Sunday, December 22, 2013

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်






၁။ 

တစ်နေ့ သူ ပညာဆည်းပူးနေထိုင်ရာ သီရိလင်္ကာနိုင်ငံမှာ သူ့လိုပဲ ခေတ္တလာရောက်နေထိုင်သည့် ကိုရီးယားမှ ဒကာမတစ်ယောက် က သူနှင့် သူ့သူငယ်ချင်းကို Galle Face Hotel သို့ ဆွမ်းစားပင့်ဖိတ်သည်။ ပင်လယ်ကို စောက်သဏ္ဍာန်မျက်နှာမူထားသည့် Galle Face Hotel ကို 1864 ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ခမ်းနားကြီးကျယ်သည့်အပြင် ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်ကြီးဖြစ် သည်ဟုလည်း သိရသည်။  ကြယ်ငါးပွင့် အဆင့်ရှိ မရှိ ဘယ်လိုပေတံနှင့်တိုင်းသလဲဆိုသည်ကိုတော့ သူလည်း အသေအချာမသိပါ။ ဒကာမကို မေးကြည့်တော့ သူလည်း အတိအကျမသိဟုဆို သည်။ နေ့ခင်းဆွမ်းစားချိန်မရောက်သေးတာမို့ သူနှင့် သူ့သူငယ်ချင်းကို ဒကာမက ပင်လယ်ကမ်းစပ် မှာ လေညှင်းခံကာ စောင့်နေပေးဖို့ လျှောက်ထားသည်။ ဒကာမကတော့ သူ တို့နဲ့ မလှမ်းမကမ်းမှာထိုင်ရင်း ပင်လယ်ကြီးကို ငေးကြည့်နေသည်။ လေများတဖြူးဖြူးတိုက်ခက်နေတာမို့ ပင်လယ်ကမ်းစပ် ထိုင်ခုံပေါ်မှာ ထိုင်လိုက်တာနဲ့ စိတ်များလန်းဆန်းလာသည်။ 

ကမ်းစပ်ကို တ၀ုန်းဝုန်းရိုက်ခတ်နေသည့် ပင်လယ်လှိုင်းလုံးကြီးများကိုကြည့်ရင်း မဟာသမုဒ္ဒရာကြီး ကမ်းစပ်ကနေ အတွင်းသို့ အစဉ်အတိုင်း တဖြည်းဖြည်းနက်ရှိုင်းသွားသလို မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးလည်း သရဏဂုံသုံးပါး၊ ငါးပါးသီလမှစ၍ အရဟတ္တမဂ်တိုင်အောင် အစဉ်အတိုင်း နက်ရှိုင်းသွားပုံတို့ကို နှိုင်းယှဉ်ဟောပြထားသည့် အနုပုဗ္ဗသိက္ခာသာသနာအကြောင်း၊ သူ ကိုရင်ငယ်ဘ၀က နေထိုင်ခဲ့ရာ အနုပုဗ္ဗသိက္ခာကျောင်းဆောင်အကြောင်းများ ပြောဖြစ်ကြသည်။ 

၂။  

နေ့လည် ၁၁ နာရီထိုးတော့ ဆွမ်းစားကြသည်။ တကယ်တော့ ရဟန်းတော်များဖြစ်လို့ ဟိုတယ်တွေမှာ ကိုယ်တိုင်မှာပြီး စားသောက် သည့်အလေ့သိပ်မရှိတာမို့ ဘယ်လိုမျိုးအစားအသောက်တွေကို မှာစားရမယ်ဆိုတာ မသိပါဘူး။ ထို့ကြောင့် ဒကာမကိုပင် မှာခိုင်းရ သည်။  သို့နှင့် ဒကာမ မှာပေးသည့် သိုးသားသုပ်၊ ပုဇွန်ဟင်းချို၊ အသားနှပ်စတဲ့ ယခင်က အကျွမ်းတ၀င်မဖြစ်ခဲ့ဖူးသည့် အစားအ စာများကိုသာ ဘုဉ်းပေးလိုက်ရသည်။ သူ စားသောက်လို့မပြီးခင်မှာပဲ သူငယ်ချင်းကစောစောစီးစီး စားလို့ပြီးသွားသည်။ သူငယ် ချင်းက စားလို့ပြီးသွားပေမယ့် သူ့ ပန်းကန်းထဲမှာ ကြက်သွန်အဖတ် ခုလောက်နှင့် အခြားဆွမ်းဟင်းလေးများ နည်နည်း ကျန်နေ သည်။

အဲဒါကို သူ သတိထားမိသလို ဒကာမကလည်း သတိထားမိသည်။ နောက်တော့ ဒကာမက သူငယ်ချင်းကို ထိုဆွမ်းကျန်လေး များကို ကုန်အောင်ဘုဉ်းပေးဖို့ တိုက်တွန်းသည်။ ဒကာမက အဲဒီနည်းနည်းလေးကျန်နေသည့် ဟင်းလေးတွေအတွက်လည်း ပိုက်ဆံပေးရမှာဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ကုန်အောင်ဘုဉ်းပေးသင့်ကြောင်း၊ ကိုးရီးယားမှာဆိုရင် ကိုယ့်ပန်းကန်းထဲ ထည့်ထား တဲ့ ထမင်း ဟင်းကို ငယ်ငယ်လေးကတည်းက ကုန်အောင်စားဖို့ အကျင့်လုပ်ထားကြောင်းစသဖြင့် သူတို့ဓလေ့နှင့် နှိုင်းယှဉ်၍ အစားအသောက် ကုန်အောင်စားသင့်ပုံကို ဆက်ပြီးရှင်းပြသည်။ 


သူကတော့ လောကီလူသားတို့ ကြီးပွားချမ်းသာရေးအတွက် လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်သည့် အာရက္ခသမ္ပဒါတရား ကို မြတ်ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော် ကတည်းကပင် ဟောခဲ့ကြောင်း မြန်မာနိုင်ငံမှာလည်း လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ကျော်ကပင် အာရက္ခသမ္ပဒါတရားကို ရှင်အရဟံ မထေရ်မြတ်က ပုဂံနေပြည်တော်မှစကာ တနိုင်ငံလုံးကို ဟောခဲ့ကြောင်း၊ ထိုအချိန်ကမြန်မာများဟာ အာရက္ခသမ္ပဒါတရားကို လိုက်နာကျင့်သုံးခဲ့ကြ သည်ဟုပြောနိုင်ကြောင်း၊ အာရက္ခသမ္ပဒါတရားကို လိုက်နာ ကျင့်သုံးခဲ့သည့်အချိန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာက မော်ကြည့်ခံခဲ့ရသည့်ရွှေရောင်အတိက်များရှိခဲ့ဖူးကြောင်း၊ သို့သော် ယနေ့ခေတ်မြန်မာ အများစုကတော့ အာရက္ခသမ္ပဒါတရားကို လိုက်နာကျင့်သုံးရကောင်းမှန်း မသိကြတော့ကြောင်း၊ အနည်းစုသာ လိုက်နာကျင့်သုံးကြသည်ဟုဆိုနိုင်ကြောင်း၊ လောကီကြီးပွားရေးနှင့်ပတ်သက်သည့် အာရက္ခသမ္ပဒါတရားကို အနည်း စုသာလိုက်နာကျင့်သုံးနေရုံလေးနှင့် အလုပ်မဖြစ်ကြောင်း၊ သူတို့ သာမဏေဘောင်ဝင်စ ကိုရင်ငယ်လေးဘ၀ကနေ ယနေ့အချိန် အထိ သင်အံလေ့ကျက် ကျင့်သုံးခဲ့ရတဲ့ “သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဖိဿာမီတိ သိက္ခာကရဏီယာ ဆွမ်းကို ရိုသေစွာစားရမည်” ဆိုတဲ့ သိက္ခာပုဒ်အကြောင်း၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဦးရာဇဓမ္မာဘိဝံသ ကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် လွန်စွာ စေတနာထားကြသည့် ဆရာတော်အချို့ဟာ မိမိသပိတ်ထဲ ကဆွမ်းကို ကုန်အောင်စားကြဖို့၊ ဆွမ်းတစ်စေ့ရဲ့တန်ဖိုးကို နားလည်ဖို့၊ စားကြွင်းစားကျန်များမကျန်စေဖို့ ယနေ့အချိန်အထိ တိုက်တွန်းလေ့ရှိ ကြောင်း၊ မြန်မာနိုင်ငံသားအနည်းစုသာ စားကြွင်းစားကျန်ကဲ့သို့သော အလေအလွင့်ကိစ္စကို အလေးထားကြကြောင်းနဲ့ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်…” ဆိုသော သူငယ်တန်းဖတ်စာ အကြောင်းတို့ကို ပြန်ပြောပြဖြစ်သည်။ 

၃။   
                                                                                                     
ထို့နောက် ဒကာမ ဆက်ပြောသည့် ကိုရီးယားအလုပ်ရှင်တွေ အလုပ်သမားရွေးချယ်ပုံအကြောင်းကြား ရတော့ အံ့သြမိသည်။ ကိုရီးယားတွေ တိုးတက်တာ ဒါကြောင့်ကိုးဟု ကောက်ချက်ချဖြစ်သည်။ ဒကာမ၏ ပြောပြချက်အရ ကိုးရီးယားလုပ်ငန်းရှင်များ အလုပ်သမားရွေးချယ်လျှင် အဆင့်သုံးဆင့်ဖြင့် ရွေးချယ်ကြသည်။ ပထမအဆင့်အနေဖြင့် လျှောက်လွှာတင်သည့် အ တိုင်း လျှောက်လွှာတင်သူ၏ ပညာအရည်အချင်း၊ နေရပ်လိပ်စာ စသည် ဟုတ်/မဟုတ် မှန်/မမှန် စစ်ဆေးခြင်း ဖြစ်သည်။ ထိုအဆင့်အောင်မြင်လျှင် ဒုတိယအဆင့်ဖြစ်သည့် အင်တာဗျူးခြင်း ဖြစ်သည်။ အင်တာဗျူးမေးခွန်းအားလုံးဖြေနိုင်လျှင် ပုံမှန် အားဖြင့် စာမေးပွဲအောင်ပြီး အလုပ်ရပြီဟု ပြောနိုင်သည်။ သို့သော် အလုပ်ရှင်များအတွက်တော့ နောက်ထပ် စမ်းသပ်ရန် အဆင့်တဆင့်ကျန်သေးသည်ဟု သတ်မှတ်ထားသည်ဟု ဆိုသည်။ ထိုအဆင့်ကို တရားဝင်သတ်မှတ်ပြဌာန်းထားခြင်းမဟုတ်ဘဲ အင်တာဗျူးအောင်မြင်ပြီးသူများကိုလည်း ထိုအဆင့်ရှိမှန်းမသိအောင် လျို့ဝှက်ထားသည်ဟု ဆိုသည်။ 

သို့သော် ထို့အဆင့်မှာ ရိုးရိုးကလေးသာ ဖြစ်သည်။ နောက်ဆုံးကျန်သောအဆင့်ကို စမ်းသပ်ရန်အတွက် အလုပ်ရှင်သည် အင်တာ ဗျူးအောင်မြင်ပြီးသူများကို ဘူဖေးစားသောက်ဆိုင် တစ်ဆိုင်ဆိုင်သို့ခေါ်သွားပြီး နေ့လည်စာကျွေးခြင်းပင် ဖြစ်သည်။ စားသောက် ဆိုင်တွင် မိမိနှစ်သက်ရာကို စိတ်ကြိုက်မှာယူစားသောက်စေသည်။ ဘူးဖေးစားသောက်ဆိုင်ဆိုသည်မှာ မိမိစားချင်သည့်အစား အသောက်များကို ကိုယ်တိုင်ယူကာ စားသောက်ရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မိမိပန်းကန်ထဲယူထားပြီးသမျှ အစားအစာများ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ၊ ကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ ကျသင့်ငွေ ရှင်းပေးရမည်သာ ဖြစ်သည်။ အလုပ်ရှင် လည်း အင်တာဗျူးအောင်မြင်ပြီးသွားသူများနှင့် အတူတကွထိုင်ကာ စိတ်ကြိုက်မှာယူကာ စားသောက်သည်။ ထိုသို့ အတူတကွ စားသောက်ရင်း အင်တာဗျူးအောင်မြင်သူများ သူတို့ကိုယ်တိုင်ယူထားသည့် အစားအသောက်များ ကုန်အောင်စား/မစား အလုပ်ရှင် က မသိမသာ အကဲခတ်နေသည်ဟုဆိုသည်။ အကယ်၍ ပန်းကန်ထဲမှာ အစားအစာများ ကျန်နေပါက ထိုသူ့ကို အလုပ်မခန့်တော့ ဟု သိရသည်။ 

အကြောင်းပြချက်ကတော့ရှင်းသည်။ မိမိနှစ်သက်လို့ မိမိကိုယ်တိုင် စိတ်ကြိုက်မှာယူစားသောက်သည့် အစားအသောက်တိုင်းသည် ပိုက်ဆံနှင့်ပေးဝယ်ရသော အရာများသာဖြစ်သည်။ ထိုသို့ ပိုက်ဆံနှင့်ပေးဝယ်ရသော အရာများကို တန်ဖိုးထားရမည်ဖြစ်သည်။ မိမိကြိုက်နှစ်သက်၍ ပိုက်ဆံနှင့်ပေးဝယ်ကာ စားရသော အစားအစာများကို တန်ဖိုးမထားသောသူများသည် ကုမ္ပဏီတွင် အလုပ်ခန့် ထားပါက ကိုယ်ပိုင်မဟုတ်သည့် အသေးအဖွဲပစ္စည်းများကိုလည်း တန်ဖိုးထားမည် မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်ဟု ကိုးရီးယားဒကာမက ပြောပြသည်။ သူငယ်ချင်းကတော့ သူသာဆိုရင် ကိုးရီးယားမှာ အလုပ်ရမှာ မဟုတ်ဘူး ဟု နောက်ပြောင် ပြောနေသေးသည်။ 

၎။ 

ထိုသို့ ဒကာမက ကိုးရီးယားအလုပ်ရှင်များ အလုပ်သမားရွေးချယ်ပုံအကြောင်းပြောပြတော့ သူနေထိုင်ရာ၊ သီရိလင်္ကာနိုင်ငံရှိ ဆင်ဟာလလူမျိုးများ၏ ဆွမ်းကပ်ပွဲကို သတိရဖြစ်သွားသည်။ ဆင်ဟာလလူမျိုးများ ဆွမ်းကပ်လျှင် မြန်မာနိုင်ငံကဲ့သို့ စားပွဲဝိုင်းမှာ ဆွမ်းထမင်းဟင်းများအပြည့်အစုံထည့်၍့ ကပ်ခြင်းမျိုး မဟုတ်ဘဲ ဘူးဖေးစားသောက်ဆိုင်စနစ်နှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။ ပထမ တန်းစီထိုင်နေကြသော ဘုန်းတော်ကြီးများကို လက်ဆေးပန်းကန်နှင့် ဆွမ်းပန်းကန်များ ကပ်ထားသည်။ ဘုန်းတော်ကြီးများ လက်ဆေးပြီးလျှင် ဆွမ်းပန်းကန်ထဲ ဆွမ်းများလိုက်ထည့်သည်။ များသောအားဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆွမ်းသုံးမျိုးကပ်လေ့ရှိ သည်။ ထိုသုံးမျိုးမှာ ဆွမ်းကြော်၊ ဆွမ်းအဖြူနှင့် သီရိလင်္ကာနိုင်ငံထွက် လုံးတီးဆန်များကို ချက်ထားသည့် ဆွမ်းအနီတို့ဖြစ်သည်။  

မိမိနှစ်သက်သည့်ဆွမ်းကို လက်ခံပြီး မနှစ်သက်သည့်ဆွမ်းများ လာထည့်ပါက လက်ကာပြလိုက်ရုံသာဖြစ်သည်။ ဘုန်းတော်ကြီး များက လက်ကာပြလိုက်လျှင် အလှူရှင်ဒကာ ဒကာမများက နောက်တစ်ပါးသို့ ကျော်သွားလေ့ရှိသည်။ ဆွမ်းဟင်းများကပ်သော အခါတွင်လည်း ဆွမ်းကပ်သလိုပင်ဖြစ်သည်။ ဆွမ်းဟင်းအမယ်များမှာ ဆယ်မျိုးခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ဆွမ်းဟင်းအများစုမှာ သီရိလင်္ကာနိုင်ငံ၏ ရိုးရာဓလေ့အတိုင်း အုန်းသီးနှင့် ချက်ထားသည့် ဟင်းများသာ ဖြစ်သည်။ ထိုဟင်းအမယ်များ တစ်မျိုးပြီး တစ်မျိုး လာရောက် ထည့်ပေးသည်။ ဘုန်းတော်ကြီးများက မိမိနှစ်သက်သောဟင်းများကို လက်ခံပြီး မနှစ်သက်သော ဟင်းများကို လက်ကာပြလိုက်ရုံသာဖြစ်သည်။ 

ထိုစနစ်ကို သူ အတော်သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် မိမိစားချင်သမျှကို မိမိဘာသာချင့်ချိန်ကာ စားသောက်နိုင်သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိပန်းကန်ထဲတွင် မိမိစားသောက်၍ ကုန်နိုင်သလောက်သာ လက်ခံ၍ရ သည်။ မိမိစား၍ မကုန်နိုင်လောက်လျှင် အားနာစရာမလို လက်ကာပြလိုက်ရုံသာဖြစ်သည်။ ထိုသို့လက်ကာပြလိုက် သည်နှင့် ဒကာ ဒကာမများကလည်း ဆက်လက်ပြီး မထည့်တော့ပေ။ သို့အတွက်ကြောင့် စားကြွင်းစားကျန်များ မရှိနိုင်တော့ပေ။ စားကြွင်းစား ကျန်ဆိုသည်မှာ ယေဘုယျအားဖြင့် စွန့်ပစ်ဖို့ သို့မဟုတ် ခွေးကျွေးဖို့မှတပါး အခြားနေရာများတွင် အသုံးမ၀င်ပေ။ ပိုလျှံထမင်းဟင်း များ စွန့်ပစ်ခြင်းကို သာမာန်စဉ်းစားကြည့်မည်ဆိုလျှင် မလေးနက်လှသော်လည်း အလေးအနက်စဉ်းစားကြည့်မည် ဆိုပါက ထိုကဲ့ သို့  စွန့်ပစ်ရခြင်းသည် နိုင်ငံ၏လုပ်အားများကို အလဟဿဖြုန်းတီးခြင်းဟုပင်ဆိုနိုင်သည်။  

၅။ 

မြတ်ဗုဒ္ဓ၏ တပည့်သားများဖြစ်သော မိမိတို့ ဘုန်းတော်ကြီးများသည် မိမိတို့ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ မကျန်အောင် ဂရုစိုက်သင့်သည်ဟု သူတော့ ယူဆသည်။ သူ ပညာရင်နို့သောက်စို့ခဲ့ရာစာသင်တိုက်မှ ပဓာနနာယကဆရာတော်သည် မိမိသပိတ် ထဲက ဆွမ်းကို ကုန်အောင်စားဖို့ရန်နှင့် ဆွမ်းလုံးများ စားပွဲပေါ်တွင် မကျစေရန် အမြဲတမ်း သတိပေးတော်မူသည်။ သူ မိခင်စာသင် တိုက်မှထွက်ခွါခွဲသည့်တိုင် မိမိစားမည့်ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ မကျန်အောင် ဂရုစိုက်ဖြစ်သည်။ မြန်မာနိုင်ငံမှာ ဆွမ်းစားသွားဖြစ်သည့်အခါတိုင်းလည်း ဆွမ်း ဆွမ်းဟင်းများ အဆက်မပျက်လာထည့်ပေးနေသည့် ဒကာ  ဒကာမများကို လိုတာ ထက်ပိုထည့်လာလျှင် အားမနာတမ်းငြင်းပယ်ဖြစ်သည်။ 

မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ဆန်တစ်စေ့၏တန်ဖိုးကို သူ၏တပည့်သားသံဃာများ အလေးထားရန်အတွက် ဧကမေကံ သိတ္ထံ ကမ္မ သတေန နိဌာယတိ ဆန်တစ်စေ့ရဖို့ရန်အတွက် အမှုကိစ္စများစွာအလုပ်လုပ်ရသည်”ဟု စူဠ၀ါပါဠိတော် (၀ိ၊၄၊၂၇၃) တွင် မိန့်တော်မူ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒကာ ဒကာမများ အမှုကိစ္စများစွာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်မှ ရလာနိုင်သည့်ဆွမ်းများကို ဘုန်းတော်ကြီးများက ပို၍ပင် အလေးထားသင့်သည်ဟု သူ ကတော့ လက်ခံသည်။ သို့သော် သူ သတိထားမိသလောက် ဘုန်းတော်ကြီးအများစုသည် စားကြွင်းစားကျန်ကိစ္စကို အလေးမထားကြဟု ထင်သည်။ မြန်မာနိုင်ငံ ဆွမ်းစားကြွသောအခါများ တွင်လည်း ဘုန်းတော်ကြီးများ၏ ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ အမြဲတမ်းလိုလိုတွေ့ရသည်။  သီရိလင်္ကာနိုင်ငံတွင် ပို၍ ပင် တွေ့ရသည်။

၆။

ကထိန်ရာသီအစတွင် သီရိလင်္ကာကျောင်းတစ်ကျောင်းက ကထိန်ပင့်သည့်အတွက် သူ တို့ မြန်မာရဟန်းတော် ၁၂ ပါး ကထိန်သွား ကြသည်။ ထိုနေ့က သူနှင့်အတူ မြန်မာရဟန်းတော်တစ်ပါး အတူတူထိုင်ရသည်။ သူတို့ဘေးတွင် သီရိလင်္ကာရဟန်းတော်များ ထိုင်ကြသည်။ ဆွမ်းကပ်ချိန်ရောက်သည့် အခါ သီရိလင်္ကာနိုင်ငံထုံးစံအတိုင်းပင် ဆွမ်းများနှင့် ဆွမ်းဟင်းများကို ဒကာ ဒကာများက စီတန်းကာ လိုက်ထည့်ပေးကြသည်။ သူ က ကုန်နိုင်သလောက်သာလက်ခံပြီး အခြားဆွမ်း ဆွမ်းဟင်းများလာထည့် တိုင်း လက်ကာပြကာ ငြင်းလိုက်သည်။ 

သူ့ အနီးတွင်ထိုင်သော မြန်မာရဟန်းတော်က “အရှင်ဘုရားလက်ခံလိုက်ပါ၊ အခုလာထည့်တဲ့ ဟင်းက မြန်မာပါးစပ်နဲ့ ဘုန်းပေး လို့ဖြစ်ပါတယ်”ဟု တိုးတိုးလေးအသိပေးသည်။ “တပည့်တော် အဲဒီဟင်းတွေကိုလက်ခံလိုက်ရင် စားလို့ကုန်မှာမဟုတ်ဘူး၊ စားလို့မ ကုန်ရင် အလဟဿဖြစ်တယ်၊ အပိုတွေကုန်တယ် အဲဒါကြောင့် လက်မခံတာ”ဟု သူက ပြောလိုက်သည်။ ဘုန်းတော်ကြီးများဆွမ်း စားပြီးသည့်အခါ ထုံးစံအတိုင်းပင်။ သူ့ ကို ဆွမ်း ဆွမ်းဟင်းများလက်ခံရန် တိုက်တွန်းသည့် မြန်မာ ရဟန်းတော်၏ ပန်းကန်နှင့် ဆင်ဟာလဘုန်းတော်ကြီးများ၏ ပန်းကန်များထဲတွင် စားကြွင်းစားကျန်များ မြင်မကောင်းအောင် ကျန်နေသည်။ 

သူ့အနီးတွင်ထိုင်နေသည့် မြန်မာရဟန်းတော်အား သူတို့ပန်းကန်ထဲမှာ ကျန်နေသည့် ဆွမ်းများကို ညွှန်ပြလိုက်ပြီး စာရေးသူက “ဒကာ ဒကာမများကပ်သည့် ဆွမ်း ဆွမ်းဟင်းများသည် နိုင်ငံ ဘဏ္ဍာများဖြစ်ကြောင်း၊  ဆွမ်း ဆွမ်းဟင်းများကို မိမိကုန်နိုင်ရုံသာ လက်ခံပြီးမစားဘဲအတိုင်းအရှည်မသိလက်ခံကာ ကုန်အောင်မစားခြင်းသည်  နိုင်ငံဘဏ္ဍာ ကို ဖြုန်းတီးခြင်းတစ်မျိုး ပင်ဖြစ်ကြောင်း၊  ဘာသာရေးခေါင်းဆောင်များဖြစ်သည့် မိမိတို့ဘုန်းကြီးများ ကိုယ်တိုင် စားကြွင်းစားကျန်ကဲ့သို့ အသေးအဖွဲကိစ္စ များကို သတိထားသင့်ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ထုတ်ပြန်သည့်စာရင်းအရ အာရှနိုင်ငံများမှာ စပါးအတင်း (၁၀၀) ထွက်ရင် (၃၆) တင်းက အလဟဿဖြစ်သည်ဆိုသည့်အကြောင်းနှင့် လူတွေက စားကြွင်းစာကျန်လို အသေး အဖွဲ့ကိစ္စလေးတွေကို သတိမထားလို့ (၃၆) တင်းမကလို့ အတင်း (၁၀၀) လုံးအလဟဿဖြစ်ဖြစ် အရေးမကြီး၊ အရေးကြီးသည်မှာ တပည့်တော်တို့လိုဘုန်းကြီးတွေကြောင့် စားကြွင်းစားကျန်ကအစ အလဟဿဖြစ်မသွားစေရန်ပင်ဖြစ်ကြောင်း”  ပြောပြရင်း ဆွမ်း ဟင်းများ မကျန်အောင်ဂရုစိုက်ဖို့ စည်းရုံးကြည့်သည်။  

ထိုအရှင်ကလည်း သူ ပြောတာကို လက်ခံသည်ဟု ဆိုကာ သူ့ပန်းကန်ထဲမှ စားကြွင်းစားကျန်များ ကို တွေတွေကြီး စိုက်ကြည့်နေပါသည်။  သို့သော် သူ၏ စည်းရုံးရေးစကားများ မအောင်မြင်ပါ။ အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့တွင် လည်း သူ တိုက်တွန်းသည့်မြန်မာရဟန်းတော်၏ ပန်းကန်ထဲတွင် စားကြွင်းစားကျန်များ ထပ်ပြီးတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။ 

၇။ 

ဆွမ်းစားပြီး Galle Face Hotel ဟိုတယ်က ပြန်လာခဲ့ကြသည်။ စနေနေ့မို့ထင်သည်။ လမ်းပေါ်တွင် ကားများရှင်းနေသည်။ စင်္ကာပူ ကို အမီလိုက်ဖို့ ကြွေးကြော်ကာ လမ်းများကို ဦးစားပေးပြီး ပြင်နေသည့် သီရိလင်္ကာနိုင်ငံဟာ သူ့ရှေ့မှာပဲ တရိပ်ရိပ် တိုးတက်လာ သည့်အကြောင်း နိုင်ငံတကာအဆင့်မီလှသည့် အဝေးပြေးကားလမ်းမကြီးကိုကြည့်ကာ သူငယ်ချင်းက ပြောသည်။  “ကျန်နေခဲ့တာ က ငါတို့မြန်မာနိုင်ငံပဲကွ” ဟု ပြောရင်း သုံးဘီးကားပေါ်ကနေ အဝေးပြေးလမ်းမကြီးပေါ် ကွမ်းတံတွေး များ ထွေးချလိုက်သည့် သူငယ်ချင်းကိုတော့ သူက ငေးကြည့်နေမိသည်။…..

Read More...