ဗုဒ္ဓ နဲ့ သူ့ရဲ့စွန့်လွတ်မှုများ ထင်ရှားလာတဲ့အခါမှသာ နောက်ပိုင်းကျမ်းစာတွေက တောထွက်မူခြင်းအကြောင်းကို အကျယ်တ၀င့်ဖော်ပြကြတာပါ။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ကိုယ်ကျိုးစွန့်ပြီး တောထွက်ခဲ့တယ်ဆိုရင်တောင် ဘုရားဖြစ်တော်မူပြီးနောက်ပိုင်းမှာ တချို့အချက်တွေကို နားလည်ရခက်ခဲပါတယ်။

ဘာကြောင့်လည်းဆိုတော့ မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် အခြားသူများကိုလည်း သူတို့ရဲ့ ဇနီးမယား သမီးသားများကို စွန့်လွတ်ပြီး ရဟန်းဘောင်မှာ နေဖို့ တိုက်တွန်းတော်မူခဲ့တာတွေကို တွေ့ရပါတယ်။ ဒီအကြောင်းအရာ အချို့ကို သုတ္တနိပါတ၊ ဓမ္မပဒဂါထာ ၃၄၅၊ ၃၄၆ နဲ့ သံယုတ္တနိကာယတို့မှာ တွေ့နိုင်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ သာသနာတော်မှာ ပထမဆုံးဝင်ရောက်လာကြတဲ့ ရဟန်းတော်များရဲ့ အချို့ဇနီးမယားများဟာ “ ရဟန်းဂေါတမဟာ ငါတို့ မိသားစုများအား ခွဲခွာပြီး ငါတို့ယောကျာင်္းတွေကို သွေးဆောင်ဖြားယောင်းကာ ဇနီးမယားနဲ့ သားသမီးတွေရဲ့အဝေးကို ခေါ်သွားတယ် ” လို့ စွပ်စွဲပြစ်တင်ကြပါတယ်။ သို့သော် မြတ်ဗုဒ္ဓဟာ တရားဓမ္မနှင့်အညီ လူအများကို လက်ခံယုံကြည်ကိုးကွယ်စေသူလို့ ပြောနိုင်ပါတယ်။

သာသနာတော်မှာ အလွန်ထင်ရှားတဲ့ ဥဒါနသုတ္တန်မှာ ရဟန်းငယ်တစ်ပါး တရားထိုင်နေစဉ် မှာ သူ့ရဲ့ဇနီးမယားဟောင်းက မိသားစုကို ထောက်ပံ့ဖို့ လာပြောတယ်လို့ ဆိုပါတယ်။ အဲဒီရဟန်းတော်ရဲ့ ဇနီးမယားဟောင်းဟာ သူနဲ့ သူ့သားသမီးများကို ထောက်ပံ့ပေးဖို့ အကြိမ်ကြိမ်ပြောသော်လည်း ရဟန်းငယ်ဟာ သူ့ရဲ့ ဇနီးမယားကို လှည့်မကြည့်ပါဘူး။ နောက်ဆုံးမှာတော့ ရဟန်းငယ်ရဲ့ မယားဟောင်းဟာ သူ့မရဲ့ တောင်းဆိုမှုကို လက်လျော့ပြီး အဝေးကို ထွက်သွားပါတော့တယ်။

မြတ်ဗုဒ္ဓဟာ ဒီအကြောင်းကို သိတော်မူသော်လည်း ရဟန်းငယ်အား လူထွက်ကာ မိသားစုကို ပြုစုထောက်ပံ့ပေးဖို့ တိုက်တွန်းတော်မမူခဲ့ပါဘူး။ ထို့အပြင် ရဟန်းငယ်ရဲ့ မတုန်မလှုပ် ခိုင်မြဲတဲ့ စိတ်ဓာတ်ကို ဂါထာတစ်ပုဒ်နဲ့ ချီးမွမ်းလိုက်ပါတယ်။
အမှန်တကယ်တော့ လူတွေရဲ့အလားအလာကို မှန်ကန်စွာ သိမြင်ပြီး ဘ၀လွတ်မြောက်မှု ရနိုင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများအား သိနိုင်တဲ့ စွမ်းရည်တွေ မြတ်ဗုဒ္ဓမှာ ရှိတယ်လို့ ပြောလို့ရပါတယ်။

များသောအားဖြင့် မြတ်ဗုဒ္ဓဟာ လူ့ဘောင်ကို စွန့်ခွါပြီး ရဟန်းဘောင် တက်လှမ်းဘို့ တိုက်တွန်းရာမှာ လက်ရှိဘ၀မှာ တစ်မဂ် တစ်ဖိုလ် ရနိုင်တဲ့ သူတွေကိုသာ တိုက်တွန်းတော်မူတာပါ။

ဒီရှုထောင့်က ကြည့်မယ်ဆိုရင် လူတစ်ယောက်မှာ တာဝန်နှစ်ခုရှိပါတယ်။ ပထမ တာဝန်ကတော့ မိသားစုနဲ့ ဆွေမျိုးတို့ကို ပြုစုထောက်ပံ့ရမယ့် တာဝန်ပါပဲ။ ဒုတိယတာဝန်ကတော့ အဖန်ဖန်အထပ်ထပ် ပြန်လည်မွေးဖွားခြင်းမှ လွတ်မြောက်ရာ၊ ဒုက္ခအားလုံးရဲ့ကုန်ဆုံးရာလမ်းကို မိမိကိုယ်တိုင် သွားရန်ဆိုတဲ့ လေးနက်တဲ့ တာဝန်ပါ။

မိသားစု စားဝတ်နေရေးတွေအားလုံးအတွက် လူတစ်ယောက်တည်းအပေါ်မှာ တည်မှီနေတယ်ဆိုရင် အဲဒီလို လူမျိုးကို မြတ်ဗုဒ္ဓက ရဟန်းဝတ်ဖို့ တိုက်တွန်းတော်မမူပါဘူး။

တကယ်တော့ မြတ်ဗုဒ္ဓဟာ ဇနီးမယားအပေါ်မှာ ပြုကျင့်ရမယ့် ယောကျာ်းကောင်းတစ်ယောက်ရဲ့ တာဝန်၊ သားသမီးများအပေါ်မှာ ပြုကျင့်ရမယ့် ဖခင်ကောင်းတစ်ယောက်ရဲ့တာဝန် တွေကို သိင်္ဂါလောဝါဒသုတ် ၊ ဒီဃနိကာယ် ၃၁ မှာ ဟောတော်မူခဲ့ပါတယ်။
ဒီသုတ်တော်ကို ကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓဟာ မိသားစုကောင်းကျိုးအတွက် ယောကျာ်းကောင်းတစ်ယောက်ရဲ့ တာဝန်၊ ဖခင်ကောင်းတစ်ယောက်ရဲ့ တာဝန်တွေကို ဥပေက္ခာပြုတော်မမူဘူး ဆိုတာ သိနိုင်ပါတယ်။

ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့ဖခင်အရင်း သို့မဟုတ် မွေးစားဖခင်တစ်ယောက်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းသင့်တယ်ဆိုတာ ဟုတ်ပါတယ်။ သို့သော်လည်း အိန္ဒိယနိုင်ငံရဲ့ ရိုးရာဓလေ့အရတော့ တာဝန်တွေ ၀တ္တရားတွေနဲ့ ချည်နှောင်ထားတာကို လက်မခံပါဘူး။

လူတစ်ယောက်ဟာ မိမိနိုင်ငံတော်ကို အခြားနိုင်ငံတွေက ခြိမ်းခြောက်နေတဲ့အချိန်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်က သူ့ကို လိုအပ်နေချိန်မှာ စစ်ထဲကို ၀င်လိုက်ပါတယ်။ သူ စစ်ထဲကို ၀င်လိုက်သောအားဖြင့် သူဟာ အချိန်မရွေးသေသွားနိုင်ပြီး သူ့ရဲ့သားသမီးများဟာ ဖခင်မဲ့ဘ၀နဲ့ ကြီးပြင်းနိုင်ပြီး ဇနီးမယားလည်းပဲ မုဆိုးမ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို လူမျိုးကို အပြစ်မမြင်သင့်ပါဘူး။ တကယ်တော့ ဒီလိုလူမျိုးကို ကိုယ်ကျိုးစွန့်သူ စစ်မှန်တဲ့ သတ္တိရှိသူလို့ လူအများက ပြောကြမှာပါပဲ။

ဒီလိုဆိုရင် မြတ်ဗုဒ္ဓအလောင်းတော်ဟာ သူ့ရဲ့ မိသားစုနဲ့ သူ့ရဲ့တရားတွေကို လက်ခံတဲ့သူတွေအတွက် အကျိုးကျေးဇူးများစွာရှိနိုင်တဲ့ သဗ္ဗညုတဥာဏ်ကို ရှာဖွေရန်၊ မတည်မြဲတဲ့ သံသရာကနေ ထွက်မြောက်ရာလမ်းကို ရှာဖွေရန် တောထွက်တော်မူခဲ့တာကို အပြစ်မမြင်သင့်ပါဘူး။

လူတစ်ယောက်ရဲ့ အမြင့်ဆုံးတာဝန်ဟာ မိသားစုတာဝန် သားသမီးဇနီးမယားအပေါ်မှာ ပြုကျင့်ရမဲ့ တာဝန်ထက် သံသရာကနေ မိမိကိုယ်တိုင်လွတ်မြောက်အောင် အားထုတ်ခြင်းလို့ သုတ္တန်ဒေသနာ အတော်များများမှာ ဟောတော်မူထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓအလောင်းတော် တောထွက်တော်မူခဲ့တာကို ငါတို့ လက်ခံရပါမယ်။ သို့သော် အရှေ့တိုင်း ဗုဒ္ဓဘာသာနိုင်ငံအများစုကတော့ သားသမီးနဲ့ ဇနီးမယားကို စွန့်လွတ်ပြီး ရဟန်းဘ၀ ကူးပြောင်းလာသူ အတော်ရှားပါတယ်။

လောကနိယာမ တစ်ခုအနေနဲ့ကတော့ ဖခင်တစ်ယောက်ဟာ တောမထွက်ခင် သူ့ရဲ့သားသမီးအရွယ်ရောက်ပြီး ကိုယ့်ခြေထောက်ပေါ်မှာကိုယ်ရပ်တည်နိုင်တဲ့ အချိန်အထိ စောင့်သင့်ပါတယ်။ ဘိက္ခုနီမ ( သီလရှင်) ဖြစ်ချင်တဲ့ မိခင်တစ်ယောက်ဟာလည်း ဖခင်နည်းတူ သားသမီးများ အရွယ်ရောက်တဲ့အထိ စောင့်သင့်ပါတယ်။


Bhikkhu Bodhi Thera ၏

The Buddha’s great renunciation ကို ဘာသာပြန်ပါသည်။

Read More...

Wednesday, September 15, 2010

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဗုဒ္ဓဘာသာအမြင်



ဗုဒ္ဓဘာသာဟာ အမှန်တကယ် ဘ၀နေနည်းဖြစ်ပါတယ်။ ဒုက္ခတွေရဲ့ လွန်မြောက်ရာ နောက်ဆုံးပန်းတိုင်ဖြစ်သည့် မြင့်မြတ်တဲ့ နိဗ္ဗာန်နှင့်သာ ဘောင်ခတ်ထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဟာ သတ္တ၀ါတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့မှာလည်း များစွာအထောက်အကူပြုပါတယ်။ သကျမုနိမြတ်ဗုဒ္ဓ ဟာ နိုင်ငံရေးသမား မဟုတ်ပေမဲ့ မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတော်များထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တရားတွေ တွေ့နိုင်ပါတယ်။ အမှန်တကယ်အားဖြင့်လည်း မြတ်ဗုဒ္ဓဟောတော်မူထားသည့် နိုင်ငံရေးနှင့် ပတ်သက်သည့် တရားတော်များဟာ လောကသားများအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းမှု ၊ ပျော်ရွှင်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

ဇာတကဋ္ဌကထာမှာပါသည့် တစ်ချို့ဇာတ်တော်များထဲမှာ လူမှုအဖွဲ့အစည်းများအတွင်း ငြိမ်းချမ်းမှုတည်ဆောက်နည်း ၊ ပေါင်းသင်းဆက်ဆံနည်းတို့ကို အုပ်ချုပ်သူ ဘုရင်များအား အကြံပေးထားသည်များကိုလည်း တွေ့နိုင်ပါတယ်။ မြတ်ဗုဒ္ဓပေးတော်မူသည့်အကြံဥာဏ်များဟာ အမှန်တကယ်တန်ဘိုးရှိပြီး လိုက်နာကျင့်သုံးရင် အကျိုးရလာဒ်များစွာရှိပါတယ်။
မြတ်ဗုဒ္ဓဟာ သတ္တ၀ါတွေအားလုံးအပေါ်မှာ မေတ္တာ ကရုဏာ အလွန်ထားတော်မူပါတယ်။ ကိုယ်ကျင့်သီလမကောင်းဘဲ ရလာတဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို မြတ်ဗုဒ္ဓက အားပေးတော်မမူပါဘူး။ လူမှုရေး နိုင်ငံရေး တိုးတက်နေတဲ့ နေရာအရပ်ဒေသများမှာသာ ကိုယ်ကျင့်သီလကောင်းတဲ့ ပျော်ရွှင်မှုများ ဖြစ်လာနိုင်တယ်လို့ မြတ်ဗုဒ္ဓက ယုံကြည်တော်မူပါတယ်။ ဒီလို ပျော်ရွှင်ချမ်းမြေ့မှုရှိမှလည်း မြင့်မြတ်ပြီး တန်ဖိုးရှိတာပါ။

တချို့က မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ကိုယ်ကျင့်သီလထက် အတွေးအခေါ်ပိုင်းတွေက ပိုများတယ်လို့ ထင်ကြပါတယ်။ မြတ်ဗုဒ္ဓမတိုင်ခင် အိန္ဒိယနိုင်ငံမှာ ကိုယ်ကျင့်သီလနဲ့ ပတ်သက်တဲ့ တရားတွေ များစွာရှိပါတယ်။ အဲဒီ များပြားလှတဲ့ ကိုယ်ကျင့်သီလတွေကို နည်းစနစ်ကျကျ ဥပဒေသသတ်မှတ်ပြဌာန်းပေးခဲ့သူကတော့ မြတ်ဗုဒ္ဓပါပဲ။

တကယ်တော့ မြတ်ဗုဒ္ဓဟာ အတွေးအခေါ်ပိုင်း သက်သက်တွေထက် ကိုယ်ကျင့်သီလပိုင်းကို ပိုပြီးဦးစားပေးတဲ့ ဘာသာတရားကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်များထဲမှာ လောကသားများအတွက် ဘောင်ခပ်မထားတဲ့ မကောင်းမှုကို ကောင်းမှုနဲ့ အစားထိုးခြင်း၊ ဒုစရိုက်ကို သုစရိုက်နဲ့ အစားထိုးခြင်း၊ မုန်းတီးမှုကို ချစ်ကြည်မှုနဲ့ အစားထိုးခြင်း စတဲ့ ကိုယ်ကျင့်တရားဘက်ကို ဦးစားပေးတဲ့ ဒီမိုကရေစီနည်းလမ်းတွေ တွေ့နိုင်ပါတယ်။

အမှန်တကယ်အားဖြင့်လည်း မြတ်ဗုဒ္ဓဟာ ဒီမိုကရေစီဝါဒီ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ သူ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်းမှာ “ဓမ္မ” နဲ့ “၀ိနယ” ဟာ သူ့ရဲ့တပည့်သာဝက အားလုံးအတွက် ဆရာဖြစ်လိမ့်မယ်လို့ မိန့်တော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့နေရာတော်မှာ ဆက်ခံမယ့် တပည့်တစ်ဦးတစ်လေကိုမှ ခန့်မထားခဲ့ပါဘူး။ သာသနာရေးဆောင်ရွက်ချက်မှန်သမျှဟာ ရဟန်းတော်အားလုံးရဲ့ အခန်းကဏ္ဍအနေနဲ့ ပြုလုပ်ရပြီး ရဟန္တာပုဂ္ဂိုလ်ဖြစ်နေစေဦးတော့ တစ်ဦးတည်း မိမိစိတ်ကြိုက် ပုဂ္ဂလဓိဌာန် အနေနဲ့ ဆောင်ရွက်ခွင့်မရှိဘူးလို့ မိန့်တော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီလို ဒီမိုကရေစီနည်းကျ စီစဉ်ဆောင်ရွက်ခဲ့မှုကြောင့်ပင် ဗုဒ္ဓသာသနာတော်ရဲ့အောင်လံတံခွန်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်သည့်တိုင်အောင် ရဟန်းသံဃာတော်တွေရဲ့ သမဂ္ဂစိတ်ဓာတ်အောက်မှာ သန့်ရှင်းစင်ကြယ်စွာ ပျံ့လွင့်ဆဲပါပဲ။
မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များထဲမှာ ကိုယ်ကျင့်သီလဘက်ကို အလေးထားပြီး ဟောကြားထားတဲ့ ဓမ္မပဒဂါထာများကိုလည်း တွေ့နိုင်ပါတယ်။

န ဟိ ဝေရေန ဝေရာနိ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ ဧသ ဓမ္မော သနန္တနော။ (ဓမ္မပဒ ဂါထာ ၅)

အဓိပ္ပါယ်ကတော့ “ ဤလောက၌ ရန်တို့သည် ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမျှ မငြိမ်းချမ်းကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသို့ ရန်တုံ့မမူသဖြင့် ရန်ငြိမ်းချမ်းသည် ရှေးအစဉ်အလာ ဓမ္မတာသဘောပင် ဖြစ်သည်” လို့ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက “လူတစ်ယောက်ဟာ အခြားသူများကို လွှမ်းမိုးဖို့ ၊ ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးစားနေသမျှ ငြိမ်းချမ်းမှု ပျော်ရွှင်မှုတွေဟာ ဖြစ်လာမှာ မဟုတ်ဘူးလို့”
မိန့်တော်မူခဲ့ပါတယ်။

ဇယံ ဝေရံ ပသ၀တိ၊ ဒုကံ္ခ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။ ( ဓမ္မပဒ ဂါထာ ၂၀၁)

အဓိပ္ပါယ်ကတော့ “အတိုက် အခိုက် အတုအပြိုင် ဟူသမျှ၌ အနိုင်ရသော သူမှာ ရန်များ၏။ အရှုံးခံရသောသူသည် ဆင်းရဲငြိငြင်စွာ နေရ၏။ ကိလေသာ ငြိမ်းပြီးသော သူသည် အောင်ခြင်း ရှုံးခြင်း သဘောနှစ်ပါးကို ပယ်ရှား၍ ချမ်းသာစွာ နေရ၏” လို့ဖြစ်ပါတယ်။

အက္ကောဓေန ဇိနံ ကောဓံ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန သစ္စေနာလိကာဝါဒိနံ။ (ဓမ္မပဒ ဂါထာ ၂၂၃)


အဓိပ္ပါယ်ကတော့ “အမျက်ထွက်တတ်သောသူကို အမျက်မထွက်ခြင်းဖြင့် (မေတ္တာဖြင့်) အောင်ရာ၏။ မကောင်းသောသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏။ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။ မဟုတ်မမှန်ပြောဆိုတတ်သောသူကို မှန်ကန်သောစကား ပြောဆိုခြင်းဖြင့် အောင်ရာ၏” လို့ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းလမ်းတွေ ညွှန်ပြထားတဲ့တရားတော်များကို သုတ္တန်ပိဋကတ်တော်မှာ အမြောက်အမြားတွေ့နိုင်ပါတယ်။ အဲဒီထဲက သုတ္တန်နှစ်ခုကို ဖော်ပြချင်ပါတယ်။ ပထမဆုံးဖော်ပြချင်တဲ့ သုတ္တန်ကတော့ ဒီဃနိကာယ်မှာပါတဲ့ ကူဋဒဏ္ဍသုတ်တော်ပဲ ဖြစ်ပါတယ်။
ဒီ သုတ်တော်မှာ ရာဇ၀တ်မှုများ နည်းမှ လူအများရဲ့ စီးပွားရေး တိုးတတ်ကောင်းမွန်နိုင်ကြောင်း ဟောထားတာကို တွေ့နိုင်ပါတယ်။

အလုပ်ရှင်နှင့် အလုပ်သမားတို့ကြားမှာ ကောင်းမွန်ပြေပြစ်တဲ့ ဆက်ဆံရေးရှိပြီး အလုပ်ရှင်အနေနှင့် မိမိအလုပ်သမားတို့ကို လစာ ရိက္ခာ လုံလောက်အောင်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးခြင်းနှင့် အားပေးစကားများ ပြောကြားခြင်း စသည်ဖြင့် မိမိအလုပ်သမားတို့ကို ကြည့်ရှုစောင့်ရှောက်သင့်ပုံများကို ဟောတော်မူထားပါတယ်။ အုပ်ချုပ်သူများအနေဖြင့် ရာဇ၀တ်မှုများနည်းပါးပြီး နိုင်ငံသူ နိုင်ငံသားများ ကြီးပွားချမ်းသာမယ့်နည်းလမ်းတွေကို ပြုလုပ်ပေးရမယ့်အကြောင်း ညွန်ပြထားတာ တွေ့နိုင်ပါတယ်။

ဒုတိယဖော်ပြချင်တဲ့ သုတ္တန်ကတော့ စက္က၀တ္တိသီဟနာဒ သုတ်တော်ပဲ ဖြစ်ပါတယ်။ ဒီသုတ္တန်မှာလည်း အုပ်ချုပ်သူများဟာ ဆင်းရဲသားများရဲ့ လိုအပ်ချက်တွေကို ဥပေက္ခာပြုထားမယ်ဆိုရင် ခိုးမှုနှင့် အခြား ကြီးလေးတဲ့ ပြစ်မှုများ ပေါ်ပေါက်လာနိုင်ပြီး တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခတွေနဲ့ ကြုံရနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဆင်းရဲသားများကို ခွဲခြားမှု မရှိဘဲ ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် စီးပွားရေး အခြေခံပြဿနာများ ပြေလည်သွားပြီး လူနေမှုအဆင့်အတန်းနှင့် လူမှုရေးအခြေအနေများ တိုးတက်လာနိုင်ပါတယ်။ အုပ်ချုပ်သူများဟာ အနေနဲ့ လူသားတွေအတွက်သာမက အခြား ကြက် ငှက် စတဲ့ သတ္တ၀ါများအပေါ်မှာ မေတ္တာထားသင့်ပုံအကြောင်းများကိုလည်း ဒီသုတ္တန်မှာ ဟောထားပါတယ်။

ဗုဒ္ဓ၀ါဒနှင့် ဒီမိုကရေစီဝါဒဟာ အလွန်ကို နှီးနွယ်ဆက်စပ်မှု ရှိပါတယ်။ ဘီစီ ခြောက်ရာစု မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အိန္ဒိယနိုင်ငံမှာ ကွဲပြားခြားနားတဲ့ အုပ်ချုပ်မှုများ ရှိခဲ့ပါတယ်။ နိုင်ငံကြီး နိုင်ငံငယ် အသွယ်သွယ်မှာ သက်ဦးဆံပိုင်စနစ်၊ ပဒေသရာဇ်စနစ် စသည်ဖြင့် စနစ်များစွာလည်း ရှိပါတယ်။

မြတ်စွာဘုရားရဲ့ခမည်းတော် သုဒ္ဓေါဓနမင်းကြီးသည်ပင် ကောသလတိုင်း အပါအ၀င်ဖြစ်တဲ့ သကျနိုင်ငံတော်ကို အုပ်ချုပ်ခဲ့ဖူးပါတယ်။ မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလည်း တောမထွက်ခင် ၁၃ နှစ်တိုင်တိုင် သကျနိုင်ငံတော်မှာ ဘုရင်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓလက်ထက်တော်က သမ္မတစနစ်နဲ့ အုပ်ချုပ်တဲ့ လိစ္ဆ၀ီနိုင်ငံတော် ရှိခဲ့ဖူးပါတယ်။ လိစ္ဆ၀ီမင်းများဟာ အဖွဲ့အစည်းစနစ်နဲ့ အုပ်ချုပ်ပြီး အကြီးဆုံးဖြစ်သူကို ဘုရင်အဖြစ်တင်မြှောက်ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ သမ္မတစနစ်ရဲ့ ကောင်းကျိုးများကို ဟောကြားထားပြီး သက်ဦးဆံပိုင် အုပ်ချုပ်ရေးရဲ့ အန္တရာယ်များကိုလည်း ဖော်ပြထားပါတယ်။

ဝေသာလီပြည် ကရဏ္ဍတောအုပ်မှာ မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူစဉ် ဟောတော်မူခဲ့တဲ့ “အပရိဟာနိယဓမ္မ”ဟာလည်း စိတ်ဝင်စားစရာပါပဲ။
နောက်ပိုင်းမှာ “အပရိဟာနိယဓမ္မ” ကို လိစ္ဆ၀ီမင်းတို့ လိုက်နာကျင့်သုံးမှု ရှိ၊ မရှိ အရှင်အာနန္ဒာအား မြတ်ဗုဒ္ဓက မေးတော်မူခဲ့ပါတယ်။ လိစ္ဆ၀ီမင်းတို့ လိုက်နာကျင့်သုံးကြောင်း အရှင်အာနန္ဒာ လျှောက်တဲ့အခါ မြတ်ဗုဒ္ဓက “အာနန္ဒာ လိစ္ဆ၀ီမင်းတို့ အချိန်မှန်မှန် မကြာခဏ စည်းဝေးတိုင်ပင် နေမယ်ဆိုရင် သူတို့ရဲ့ နိုင်ငံတော်ဟာ မဆုတ်ယုတ်ဘဲ တိုးတက်နိုင်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

ဒီလို စည်းဝေးသောအခါမှာလည်း ညီညွတ်မှုရဲ့ အရေးပါပုံကို “ အာနန္ဒာ လိစ္ဆ၀ီမင်းတို့ ညီညီညွတ်ညွတ်လာပြီး စည်းဝေးတိုင်ပင်ကာ ညီညီညွတ်ညွတ် ပြန်သွားကြမယ်ဆိုရင်၊ အလုပ်ကိစ္စတွေကို ညီညီညွတ်ညွတ် ပြုလုပ်ဆောင်ရွက်ကြတယ်ဆိုရင် သူတို့ရဲ့နိုင်ငံတော်ဟာ မဆုတ်ယုတ်ဘဲ တိုးတက်နိုင်တယ်” လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။

ီ “အပရိဟာနိယဓမ္မ” ဟာ လောကသားအားလုံးအတွက် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နည်းကို မြတ်ဗုဒ္ဓက ပြတော်မူလိုက်တာပါပဲ။
နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အလိုဆန္ဒတွေကို အလေးထားဆောင်ရွက်ဖို့အတွက် မကြာခဏစည်းဝေးတိုင်ပင်မှုဆိုတာ လွန်စွာ လိုအပ်ပါတယ်။ အဲဒီလို မကြာခဏစည်းဝေးတိုင်ပင်ရာမှာလည်း လိုက်နာရမယ့် “အပရိဟာနိယဓမ္မ” တွေကို လိစ္ဆ၀ီမင်းတို့အား မြတ်ဗုဒ္ဓဟောတော်မူထားတာ တွေ့နိုင်ပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အလိုအရ လူတိုင်းဟာ မိမိတို့ရဲ့အမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့တရားတော်များဟာလည်း စိတ်ရဲ့ လွတ်လပ်မှုကို ဦးစားပေးပါတယ်။ ဒါကြောင့်မို့လို့ စိတ်ရဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီနည်းလမ်းဟာ လွန်စွာ ဆက်စပ်ပတ်သက်မှု ရှိပါတယ်။

သို့သော် ဗုဒ္ဓဘာသာမှာ စိတ်ရဲ့လွတ်လပ်မှုတစ်ခုတည်းကိုသာ အမြင့်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်မထားဘူးဆိုတာ နာလည်းထားရပါမယ်။ ဗုဒ္ဓဘာသာမှာ စိတ်ရဲ့လွတ်လပ်မှုထက် မြင့်မြတ်တဲ့ ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ပြီးပြည့်စုံတဲ့ နောက်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ထားပါတယ်။

Danister I Fernando ၏
The Buddhist concepts of democratic governance ကို ဘာသာပြန်ပါသည်။

Read More...

Wednesday, September 8, 2010

ဗုဒ္ဓ၀ါဒနှင့် သက်သတ်လွတ်ဝါဒ

မစ္ဇျိမနိကာယ်၊ ဂဟပတိဝဂ်၊ ဇီဝကသုတ္တန်ဟာ သမားတော်ကြီးဇီဝကကို အကြောင်းပြုပြီး ဟောတော်မူထားတာပါ။ သူ့အသက်သတ်ခြင်းနဲ့ အသားငါးစားသုံးခြင်းကို မြတ်စွာဘုရား လက်ခံတော်မူတယ်ဆိုတာ ဟုတ်ပါသလား လို့ သမားတော်ကြီးဇီဝက က မြတ်စွာဘုရားကို မေးလျှောက်ခဲ့ပါတယ်။

မြတ်စွာဘုရားက အဲဒီအယူအဆဟာ မှားတယ်လို့ ပြောတော်မူလိုက်ပါတယ်။ အထူးသဖြင့် ရဟန်းတော်များကို ကပ်ဖို့ရန်ရည်ရွယ်၍ သတ္တ၀ါများ သတ်ခြင်းကို မြင်ခြင်း၊ ကြားခြင်း၊ သို့မဟုတ် ယုံမှားသံသယဖြစ်ခြင်း ဆိုတဲ့ အချက်သုံးချက်မှ ကင်းရင် ဘုဉ်းပေးနိုင်တယ်လို့ မိန့်တော်မူခဲ့ပါတယ်။

သမားတော်ကြီးဇီဝကဟာ ရှေးခေတ် အိန္ဒိယပြည် မဂဓနိုင်ငံတော်တွင် ဆေးပညာအရာမှာ လွန်စွာကျွမ်းကျင်သူ ဖြစ်ပြီးတော့ ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူဖြစ်ပါတယ်။ သမားတော်ကြီးဇီဝကဟာ မြတ်စွာဘုရားနှင့်လည်းကောင်း ၊ မဂဓပြည့်ရှင် ဘုရင် ဗိမ္ဗိသာရမင်းနှင့်လည်းကောင်း ဆက်ဆံရသောကြောင့် အလွန်ကျော်ကြား နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

အသားငါးစားသုံးခြင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာများဟာ အမြင်အမျိုးမျိုးကွဲပြားနေကြပါတယ်။ တစ်ချို့ကတော့ အသားငါးစားသုံးခြင်းဟာ သတ္တ၀ါတွေကို သတ်တဲ့သူနှင့် မထူး အကုသိုလ်ဖြစ်တာချင်း အတူတူပဲလို့ ဆိုပါတယ်။ အသားငါးများကို တကယ်လို့သာ မစားဘူးဆိုရင် သတ္တ၀ါတွေကို သတ်ဖြတ်ရောင်းချနေတဲ့သူတွေဟာလည်း အဲဒီအလုပ်ကို လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့က အထက်ပါအမြင်ကို ဆွဲကိုင်ထားတာပါ။

အခြားတစ်ဖက်ကကြည့်ရင်လည်း အသားငါး စားသုံးခြင်းကို အခြေအနေသုံးခုရဲ့ အောက်မှာခွင့်ပြုထားတာကို တွေ့ရပါတယ်။ အဲဒီအခြေအနေတွေက
(၁) ရဟန်းတော်တွေ ဘုဉ်းပေးဖို့ရန်အတွက် သတ္တ၀ါတွေကို သတ်တယ်လို့ မမြင်ရင်၊ မကြားရင် ၊ ယုံမှားသံသယမဖြစ်ရင် ဘုဉ်းပေးနိုင်ပါတယ်။
(၂) အသားငါးတွေကို ဈေးမှာရောင်းချနေတာဖြစ်တာမို့ ရဟန်းတော်တွေအတွက် သီးသန့် စီစဉ်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
(၃) ရဟန်းတော်များဟာ လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ၀ံသား၊ အောင်းသားဆိုတဲ့ အသားကြီးဆယ်မျိုးကို မဘုဉ်းပေးရပါဘူး။

တကယ်လို့ ကြက်တစ်ကောင်ဟာ ကားရှေ့က ဖြတ်ပြေးလို့ ကားနင်းမိကာ သေသွားတယ်ဆိုပါစို့။ အဲဒီ ကြက်ရဲ့အသားကို ဗုဒ္ဓဘာသာမှာ စားသုံးဖို့ ခွင့်ပြုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဟာ မတော်တဆ သေတာဖြစ်ပြီးတော့ သူ့ရဲ့အသားဟာလည်း တြိကောသိ ပရိသုဒ္ဓမံသ သံသယသုံးပါးမှ လွတ်ပြီး စင်ကြယ်တဲ့ အသားဖြစ်လို့ပါပဲ။

တစ်ခါတုန်းက မြတ်စွာဘုရားကို တော်လှန်ပုန်ကန်ခဲ့တဲ့ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရဲ့တပည့်သံဃာတော်များ သူတို့ဘ၀တစ်လျှောက်လုံး အသားငါးမစားရလို့ ပညတ်တော်မူပါရန် လျှောက်ထားခဲ့ပါတယ်။
မြတ်စွာဘုရားက အရှင်ဒေ၀ဒတ်ရဲ့လျှောက်ထားချက်ကို လက်မခံခဲ့ပါဘူး။ မြတ်စွဘုရားက သူ့ရဲ့တပည့်သံဃာတော်များ အသားငါး စားခြင်း ၊ မစားခြင်းမှာ ကိုယ်တိုင်လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိကြောင်း မိန့်တော်မူလိုက်ပါတယ်။

ရဟန်းတော်များအနေနဲ့ သူတို့ကို ရည်ရွယ်ပြီးစီစဉ်ထားတာ မဟုတ်ဘူး ဆိုရင် ဘုဉ်းပေးနိုင်တယ်လို့ မိန့်တော်မူလိုက်ပါတယ်။ မြတ်စွာဘုရားက ဒကာ ဒကာမများ အပ်စပ်အောင် ပြုလုပ်ပြီး လှူဒါန်းတဲ့အခါမှာ ရဟန်းတော်များ အသားငါး မစားရလို့ အရေးကြီးတဲ့ ၀ိနည်းဥပဒေတော်အနေနဲ့ မပညတ်ခဲ့ပါဘူး။

မြတ်စွာဘုရားဟာ သူ့ရဲ့ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကိုလည်း ဘုရင်ရဲ့အမိန့်တော် တစ်ခုအနေနဲ့ စားဖို့ရန်အတွက်ဖြစ်စေ၊ ယဇ်ပူဇော်ဖို့ရန်ဖြစ်စေ အသားငါးများကို မသတ်ရလို့ တားမြစ်မိန့် သတ်မှတ်ပြဌာန်းဖို့ မိန့်ကြားတော်မူထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက အသားငါးသတ်တဲ့သူတွေကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားပါတယ်။
သို့သော်လည်း သတ္တ၀ါများကို သတ်ရန်အတွက် တမင်တကာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ကူညီခြင်း၊ သို့မဟုတ် အားပေးခြင်း စတဲ့ အပြုအမူများဟာလည်း မကောင်းတဲ့အပြုအမူ အကုသလကမ္မဘက်ကို ဦးတည်နေတယ်လို့ မိန့်တော်မူခဲ့ပါတယ်။

ဘ၀ဆိုတာ ရခဲတဲ့အတွက်ကြောင့် အသက်ရှိနေတဲ့ သတ္တ၀ါအားလုံးဟာ နှိပ်စက်ခံရမှာ သို့မဟုတ် အပြစ်ပေးခံရမှာ ကြောက်ကြပါတယ်။ အဲဒါကြောင့် သတ်တဲ့သူနဲ့ အသတ်ခံရမယ့်သူတို့ရဲ့ကြားမှာရှိတဲ့ ကွဲပြားမှုတို့ကို နှိုင်းယှဉ်ကြည့်ဖို့လည်း မြတ်စွာဘုရားက မိန့်တော်မူခဲ့ပါတယ်။ တစ်စုံတစ်ယောက်ဟာ သတ္တ၀ါတစ်ကောင်ကိုသတ်ဖို့ကြိုးစားတဲ့အခါမှာ အဲဒီသတ္တ၀ါကလည်း ထွက်ပြေးလွတ်မြောက်ရန်အတွက် ကြိုးစားအားထုတ်တာပါပဲ။

ဘာကြောင့်လဲဆိုတော့ အဲဒီသတ္တ၀ါအတွက် အသက်ရှင်နေရတဲ့ဘ၀ဟာ ရခဲလို့ပါ။ အစားအစာအတွက် သတ္တ၀ါတွေကို ဖန်ဆင်းခဲ့တယ်ဆိုရင် ဘာကြောင့်ထွက်ပြေးရတာလဲ? သတ္တ၀ါတွေဟာလည်း နာကျင်မှု ဒုက္ခတွေခံစားရင်း သေရမှာကို ကြောက်ပါတယ်။ ဒါဟာ အရှင်းလင်းဆုံး နိယာမ တစ်ခုပါ။

တကယ်လို့ ထာဝရဘုရားသခင်က သတ္တ၀ါတွေကို အစားအစာအတွက် ဖန်ဆင်းခဲ့တယ်ဆိုရင် သူတို့ဟာ လုံးဝကို သေရမှာ ကြောက်မှာ မဟုတ်ပါဘူး။ ဘူးညွန့် ဖရုံညွန့်တွေကို သွားခူးတဲ့အခါမှာ သူတို့ဟာ ထွက်မပြေးပါဘူး။ ဒါကြောင့် ကိုယ်တိုင်နာကျင်မှာ ကြောက်သလို အခြားသတ္တ၀ါများ နာကျင်မယ့် အရာတွေကိုလည်း မပြုလုပ်သင့်ပါဘူး။ ဒါဟာ ရွှေစည်းမျဉ်းပါပဲ။

သမားတော်ကြီးဇီဝကကောမာရဘဇ္ဇဟာ အသားငါး စားခြင်းနဲ့ ပတ်သက်ပြီး ကောင်း ၊ မကောင်း အငြင်းပွားဖွယ်အချက်ကို တိကျစွာ သိရန် မြတ်စွာဘုရားကို “မြတ်စွာဘုရား ဘုဉ်းပေးရန်အတွက် သတ္တ၀ါများ အသတ်ခံရပါတယ်။ မြတ်စွာဘုရားကလည်း သိတော်မူလျှက်နှင့်ပင် ယင်း အသားငါးများကို ဘုဉ်းပေးတော်မူသည်လို့ တပည့်တော်ကြားရပါသည်ဘုရား ၊ အဲဒါ မှန်ပါသလား” လို့ လျှောက်ထားခဲ့ပါတယ်။

မြတ်စွာဘုရားက “ ဇီဝက တကယ်လို့ ရဟန်းတော်များအတွက် သီးသန့်ရည်ရွယ်ချက်နဲ့ စီစဉ်တာလို့ မြင်ရင် ၊ ကြားရင်၊ ယုံမှား သံသယဖြစ်ရင် မစားနဲ့လို့ ငါ မကြာခဏ ဟောခဲ့ပါတယ်။ ရဟန်းတော်များအတွက် သီးသန့်စီစဉ်တာ မဟုတ်ဘဲ အပ်စပ်တဲ့ အသားငါး ဆိုရင် ဘုဉ်းပေးသုံးဆောင်နိုင်တယ်လို” မိန့်တော်မူလိုက်ပါတယ်။

အသားငါး စားသုံးတာနဲ့ ပတ်သက်ပြီး ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များ စိတ်မသိုးမသန့်ဖြစ်ခြင်း၊ လိပ်ပြာမလုံဖြစ်ခြင်းတို့အတွက် အထက်ပါ ဇီဝကသုတ္တန်ကို ကိုးကားနိုင်ပါတယ်။

မြတ်စွာဘုရားက ဗုဒ္ဓဘာသာအားလုံး သက်သက်လွတ်စားရမယ်လို့ တိုက်တွန်းတော်မမူခဲ့ပါဘူး။ သက်သက်လွတ်စားရုံတစ်ခုတည်းနှင့် လူတစ်ယောက်ဟာ ကြင်နာခြင်း၊ ရိုကျိုးခြင်း၊ ယဉ်ကျေးခြင်းနှင့် ဘာသာရေးစိတ်ဓာတ်များ ခိုင်မာခြင်း စတဲ့ လူ့အရည်အသွေးများ ဖွံ့ဖြိုးရန် အကူအညီမပေးပါဘူး။ ဗုဒ္ဓဘာသာဝင်များ အသားငါးစားသုံးမှုနဲ့ ပတ်သက်ပြီး အပြစ်မြင်တဲ့သူတွေကတော့ ငါးပါးသီလထဲက ပထမဆုံးသီလကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြတ်စွာဘုရား သက်တော်ရှစ်ဆယ် အရွယ်ရောက်တဲ့အခါ ကုသိနာရုံပြည်တွင် ပရိနိဗ္ဗာန်စံဝင်တော်မူရန်အတွက် တပည့်သံဃာတော်များနှင့် ပါဝါမြို့ကို ကြွသွားခဲ့ပါတယ်။ လမ်းခရီးမှာ စုန္ဒပန်းပဲသမားက မြတ်စွာဘုရားနဲ့ သံဃာတော်များကို ဆွမ်းကပ်ပါတယ်။

“သူကရမဒ္ဒ၀” လို့ ခေါ်တဲ့ စားဖွယ်တစ်မျိုးကို မြတ်စွာဘုရားအတွက် သီးသန့်စီစဉ်ပြီးကပ်ပါတယ်။ ယင်း “ သူကရမဒ္ဒ၀” ကို ၀က်သားဟင်း သို့မဟုတ် ၀က်များ ကြိုက်သည့် စားဖွယ်တစ်မျိုး သို့မဟုတ် ၀က်များ စားလေ့ရှိသော့ မှိုတစ်မျိုးလို့ ဘာသာပြန်ကြပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာ ပညာရှင်ဖြစ်တဲ့ Prof. Rhys Davids ရဲ့ အလိုအရကတော့ ၀က်များ ကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ မည်သည့်အမျိုးအစားပဲ ဖြစ်စေ မြတ်စွာဘုရားကတော့ ယင်း “သူကရမဒ္ဒ၀” ကို သံသယမဖြစ်ဘဲ ဘုဉ်းပေးတော်မူခဲ့ပါတယ်။ အဲဒီ ဆွမ်းကို ဘုဉ်းပေးပြီးနောက်မှာတော့ မြတ်စွာဘုရားဟာ ယခုခေတ်အခေါ် “၀မ်းကိုက်နာ” လို့ခေါ်တဲ့ “လောဟိတပက္ခဒီပ” ဝေဒနာကို ခံစားခဲ့ရပါတယ်။

မဟာယာနဗုဒ္ဓဘာသာကျမ်းစာ တစ်ခုဖြစ်တဲ့ လင်္ကာဝတာရသုတ်တော်အရ ဘုရားအလောင်းတော်များဟာ သူတိုကိုယ်တိုင် ဖြူစင်သန့်ရှင်းဖို့နဲ့ သတ္တ၀ါတွေကို မေတ္တာတရား သက်ဝင်သည့်အတွက်ကြောင့်သက်သတ်လွတ်စားကြတယ်လို့ဆိုပါတယ်။
အသားငါးစားသုံးခြင်းဟာသတ္တ၀ါတွေကိုဆင်းရဲနာကျင်စွာသေစေတတ်တယ်လို့လည်း သူတို့က ဆိုပါတယ်။ အထက်ပါ သုတ္တန်အရပင် မဟာယာနဗုဒ္ဓဘာသာတွင် ဘုရားအလောင်းများဟာ အသားငါးစားသုံးခြင်းကို ရှောင်ကြဉ်ကြခြင်း ဖြစ်ပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာများကတော့ သက်သတ်လွတ်စားသုံးတဲ့သူနည်းပြီး မြတ်စွာဘုရားကိုယ်တိုင်ကလည်း သက်သတ်လွတ်စားသုံးရမယ်လို့ ၀ိနည်း ဥပဒေမချမှတ်၊ မပညတ်ခဲ့ဘူးလို့ ဆိုပါတယ်။ သက်သတ်လွတ်စားသုံးတယ်ဆိုတာ အာဟာရဖြစ်စေတဲ့ အစားအစာများကို စားသုံးပြီး အသားငါးများကို ရှောင်ကြဉ်ခြင်းပါပဲ။

အသားငါး မစားသူများကို သက်သတ်လွတ်သမားများဟု ခေါ်နိုင်ပါတယ်။ သက်သတ်လွတ်စားသုံးသူများဟာ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ပါသည့် အစားအစာများကို စားကြသောကြောင့် အစုံစားသူများထက် ပို၍ ကျန်းမာရေး ကောင်းကြပါတယ်။
သို့သော်လည်း သက်သတ်လွတ်သမားများသည် ကဲလ်ဆီယံဓာတ်၊ သံဓာတ်နှင့် ဗီတာမင်ဓာတ်ပါတဲ့ အစားအစာများကို ချင့်ချိန်ပြီး စားသုံးရတဲ့အတွက်ကြောင့် အချို့ပြဿနာများ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့်ပင် သက်သတ်လွတ်စားသုံးသူများကို အစားအသောက်မျှတစေရန်အတွက် နို့စသည်တို့ကို စားသုံးရန် အကြံပေးကြခြင်းဖြစ်ပါတယ်။

သီရိလင်္ကာရဟန်းတော်များကို ဆွမ်းစားပင့်တဲ့အခါ ကြက်သားဟင်း ချက်ကပ်ဖို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ ဒီလိုပြောဆိုခြင်းဟာ အသားငါးစားသုံးခြင်းနှင့်ပတ်သက်ပြီး မြတ်စွာဘုရားချမှတ်ခဲ့တဲ့ ၀ိနည်းဥပဒေတော်နှင့် ဆန့်ကျင်ပါတယ်။ ဒါပေမဲ့ တောတောင်တွေမှာ တောရဆောက်တည်နေတဲ့ ရဟန်းတော်များကတော့ အဲဒီလို ပြောဆိုလေ့ မရှိပါဘူး။ သို့သော်လည်း သီရိလင်္ကာရဟန်းအများစုကတော့ အသားငါး ဘုဉ်းပေးရတာကို ပိုပြီးတော့ နှစ်သက်ပါတယ်။

Buddhism and vegetarianism ကို ဘာသာပြန်ပါသည်။

Read More...

Monday, August 30, 2010

ဗုဒ္ဓဘာသာရှုထောင့်မှ မိဘတာဝန်များ




သားသမီးများရဲ့ ကောင်းကျိုးချမ်းသာကို တွေ့မြင်ရရန်အတွက် မိဘများမှာ တာဝန်ရှိပါတယ်။ သားသမီးများကို အမှန်တကယ်ချစ်သော၊ သားသမီးများအပေါ် အမှန်တကယ် တာဝန်ကျေပွန်သော မိဘများဟာ ပျော်ရွှင်ချမ်းမြေ့မှုများ ရှိလာအောင် ပြုလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ သားသမီးများ မှန်ကန်သည့်လမ်းကို ဦးတည်စေရန် ပထမဆုံး မိဘကိုယ်တိုင်က စံပြအဖြစ်၊ စံနမူနာအဖြစ် တည်ရှိရပါမယ်။ ကိုယ်ကျင့်တရား မကောင်းသည့်မိဘများထံမှ ကိုယ်ကျင့်တရားကောင်းသည့် သားသမီးများ ရလာဖို့ မျှော်လင့်နေလို့ မဖြစ်နိုင်ပါဘူး။

အတိက်ကံ ပစ္စုပ္ပန်ကံများရဲ့ သက်ရောက်မှုအပြင် မိဘများရဲ့ အပြုအမူများကလည်း သားသမီးများအပေါ် အဓိကအားဖြင့် သက်ရောက်မှု ရှိပါတယ်။ တာဝန်ကျေပွန်ချင်တဲ့ မိဘများဟာ သူတို့ရဲ့ သားစဉ်မြေးဆက် မလိုလားအပ်တဲ့ အပြုအမူတွေ ဆင့်ပွားဖြစ်ပေါ်မလာအောင် ကြိုတင်ကာကွယ်သင့်ပါတယ်။ သိင်္ဂါလောဝါဒသုတ်တော်အရ မိဘများ ပြုလုပ်ရမယ့် တာဝန်ငါးမျိုးရှိပါတယ်။

ပထမဆုံးတာဝန်ကတော့ သားသမီးများ မကောင်းမှုမပြုလုပ်အောင် တားဆီးပိတ်ပင်ခြင်းပါပဲ။

သားသမီးများအတွက် အိမ်ဟာ ပထမဆုံးကျောင်းဖြစ်ပြီးတော့ မိဘများဟာ လက်ဦးဆရာများပါပဲ။ သားသမီးများဟာ များသောအားဖြင့် ကောင်းတဲ့အမူအရာ မကောင်းတဲ့ အမူအရာများကို မိဘများထံမှ သင်ယူလေ့ရှိပါတယ်။ သတိမပြုမိတဲ့ မိဘများဟာ သူတို့ရဲ့သားသမီးများ ငယ်စဉ်တောင်ကျေးကလေးငယ်ဘ၀မှာပင် လိမ်ခြင်း၊ ညာခြင်း၊ မရိုးသားခြင်း၊ သိက္ခာကျစေမယ့်စကားများ ပြောဆိုခြင်း၊ လက်စားချေခြင်း၊ အရှက်အကြောက်ကင်းမဲ့ခြင်း စသော အခြေခံကျတဲ့ အပြုအမူများကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်သောအားဖြင့် ဖြစ်စေ ပေးမိတတ်ပါတယ်။

ဒုတိယတာဝန်ကတော့ သားသမီးများ ကောင်းမှုပြုလုပ်အောင် ဆွဲဆောင်ပေးခြင်းပါပဲ။

သားသမီးများအတွက် မိဘများဟာ အိမ်မှာ ဆရာဖြစ်ပြီး ကျောင်းမှာ ဆရာများဟာ မိဘများဖြစ်ပါတယ်။ မိဘနှင့် ဆရာနှစ်ဦးလုံးဟာ တစ်ချိန်မှာ သူတို့နေရာကို ရောက်လာမယ့် သားသမီးများရဲ့ အနာဂတ်ကာလမှာ ကောင်းကျိုးချမ်းသာတွေ ရရှိအောင် လုပ်ပေးဖို့ရန် တာဝန်ရှိပါတယ်။ ယနေ့လူငယ်ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ကလေးငယ်များဟာ လူကြီးများ ဖြစ်လာမှာပါ။

ကလေးငယ်များရဲ့ စိတ်ကို ပြုပြင်လို့ ရတဲ့အရွယ်မှာ သူတို့ဟာ အရွယ်ရောက်ပြီးသူများရဲ့ အပြုအမူများကို အတုယူလေ့ရှိပါတယ်။ ကလေးငယ်များဟာ အရွယ်ရောက်သူများ မျှဝေပေးတဲ့ ဗဟုသုတကို ရမှာပါပဲ။ ကလေးငယ်များရဲ့ စိတ်ထဲမှာ အရွယ်ရောက်သူများရဲ့ အပြောအဆို၊ အပြုအမူ၊ အတွေးအခေါ် အယူအဆတွေ လွှမ်းမိုးနေပါတယ်။ အဲဒါကြောင့် မိဘ ဆရာသမားများဟာ အိမ်နှင့် ကျောင်း နှစ်နေရာလုံးမှာ ကလေးငယ်များနဲ့ သဟဇာတဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ တာဝန်ရှိပါတယ်။

ကလေးငယ်များရဲ့ လူပျိုပေါက်အရွယ် အပျိုပေါက်အရွယ်မှာ မိဘများဟာ ကလေးများရဲ့ စိတ်ထဲမှာ ရိုးရှင်းမှု၊ နာခံမှု၊ စုပေါင်းလုပ်ဆောင်မှု၊ ညီညွတ်မှု၊ သတ္တိရှိမှု၊ အနစ်နာခံမှု၊ ရိုးသားမှု၊ ဝေယျာဝစ္စဆောင်ရွက်မှု၊ ကိုယ့်အားကိုယ် ကိုးမှု၊ ကြင်နာမှု၊ ချွေတာမှု၊ ကျေနပ်ရောင့်ရဲမှု၊ ဘာသာတရားအပေါ် စိတ်အားထက်သန်မှု၊ ကိုယ်နှုတ်အမူအရာ ကောင်းမှု စသော ကိုယ်ကျင့်တရားများလည်း တစ်ဆင့်ပြီး တစ်ဆင့် စွဲမြဲကျင့်သုံးလာအောင် ပြုလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ကိုယ်စိုက်တဲ့ မျိုးစေ့အတိုင်းပဲ အပင်ပေါက်ပြီး အသီးသီး သီးလာပါလိမ့်မယ်။

တတိယတာဝန်ကတော့ သားသမီးများကို ပညာသင်ကြားပေးခြင်းပါပဲ။

မိဘများ သားသမီးများအပေါ်ပေးနိုင်တဲ့ အမွေများထဲမှ ပညာမွေ ဟာ အကောင်းဆုံးပါပဲ။ ပညာထက် မြတ်တဲ့ ရတနာဆိုတာ လောကမှာ မရှိပါဘူး။ သားသမီးများအတွက် မိဘများပေးလိုက်သော ပညာမွေဟာ အကောင်းဆုံး ဆုလာဘ်ပါပဲ။ ဒါကြောင့် သားသမီးများကို ပညာမွေပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဘာသာရေးပတ်ဝန်းကျင်မှာ ထားသင့်ပါတယ်။ ဒီလို ဘာသာရေး ပတ်ဝန်းကျင်မှာ ထားလိုက်ခြင်းအားဖြင့် သားသမီးများရဲ့ဘ၀မှာ အကျိုးသက်ရောက်မှု အများကြီး ရှိပါတယ်။

စတုတ္ထတာဝန်ကတော့ သားသမီးများ သင့်လျော်တဲ့အချိန်မှာ ထိမ်းမြားလက်ထပ်ပေးခြင်းပါပဲ။

ထိမ်းမြားလက်ထပ်ခြင်းဆိုတာ ဘ၀တစ်လျှောက်လုံးနဲ့ သက်ဆိုင်ပြီး အလွန်လေးနက်တဲ့ အမှုကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ထိမ်းမြားလက်ထပ်ခြင်းကို လွယ်လွယ်ကူကူနဲ့ မပြုလုပ်သင့်ပါဘူး။ ဒီနေရာမှာ ထိမ်းမြားလက်ထပ်ခြင်းကို ရှုထောင့်ပေါင်းစုံမှ ကြည့်ရပါမယ်။ လက်မထပ်ခင် နှစ်ဦးနှစ်ဘက်မှ အဆင်ပြေနေရပါမယ်။

ဗုဒ္ဓဘာသာထုံးထမ်းစဉ်လာအရ ထိမ်းမြားလက်ထပ်ခြင်းဟာ နှစ်ဘက်မိဘများမှာ တာဝန်များရှိပါတယ်။ နှစ်ဘက်မိဘများဟာ ခေါင်းမမာသင့်ပါဘူး။ လိမ္မာသိုသိပ်စွာနဲ့ ငြိမ်းချမ်းစွာနေနိုင်အောင် ဆောင်ရွက်ပေးရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် အချင်းချင်း အပြန်အလှန် အပြစ်တင်ပြီး အခြားဂယက်ရိုက်ခက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဂယက်ရိုက်ခက်မှုတွေဟာ ကလေးတွေအပေါ်မှာ ကူးစက်သွားနိုင်ပါတယ်။

နောက်ဆုံးတာဝန်ကတော့ သင့်လျှော်တဲ့အချိန်မှာ မိဘများရဲ့ အမွေအနှစ်များကို သားသမီးများအား လွှဲပြောင်းပေးခြင်းပါပဲ။

မိဘများဟာ ထိန်းသိမ်းစောင့်ရှောက်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ပြီး ချစ်နေရုံသာမက သားသမီးများရဲ့ အနာဂတ် ပျော်ရွှင်ချမ်းမြေ့စေဖို့လည်း ပြင်ဆင်ထားရပါမယ်။ မိမိတို့ ပင်ပန်းဆင်းရဲစွာ ရှာဖွေပြီး ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ပစ္စည်းဥစ္စာများကို သားသမီးများအား ငြိုငြင်မှုမရှိဘဲ လွှဲပြောင်းပေးရပါမယ်။

ဘာသာတရားရဲ့ ကရုဏာ

ဗုဒ္ဓဘာသာဟာ ကရုဏာတရား ရှေးရှုတဲ့ ဘာသာတရား ဖြစ်ပါတယ်။ မိဘများဟာ သားသမီးများကို လမ်းညွှန်ပြသပေးဖို့လည်း မေ့မနေသင့်ပါဘူး။ မိဘများဟာ သားသမီးများ ကြီးပြင်းလာတဲ့အခါမှာ မြတ်ဗုဒ္ဓဟော်ကြားတော်မူသည့် ဗြဟ္မစိုရ်တရားများကို ကျင့်သုံးသင့်ပါတယ်။ အဲဒီ ဗြဟ္မစိုရ်တရားများကတော့ မေတ္တာ ၊ ကရုဏာ၊ မုဒိတာ နှင့် ဥပေက္ခာ တို့ပဲဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားလေးပါးကို ကောင်းစွာလိုက်နာကျင့်ကြံလို့ရှိရင် မိဘများဟာ သားသမီးများရဲ့နောက်ပိုင်းကာလတွေမှာ လွယ်ကူစွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

မိဘများအတွက် အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရမှာကတော့ ကလေးတစ်ယောက်ကို သင့်လျော်တဲ့ပညာသင်ပေးခြင်းပါပဲ။ ပညာသင်ကြားပေးခြင်းကတော့ လူနဲ့တိရစ္ဆာန် ကွဲပြားသွားစေတဲ့အချက်တစ်ခုပါပဲ။ တိရစ္ဆာန်တစ်ကောင်ဟာ သူ့ရဲ့ရင်သွေးကို ကောင်းမွန်စွာစောင့်ရှောက်သလို လူသားမိဘတစ်ယောက်ဟာလည်း မိမိရဲ့သားသမီးများကို ကောင်းစွာပြုစုမွေးမြူဖို့ တာဝန်ရှိပါတယ်။

စိတ်ကိုယဉ်ကျေးအောင်ပြုလုပ်ရခြင်းဟာ လူတစ်ယောက်အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲလို့ မြတ်စွာဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ မိဘများဟာ သားသမီးများရဲ့စိတ်ပိုင်းဆိုင်ရာကိုတတ်ဖို့ရန်အတွက် တာဝန်ရှိပါတယ်။ လူတစ်ယောက် နိုင်ငံ့သားကောင်း ဖြစ် မဖြစ်ဆိုတာ သူရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံွံ့ဖြိုးတိုးတတ်မှုအပေါ်မှာ မူတည်ပါတယ်။

ကလေးများ လမ်းလျှောက်တတ်ခါစအရွယ် သူတို့လိုချင်တာကို ပြောမပြနိုင်တဲ့အရွယ်မှာ ငိုယိုပြီး စိတ်ဆိုးလေ့ရှိပါတယ်။ မိဘများဟာ ကလေးကို ဗြဟ္မစိုရ်တရားလေးပါးရဲ့ အစဆုံးဖြစ်တဲ့ မေတ္တာတရားနဲ့ ပြုစုစောင့်ရှောက်နိုင်ရပါမယ်။

ကလေးများ နည်းနည်းရင့်ကျက်လာတဲ့ ဆယ်ကျော်သက်အရွယ်မှာ မိဘများဟာ ကရုဏာတရားနဲ့ ဆက်ဆံသင့်ပါတယ်။ ပျိုဖော်ဝင်ချိန် အပျံသင်စအရွယ်ဖြစ်တဲ့ ကလေးများဟာ ထိန်းသိမ်းရ အတော်လေးခက်ခဲပါတယ်။ မြီးကောင်ပေါက်အရွယ်မှာ ကလေးများဟာ ပုန်ကန်လိုစိတ် ဒေါသစိတ်တွေများပြီး မိဘများရဲ့ ဆိုဆုံးမှုများမှာလည်း အချည်းနှီးဖြစ်တတ်ပါတယ်။ ဒါဟာ သဘာဝတရားဖြစ်ပြီးတော့ ကလေးများဟာ တဇွတ်ထိုး လုပ်ချင်ရာ လုပ်ပြီး မိဘများကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်တော့ မရှိပါဘူး။

ကလေးများ အရွယ်မရောက်ခင်မှာ စာမေးပွဲနှင့် အခြားသော အားကစား စတာတွေက အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။ အဲဒီအခါမှာ မိဘများ ကျင့်သုံးရမယ့် ဗြဟ္မစိုရ်တရားကတော့ မုဒိတာ ပါပဲ။

ကလေးများ အရွယ်ရောက်ပြီး ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်အလုပ်နှင့် ဖြစ်နေတဲ့အခါမှာ မိဘများဟာ ဗြဟ္မစိုရ်တရားလေးပါးထဲက နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာတရားကို ကျင့်သုံးရပါမယ်။ ကလေးများရဲ့ အိမ်မှုကိစ္စ စတာတွေမှာ မိဘများက ၀င်ရောက်ပြီးတော့ နှောက်ယှက်မှု မပြုသင့်တော့ပါဘူး။

ဗြဟ္မစိုရ်တရားလေးပါးကို ညီညီမျှမျှ ကျင့်သုံးသွားမယ်ဆိုရင် မိဘများရဲ့ ဘ၀ဆည်းဆာဟာ အေးချမ်းပါလိမ့်မယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ မျိုးဆက်များရဲ့ ရိုသေလေးစားမှုကိုလည်း ရပါလိမ့်မယ်။ ဒီဗြဟ္မစိုရ်တရားလေးပါးကို ကျင့်သုံးတဲ့ မိသားစုဟာ ငြိမ်းချမ်းပျော်ရွှင်မှုအစစ်အမှန်ကို ရနိုင်ပါတယ်။

Duties of parents a Buddhist perspective ကို ဘာသာပြန်ပါသည်။

Read More...